ဒီးမော့ဆိုမြို့အဝင်ရဲ့ ပြောင်းဖူးပူပူလေး

0
1074

စေးရှာဖော

သက်ကယ်နဲ့မိုးထားတဲ့ တဲအိမ်လေးအောက် မီးဖိုပေါ်မှာ ပြုတ်ထားတဲ့ သကြားပြောင်းဖူးဝါလေးတွေကို အဖွားက ပြောင်းဖူးအိုးကိုကြည့်လိုက် ဝယ်သူတွေကိုရောင်းလိုက်နဲ့ အဖွားတစ်ယောက် အလုပ်ရှုပ်နေပါတယ်။ အဖွားရဲ့ ပြောင်းဖူးရောင်းတဲ့နေရာကတော့ ဒီးမောဆို-လွိုင်ကော် လမ်းမကြီးဘေးမှာရှိပြီး ဒီးမောဆို အဝင် ဆိုင်းပုဒ်ရှေ့နားလေးမှာ ရှိတာဖြစ်ပါတယ်။

တဲအိမ်လေးတစ်လုံးနဲ့ ပြောင်းဖူးပြုတ်ရောင်းနေတဲ့ အဖွားကတော့ အသက် ၇၀ ဝန်းကျင် ရှိပြီဖြစ်တဲ့ အဖွား ဒေါ်မာရိယာ နုနုရဲ့ ပြောင်းဖူးပြုတ်ဆိုင်ပဲဖြစ်ပါတယ်။ သူ့ရဲ့ ပြောင်းဖူးပြုတ်ကို ရောင်းလာတာ ၅ နှစ်ဝန်းကျင်ရှိပါပြီ။ ပြောင်းဖူးပြုတ်ကို သုံးလုံး တစ်ထောင်နဲ့ ရောင်းနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြောင်းဖူးပြုတ်ရောင်းတဲ့ တဲအိမ်နောက်က ပျဉ်ထောင်အိမ်မှာ နေနေတာဖြစ်ပါတယ်။ ပျဉ်ထောင်အိမ်က ကယန်းပြည်သစ်ပါတီ ပေးနေတာဖြစ်တယ်လို့ အဖွားကပြောပြပါတယ်။ အဖွားမှာ ခင်ပွန်း၊ သား၊ ချွေးမ၊ နဲ့မြေးလေး၂ယောက်ရှိပြီး မိသားစု ခြောက်ယောက်ရှိပါတယ်။

လက်ရှိမှာ ပြောင်းဖူးပြုတ်ရောင်းနေတဲ့ အဖွားဒေါ်မာရီယာနုနုကတော့ ကိုယ်ပိုင် ခြံ အိမ် မရှိသေးလို့ သူ့ရဲ့ ရည်မှန်းချက်ကတော့ ကိုယ်ပိုင် ခြံ အိမ် လိုချင်တယ်လို့ ပြောပါတယ်၊၊

အဖွားဒေါ်မာရိယာနုနုမိသားစုတို့ရဲ့ ဇာတိလေးကတော့ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်မှာ နေထိုင်တာဖြစ်ပါတယ်၊၊ ကယားပြည်နယ်ကိုပြောင်းရွေ့လာတာ၂၀၀၁ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ၊
အမျိုးသားဖြစ်သူမှာ အရင်တုန်းက သင်္ဘောမောင်းတဲ့ အလုပ်လုပ်ပြီး သင်္ဘောသားအလုပ်နားလိုက်တဲ့အတွက် ဒီကယားဘက်ကို ပြောင်းလာလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ မွေးရပ်မြေကို ပြန်ချင်ပေမယ့် မပြန်နိုင်တော့ဘူးလို့ ဆိုပါတယ်။

“ ပြန်ချင်တာက အရမ်းပြန်ချင်တာပေါ့။ ဆွေမျိုးတွေရှိတယ်ကော။ နောက်တူတွေတူမတွေ အများကြီးရှိသေးတယ်။ အဒေါ်တွေညီမဝမ်းကွဲတွေ ဇာတိမြေဆိုတော့သိတဲ့အတိုင်းပဲလေ။ အမျိုးတွေကကျန်ခဲ့လေ။ အဘွားပြန်ချင်တာပေါ့။ ဒါပေမယ့်အဘွားမပြန်ဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကားလဲမစီးနိုင်တော့ဘူးလေ။ ဟိုတုန်းကဆိုရင်တော့ ရထားလမ်းပေါက်နေတဲ့အချိန်ခါကျတော့ တစ်ခေါက်လောက်တော့ပြန်ဖြစ်သေးတယ်။ တစ်ခေါက်ပဲပြန်ရောက်သေးတယ်။ ”

ကယားပြည်နယ်ကိုရောက်ရှိတာ နှစ်၂၀ကျော်လောက် ရှိပြီး ပြောင်းဖူးဆိုင်လေးကိုဖွင့်တာ ၅နှစ်လောက်ရှိပြီဖြစ်ပါတယ်။

ပြောင်းဖူးပြုတ်ဆိုင်မဖွင့်ခင်ကဆိုရင် စီးပွားရေးမလုပ်တတ်သေးတော့ အဖွား ဒေါ်မာရိယာနုနုရဲ့ သားနဲ့ချွေးမက ကောက်စိုက်တဲ့အချိန်တွေမှာဆို ကောက်စိုက် အငှားလိုက်ပြီး လမ်းလုပ်တဲ့အချိန်တွေမှာဆို လမ်းလုပ်အငှားလိုက်တယ်လို့ဆိုပါတယ်။

လက်ရှိကာလမှာလည်း ကိုဗစ်ကပ်ရောဂါကြောင့် လမ်းဘေးစျေးသည်တွေ အလုပ်သမားတွေ အခြေခံလူတန်းစားတစ်ချို့အတွက် စားဝတ်နေရေးအခက်အခဲ ရှိနေတာဖြစ်ပါတယ်၊၊

အဖွား ဒေါ်မာရိယာနုနုကလည်း မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါစဖြစ်ပွားတဲ့အချိန်မှာ ပြောင်းဖူးဆိုင်လေးကို တစ်လကျော်ကျော်လောက် ပိတ်ထားလိုက်ရပါတယ်။

ကိုဗစ်ဖြစ်ပွားမှုကြောင့် ဈေးဝယ်သူတွေ နည်းလာတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာကို အခုလိုပြောပါတယ်၊၊

“ကွာခြားတာပေါ့ အခုကလူအသွားအလာသိပ်မရှိတော့လေနည်းနည်း အရောင်းထိုင်းသွားတာပေါ့နော ကိုဗစ်မဖြစ်ခင်တုန်းက ဟိုးနိုင်ငံခြားက သူတို့ကတောင် ဒီပြောင်းဖူးကိုလာစားကြတာ အဲ့တော့နည်းနည်း ရောင်းကောင်းတာပေ့ါ အဆင်ပြေတယ် အခုကိုဗစ်ဖြစ်တော့ လူတွေသိပ်မလာကြတော့ဘူးပေါ့ အသင့်အသင့်တော့ရောင်းရတာပေါ့”

ပြောင်းဖူးကို ကိုယ်တိုင်မစိုက်နိုင်တဲ့အတွက် ရှာဝယ်ရတဲ့အတွက် အခက်အခဲတော့ရှိတယ်လို့ ဆိုပါတယ်။

“ မရရတဲ့နေရာပေါ့နော။ ဈေးကြီးတဲ့အခါကျတော့ ကြီးသွား ပြောင်းဖူးက ဈေးနည်းတဲ့အခါကျတော့လည်း နည်း အဲ့လိုမျိုးပေါ့။ ”

ကယားပြည်နယ်မှာရှိတဲ့ ပြောင်းဖူးက လတ်လတ်ဆတ်ဆတ်နဲ့ ချိုတယ်လို့ပြောပါတယ်။ ရန်ကုန်ပြောင်းဖူးကျတော့ချိုပေမယ့် ကယားပြည်နယ်ထက် ဈေးပိုကြီးတယ်လို့ ဒေါ်မာရိယာနုနုကပြောပါတယ်။

ပြောင်းဖူးကို မိုးရာသီတို့အချိန်တွေမှာဆို ဒီဒေသမှာရတဲ့အတွက် ဒီဒေသမှာပဲဝယ်ပေမယ့် ရှားပါးတဲ့အချိန်တွေမှာဆိုရင် ရန်ကုန်အထိမှာယူရတယ်လို့ ဆိုပါတယ်။

ဒေါ်မာရိယာနုနုတို့မိသားစုက တစ်နေ့တစ်နေ့ ပြောင်းဖူးပြုတ်လေးရောင်းရတာ ၁သောင်းကျော်ကျော်အမြတ်ရပြီး တစ်ခြားဝင်ငွေရဖို့အတွက် ကြက်၊ ဘဲဲဲဲဲ၊ ယုန်၊ ငါး စတဲ့ တိရစ္ဆာန်တွေကိုလည်း မွေးမြူထားတာရှိပါတယ်၊၊

အဖွားရဲ့ နောက်ထပ်ရည်မှန်းချက်တစ်ခုက ထမင်းဆိုင်လေး ဖွင့်ချင်တယ်လို့ ဆိုပါတယ်။
“နောက်ထပ်တော့ ဒီဆိုင်လေးကို ပြင်ပြီးထမင်းဆိုင်လေး ရောင်းမလားပေ့ါနော်။ အဖွားကဒါလေးဘဲလုပ်တတ်တာပေ့ါနော်။ မုန့်ပဲတီလေးတွေ အဲ့လိုမျိုးလေးတွေ ရောင်းချင်တဲ့စိတ်တွေရှိပါတယ်။ ဒါပေမယ့် အဖွားလည်း အခုထလုပ်လိုက်ရင် နောက်လမရှိတော့တဲ့အခါကျရင်လည်း ကြောက်တာပေ့ါ။ အရောင်းမတွင်ကျယ်ဘူး။ ကိုဗစ်မဖြစ်ခင်ကအဆင်ပြေတယ်။ အခုဖြစ်နေတဲ့ကာလကျတော့ ဟိုတစ်ခြား၊ ရန်ကုန်တို့ တောင်ကြီးတို့က လူတွေလည်းမလာကြတော့ဘူး။ နိုင်ငံခြားသားတွေမလာတဲ့အခါကျတော့ အရောင်းမတွင်ကျယ်မှာကြောက်လို့ ထပ်မလုပ်ရဲတော့ဘူး။ ရောဂါပျောက်သွားရင်တော့ အဖွားလုပ်ဖြစ်မှာပါ။ ဒီမှာနည်းနည်းပါးပါးရတာလေးနဲ့ပဲစုဆောင်းမှာပေါ့နော်။ အရင်းလေးဘာလေးပေါ့။ “

အခက်အခဲရှိတဲ့ အောက်ခြေပြည်သူတွေကို အစိုးရကနေ ကိုဗစ်ကာလထောက်ပံ့မှုတွေကိုလည်း တခြားသူတွေ ရနေတာကြားပေမယ့်လည်း အဖွားတို့မိသားစုကတော့ ဘာထောက်ပံ့ကြေးမှ မရကြဘူးလို့ ပြောပါတယ်။

ကိုဗစ်ကာလမှာ အဆင်ပြေမည့် တခြား မိသားစုဝင်ငွေတွေလည်းမရှိတော့ အခုလို အသွားအလာကန့်သတ်ဖြေလျော့ထားပြီးနောက်မှာတော့ ခရီးသွားလာကြတဲ့သူတွေအနည်းငယ်ကိုသာ အားပြုပြီး ပြောင်းဖူးနဲ့ ကန်စွန်းဥပူပူလေးတွေ ဆက်လက်ရောင်းချရင်း………