spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း တိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်မှုး ၂ ဦးအပါအဝင် ၄၀ ကျော် သေဆုံး၊ တပ်သား ၁၁ ဦးထွက်ပြေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ပြင်းထန်နေတဲ့ တိုက်ပွဲ ၅ ရက် အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှုးအဆင့်ရှိသူ နှစ်ဦး အပါအဝင် ၄၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စကစ စစ်ကြောင်းမှူးတွေ သေဆုံးခဲ့ပြီး တပ်သားတွေ တကွဲတပြားဖြစ်ကာ ထွက်ပြေးနေသူတွေလည်း ရှိတဲ့အတွက် ၃ ဦးကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) မှ ဖမ်းဆီးရမိထားပြီး ကျန် ၈ ဦးကိုတော့ ရှာဖွေနေဆဲဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF )၊ ဗျုဟာ ( ၆) ၊ ဗျူဟာမှူး ခူးရီးဒူ က ပြောပါတယ်။

“သူတို့ဆီက ရထားတဲ့ ပစ္စည်းတွေအရဆိုရင် ဗိုလ်မှူးအဆင့်ပါတယ်။ နှစ်ယောက် သေတယ်။ အဲ့လို သိရတယ်။ ထွက်ပြေးသွားတာ ၁၁ ယောက်ရှိတယ်။ ၃ ယောက်တော့ ဖမ်းမိထားတယ်။ ကျန်တဲ့သူတွေကိုတော့ ရှာဖွေနေဆဲပဲ။” လို့ ဗျူဟာမှုး ခူးရီးဒူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ပူးပေါင်းတပ်ဖွဲ့ဖက်မှ လက်နက်ခဲယမ်းတွေ အမြောက်အများ သိမ်းဆည်းရမိခဲ့တာလည်း ရှိပါတယ်။ ဧပြီ လ ၁၆ ရက်နေ့ကနေစပြီး ၂၀ ရက်နေ့အထိ ၅ ရက်အတွင်း ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်တွေကို အသုံးပြု ပစ်ခတ်တာကိုလည်း နေ့စဉ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ အသွားအလာ မလုပ်ကြဖို့နဲ့ ဒေါတမကြီး – ဒေါညေးလမ်းတစ်ကျောကို အသုံးပြုခြင်း လုံးဝမပြုလုပ်ကြဖို့ကို ဗျူဟာမှုး ခူးရီးဒူ က တိုက်တွန်းပြောဆိုထားပါတယ်။

“တိုက်ပွဲက ပြင်းထန်နေတယ်။ ဒေသခံတွေနေအနေနဲ့ အရေးမကြီးပဲ သွားလာတာ မလုပ်ကြဖို့ ပြောချင်တယ်။ အထူးသဖြင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကိုပေါ့။ ဒေါတမကြီး – ဒေါညေးခူ ဖက်က လမ်းကိုတော့ လုံးဝအသုံးမပြုပါနဲ့ပေါ့နော။” လို့ ဗျူဟာမှုး ခူးရီးဒူ က ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက တိုက်ပွဲအတွင်းမှာတော့ ကရင်နီတပ်မတော် KA မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းအတွင်း ထိတွေ့တိုက်ပွဲတွေမှာ ကရင်နီတပ်မတော် (KA)၊ KNDF တပ်ရင်း ၁၀၊ တပ်ရင်း ၁၅၊ တပ်ရင်း ၄၊တပ်ရင်း ၁၆၊ တပ်ရင်း ၁၊ တပ်ရင်း၅ ၊ တပ်ရင်း၆၊ တပ်ရင်း ၇၊ နဲ့ KNDF ရဲ့ ဖောက်ခွဲရေးနဲ့ နည်းပညာ တပ်ဖွဲ့ (ဒရုန်း တပ်ဖွဲ့) အပြင် Loikaw PDF (ဒရုန်းတပ်ဖွဲ့ ) တို့ ပူးပေါင်းတိုက်ခိုက်နေကြတာ ဖြစ်တယ်လို့ KNDF ရဲ့ ယနေ့ ဧပြီလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းအပြင် ဧပြီလ (၁၉) ရက်နေ့ နေ့လည်ပိုင်း အချိန်မှာလည်း ဘောလခဲ နဲ့ ဒေါညေးခူ ကြားမှာ စစ်ကောင်စီတပ်ရဲ့ ခလရ (၈၀) တပ်ဖွဲ့များ နဲ့ KA ၊ KNDF/B21 ၊ ဘောလခဲ PDF ပူးပေါင်းတပ်များအကြား တစ်နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၈)ဦး သေဆုံးကာ တစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါ့အပြင် ဧပြီလ (၁၄) ရက်နေ့မှာလည်း လွိုင်ကော် – မိုးဗြဲလမ်းမကြီး ပေါ်ရှိ ဆောင်ကန်းကျေးရွာ လမ်းဆုံမှာ သကြန်ရေထွက်ပက်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့များကို KNDF/B03 မှ အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး သေဆုံးခဲ့ပြီး၊ ဧပြီ (၁၅) ရက်နေ့မှာလည်း မိုးဗြဲမြို့အဝင် တွင် ရေပက်ကစား နေတဲ့ စစ်ကောင်စီတပ်ဖွဲ့များကိုပါ ထပ်မံတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေနေအား အတည်ပြုနိုင်ခြင်း မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်အတွင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ ပင်လောင်းမြို့နယ်များအကြားမှာ ပြီးခဲ့တဲ့ မတ်လကနေစပြီး ယနေ့အချိန်ထိ စစ်ကောင်စီတပ်ကနေ စစ်ကြောင်းတွေ ထိုးနေသေးတဲ့အတွက် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေပြီး ရက်ရှည်တိုက်ပွဲများ ဖြစ်ပွားနေသလို ရလဒ်ကောင်းများ ပိုမိုဖော်ဆောင်နိုင်ဖို့အတွက် ထောက်ပံ့ကူညီမှုများ ဆက်လက်ပြုလုပ်ပေးကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ချက်မှာ တိုက်တွန်းတောင်းဆိုထားပါတယ်။

spot_img
spot_img

Recent posts