spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ဘက်ခြမ်းတစ်နေရာမှာ စစ်ကောင်စီက လေကြောင်းနဲ့ထပ်မံဗုံးကြဲမှာကို လူထုတွေ စိုးရိမ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ ယမန်နေ့ ( မတ်လ ၂၈ ) ရက်နေ့ ညနေပိုင်းက လေကြောင်းနဲ့ ဗုံးကြဲခံခဲ့ရပြီး အရပ်သားထိခိုက်သေဆုံးမှု ရှိခဲ့တဲ့အတွက် ထပ်မံဗုံးကြဲခံရမှာကို ဒေသခံနဲ့ စစ်ရှောင်ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

ဗုံးခိုကျင်းတွေ အပြည့်အဝ မတူးနိုင်ကြသေးတဲ့အတွက် လေယာဉ်လာတဲ့ အသံကိုကြားရင် ပြာယာခတ်နေရတယ်လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ ကျမတို့ဘက်မှာက ဗုံးခိုကျင်းတူးခိုင်းတာတွေတော့ရှိတယ်။ ဒါပေမယ့် အိမ်တိုင်းကတော့ မတူးနိုင်သေးဘူးပေါ့နော။ ဆိုတော့ လေယာဉ်လာပြီကြားတော့ အစဆို လေယာဉ်လို့တောင် မထင်ဘူးလေနော။ သူက ဗုံးကြဲချလိုက်တာ နောက်တော့ အိမ်ပြင်ပြေးထွက်လိုက်တာ ကလေးတွေလည်းပါတယ်။ ကလေးတွေက အိမ်ပြင်ပြေးထွက်လိုက်တာ ဘယ်ကို ပုန်းရမှန်းမသိဘူးဖြစ်နေတယ်။ ဆိုတော့ ထောင့်နားမှာရှိတဲ့ ကြောင်ဂျိုကြောင်ကြားမှာ လိုက်ကပ်နေလိုက်တယ်။ အဲဒီလိုမျိုးပေါ့။ ကလေးတွေကလည်း ငိုတဲ့လူတွေကငို အဲဒီလိုမျိုးရှိနေတယ်။ ” လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာနေထိုင်သူတစ်ဦးက ယမန်နေ့ညနေက ဗုံးကျဲချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်ကို ပြန်ပြောပြတာဖြစ်ပါတယ်။

ယမန်နေ့က စစ်ကောင်စီ လေကြောင်းဗုံးကျဲမှုကြောင့် ၄ ဦး ထိခိုက်ခဲ့သလို တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် အဲဒီနားက စစ်ရှောင်တွေအတွက် သွယ်တန်းနေတဲ့ ရေပိုက်ပျက်စီးသွားပြီး ရေပြတ်လတ်မှုတွေလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ ဖြစ်တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ လေယာဉ်ကတော့ ညနေ ၅ နာရီခွဲလောက်မှာပေါ့နော။ လာတယ်။ နှစ်စီးလာတယ်။ ပထမတစ်စီးကတော့ သူမကြဲချဘူးပေါ့ကွာ။ သူအရှေ့ကနေ ပတ်သွားတယ်ပေါ့နော။ နောက်တစ်စီးကနေ နောက်ကနေ လိုက်လာပြီးတော့ နိမ့်နိမ့်ပျံလိုက်တယ်။ အနိမ့်ပျံတယ်။ ပြီးတော့ လေယာဉ်ဗုံးလာကျဲချတယ်။ သူတစ်ပတ်ပတ်လာတယ်။ နောက်တစ်ခါ ပြန်ပတ်လာတော့ နောက်တစ်ခါ ထပ်လာကြဲချတယ်။ ပြီးပျံသွားတယ်။ အဲဒီလိုမျိုး ကင်းထောက်လေယာဉ်က ကြဲချပြီးတော့ နာရီဝက်လောက်အကြာမှာ သူပြန်လာတယ်ပေါ့။ ” လို့ သူက ပြောပါတယ်။

ယမန်နေ့က ဒီးမော့ဆိုအရှေ့ခြမ်းဖက်မှာလည်း ကင်းထောက်လေယာဉ် ဝဲပျံတာတွေ ရှိပါတယ်။
မတ် လ ၂၈ ရက်နေ့အထိ တစ်လအတွင်း လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့သလို ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts