spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ဘက်ခြမ်း တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ သေဆုံးမှုရှိ

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ မတ်လ ၂၀ ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း ဒီးကျေးအုပ်စု ဒေါငံခါးကျေးရွာမှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ်(DMO-PDF) ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီတပ်ဖက် ပြန်ဆုတ်သွားပြီဖြစ်တယ်လို့ DMO – PDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ မနေ့က မနက် ၆နာရီမှာ ရှေ့တန်းကင်းလှုပ်ရှားတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ်။ ခဏလေးပါပဲ မကြာဘူးပေါ့ ဒါပေမယ့် ကြိုကြားကြိုကြားပစ်တာတာတော့ ညလည်ပိုင်းအထိ အဲလိုမျိုးပေါ့။ လက်နက်ကြီးလည်း အများကြီးထုလာတာပေါ့။ ဒီရက်ကတော့ အဲဒီ သူတို့ နေတဲ့နေရာ ပြန်ပြီး နယ်မြေရှင်းလင်းရေးလုပ်ခါကျတော့ သူတို့ မရှိတော့ဘူးပေါ့နော။ စစ်ကောင်စီ ကမရှိတော့ဘူး သူတို့ ပြန်ဆုတ်သွားပြီ။“ လို့ DMO PDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ မနက် ၆ နာရီမှ မွန်းလွဲ ၁ နာရီအထိ ၇နာရီကြာ DMO local PDF ၊ KNDF နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် ၃ဦးသေဆုံးခဲ့သလို ဒဏ်ရာရရှိသူလည်းရှိတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖက်မှာတော့ ၆ဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးအဆမတန်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ ခေါက်ပလော့ ၊ ဥခူရီ၊ ဒေါငံခါးလမ်းခွဲ၊ ဒေါငံခါးလေးထပ်တိုက်၊ ကုန်းသာကျေးရွာတွေမှာ စစ်ကောင်စီတပ်စွဲနေတာတွေ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ ၁၁ ရက်နေ့မှာ နံနက်ပိုင်း ၁၀နာရီအချိန်မှာ KNDF B-01၊ B- 05၊ B-06၊ B-07 စနိုက်ပါပူးပေါင်းတပ်ဖွဲ့မှ နန်းမယ်ခုံ၊ ဆင်မတောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ်ခဲ့ပြီး ၄ဦးသေဆုံးခဲ့တယ်လို့ KNDF B-05 က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ ထိတွေ့ပစ်ခတ်မှုတွေမှာ KNDF ၊ PDF တပ်ဖွဲ့ဝင်တွေလည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ ဒီးမော့ဆိုမြို့နယ်အတွင်း ဖေဖော်ဝါရီလပိုင်းမှာ အင်အားဖြည့်တင်းထားတာကြောင့် တိုက်ပွဲအချိန်မရွေး ဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ သတိထားပြီးနေကြဖို့ အသိပေးထားပါတယ်။

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာလည်း မတ်လ ၉ ရက်နေ့ကစ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ကျေးရွာအတွင်း နေထိုင်လို့မရအောင် စစ်ကောင်စီအခြေစိုက်တပ်ရင်းကနေ လက်နက်ကြီးအဆမတန်ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံအပါအဝင် ထပ်ဆင့်စစ်ရှောင် ၂သောင်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

spot_img
spot_img