spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်လူထုများ ကိုယ်ထူကိုယ်ထ လမ်းခင်းနေ၊ အကူအညီများ လိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာက လူထုများ ကိုယ်ထူကိုယ်ထ ကျောက်ခင်းလမ်း ပြုလုပ်နေပြီး အကူအညီများ လိုအပ်နေတယ်လို့ လမ်းခင်းဖို့ ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဒီလမ်းကျတော့ မိုးရာသီမှာဆို အဆင်မပြေဘူးလေ။ ဆိုင်ကယ်စီးရတာလည်း အဆင်မပြေဘူး။ ကားမောင်းရတာလည်း အဆင်မပြေဘူး။ တချို့ကားခါကျတော့ သူတို့ မတက်နိုင်တော့ ရွာခံတွေကော၊ စစ်ရှောင်တွေကော လိုက်တွန်းကူရတဲ့အခြေအနေမှာ ရှိတယ်ပေါ့နော။ လမ်းလျှောက်ရင်လည်း ကျောင်းသွားတက်ရမှာကျတော့ ကလေးတွေလည်း ၅ မိနစ်နဲ့ ရောက်ရမဲ့လမ်းကို ၁၅ မိနစ်ဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော။ အဲ့လိုဖြစ်သွားတယ်။” လို့ ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်နေပြီး ဒန်ဘာကားနဲ့ တစ်စီးကို ၇ သောင်းကျပ် စျေးရှိတဲ့ သဲ အစီး ၂၀ ခန့် အသုံးပြုပြီးဖြစ်ကာ သုံးပုံတစ်ပုံခန့် ပြီးစီးနေပြီဖြစ်ပြီး အစီး ၆၀ ဝန်းကျင် လိုအပ်နေသေးတယ်လို့ သိရပါတယ်။ ကျောက်ကိုတော့ ကျေးရွာအနီးအနားတစ်ဝိုက်က တောင်ပေါ်မှာ ရှိတာတွေကို စစ်ရှောင်တွေက ထုတ်လုပ် အသုံးပြုနေကြတယ်လို့ ပြောပါတယ်။

လမ်းခင်းဖို့ လိုအပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ ပေါက်ပြား၊ ဂေါ်ပြား တွေလည်း အလုံအလောက်မရှိတာကြောင့် တစ်နေ့ကို အယောက် ၂၀ နဲ့ အလှည့်ကျ ခင်းနေရတဲ့အပြင် အယောက် ၂၀ ထဲမှာလည်း တစ်ယောက်တစ်လှည့်သာ လုပ်နေရတဲ့အတွက် အချိန်ပိုကြာတယ်လို့ သိရပါတယ်။

“လမ်းနဲ့ပတ်သက်ခါကျတော့ ကိုယ်က အလှူခံလို့ရှိရင် ဒီအချိန်မှာ စားဝတ်နေရေးနဲ့ ပတ်သက်ပြီးတော့ အလှူခံရင်တောင်မှ တော်တော်လေး ရှားပါးနေတဲ့အချိန်ပေါ့နော။ လမ်းက အရေးကြီးလို့လား၊ သွားနိုင်ရင် ရပြီပေါ့။ လမ်းဆိုးရင်လည်း သွားပေါ့၊ ခံပေါ့၊ အဲ့လိုမျိုးပေါ့နော။ အဲ့လောက်နဲ့ ဘာဖြစ်မှာမို့လို့လဲ ပြောမှာပဲလေ အဲ့ကြောင့်မို့ အဲ့လိုမျိုး အဆင်ပြေနိုင်မဲ့သူနဲ့ လမ်းနဲ့ ပတ်သက်ပြီး ကုသိုလ်ကောင်းမှု လုပ်ချင်တဲ့လူနဲ့ အဲ့လိုပဲ ချိတ်ဆက်လိုက်တာပေါ့။” လို့ ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိ စစ်ရှောင်လူထုတွေ ခင်းနေတဲ့ လမ်းဟာ ဒေါရောက်ခူကျေးရွာကနေ ဟန်လီ၊ ပရူးခေါ ကျေးရွာကို သွားတဲ့ မြေသားလမ်းဖြစ်ပြီး စစ်ရှောင်ပြည်သူ ၆၀၀ ကျော် သွားလာအသုံးပြုတဲ့ လမ်းလည်း ဖြစ်ပါတယ်။

မြေသားလမ်းဖြစ်တာကြောင့် မိုးရာသီရောက်ရင် ဆိုင်ကယ်၊ ကား အပြင် ခြေလျင်နဲ့ ကျောင်းသွားရတဲ့ စစ်ရှောင်ကလေးငယ်တွေ သွားလာဖို့အတွက် အခက်အခဲရှိတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts