spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအရှေ့ခြမ်းရှိ လွိုင်ကော်-မော်ချီး ကားလမ်းမကြီးကို တစ်ပတ် ၃ရက်သာ သွားလာခွင့်ပြု

ကန္တာရဝတီတိုင်း(မ်)

ဇူလိုင် လ ၁၁ ရက်နေ့ကစပြီး ဒီးမော့ဆို အရှေ့ဖက်ခြမ်းရှိ လွိုင်ကော်- မော်ချီး လမ်းမကြီးကို တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး သုံးရက်သာ သွားလာခွင့်ပြုမှာဖြစ်တယ်လို့ KNDF B-10က ဇူလိုင်လ ၁၀ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

“ ကျနော်တို့ အများအားဖြင့်က စကစ ထဲ ဝင်သွားမှာစိုးလို့ အဲ့လိုပဲ အကန့်အသတ်နဲ့ လုပ်ပြီးတော့မှ ထုတ်ထားတာပေါ့နော။ နောက်ပြီး စစ်ရှောင်နဲ့ ကျန်းမာရေးနဲ့ ပတ်သက်လာရင်တော့ ဒီ သက်ဆိုင်ရာ ဒေသတွေမှာ ဥပမာ မော်ချီးဖက်မှာ ဆိုရင် သက်ဆိုင်ရာ ခရိုင်မှူးတွေ ရှိတယ်။ ခရိုင်မှူးတွေ တို့ လက်မှတ်တွေ ပါလာရင်တော့ တံဆိပ်တုံး ပါလာရင်တော့ ကျနော်တို့ အပြန်အလှန်တွေ့ဆုံလို့ရတယ် ဆိုတဲ့ ဟာတွေ ပေါ့နော။ ဒါပေမယ့် ကျနော်တို့ နဲ့ အပြန်အလှန်တွေ့ဆုံမှု မရှိဘူး ဆိုရင်တော့ ကျနော်တို့ နည်းနည်းလေး မေးမြန်းရတယ် “ လို့ KNDF B-10 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာရှိတဲ့ KNDF B-09 ၊ KNDF B-10 နဲ့ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးမှူး တို့ကနေပြီး စည်းဝေးဆုံးဖြတ်ချမှတ်ကာ အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။

သွားလာမယ့် ယာဉ်မောင်းတွေ လိုက်နာရမယ့် စည်းကမ်းချက် ၅ခုကို အသိပေး ကြေညာထားပြီး ၃ရက်သာ သွားလာဖို့၊ ပြည်ပခရီးသည် မသယ်ဆောင်ဖို့၊ ဘိလပ်မြေသယ်ယူလျှင် အမှတ် (၂) ခရိုင် ထောက်ခံစာပါဖို့၊ ဆန် ၁၀ အိတ်အထက် မသယ်ယူဖို့ နဲ့ ကန့်သတ်ကုန် မသယ်ဆောင်ဖို့ စတဲ့ အချက်ငါးချက်ကို အသိပေး ကြေညာခဲ့ပါတယ်။

ကန့်သတ်ထားတဲ့ ၃ရက်သာ သွားလာခွင့်ပြုပေမယ့် စစ်ရှောင်အရေး၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့အပိုင်းတွေမှာဆိုရင်တော့ သွားလာခွင့်ပြုမှာဖြစ်ပါတယ်။

အခုလို ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး လွိုင်ကော်-ဘောလခဲ ကို ကုန်တွေ သယ်ယူပို့ဆောင်နေတဲ့ ယာဉ်မောင်းသမား တစ်ဦးကတော့ တစ်ပတ်မှာ ၃ရက်လောက် သွားလာခွင့်ပြုတာ အဆင်ပြေတယ်လို့ ဆိုပါတယ်။

“ ကုန်တင်ကုန်ချတာတော့ နည်းနည်းတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ခရီးက ဝေးသွားတာပေါ့။ သွားတာတော့ အဆင်ပြေပါတယ်။ တစ်ပတ်မှာ ၃ရက် ၄ရက် သွားရရင်တော့ ရပါတယ် “ လို့ ယာဉ်မောင်းသမား တစ်ဦး က ဆိုပါတယ်။

အခုလို အကန့်သတ်နဲ့ သယ်ပို့ရပေမယ့် ရိက္ခာ ပြတ်လပ်တာတွေတော့ မရှိသေးဘူးလို့ ဘောလခဲဒေသခံ တစ်ဦးက ဆိုပါတယ်။ သို့ပေမယ့် လောင်စာဆီစျေးတွေ ဈေးနှုန်းမြင့်မားမှုကြောင့် စားသောက်ကုန်၊ ကုန်ပစ္စည်းတွေ စျေးတက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

“ အဲ့ဒါကျတော့ သူတို့ လုပ်ငန်းပိုင်း နဲ့ ပတ်သက်လို့ ကိုယ်တော့ မပြောတတ်ဘူးပေါ့နော။ ဒါပေမယ့် အဓိကတော့ အရောင်းဝယ်လေး လမ်းဖွင့်ပေးတဲ့ သတ်မှတ်ရက်လေးမှာ ကုန်စည်တွေ နည်းနည်း စီးဆင်းပေးနေရင်တော့ ပြည်သူတွေအတွက်တော့ ရှင်းရှင်းပြောရရင် အတတ်နိုင်ဆုံး ပြေလည်နိုင်မယ်လို့ပဲ သဘောထားတာလေ “ လို့ ဘောလခဲ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

အဓိက စစ်ကောင်စီရဲ့ ထုတ်ကုန်တွေ မသယ်ဆောင်ဖို့ ကန့်သတ်ထားတာဖြစ်ပြီး လိုက်နာခြင်း မရှိတာတွေ၊ စစ်ကောာင်စီနဲ့ ချိတ်ဆက် ဆက်နွယ်တာတွေ ရှိရင်တော့ အရေးယူဆောင်ရွက်တာတွေ၊ ကရင်နီပြည်ရဲဌာန (KSP) ထံ လွဲပြောင်းတာတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေစပြီး လွိုင်ကော်-ဒီးမော့ဆို-ဒေါတမကြီး- ဘောလခဲ လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်၊ ကုန်စည်သယ်ဆောင်ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ကြောင်းနဲ့ ကျန်းမာရေးကဲ့သို့ အရေးပေါ်ကိစ္စတွေကိုတော့ ဖြတ်သန်းသွားလာခွင့်ပြုတဲ့အကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်တာရှိခဲ့ပါတယ်။

spot_img
spot_img