spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှု ဆက်တိုက်လုပ်ဆောင်နေ

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီရဲ့ အခြေစိုက်တပ်တွေက နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ပြီး လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ဆက်တိုက် ပစ်ခတ်မှု လုပ်ဆေင် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုမရှိပဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်လာတဲ့အတွက် ကျေးရွာတွေထဲကျပြီး အရပ်သားထိခိုက်တာတွေ၊ နေအိမ်ပျက်စီးတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ရက် မနက်ပိုင်းမှာလည်း ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ကျေးရွာအတွင်းလက်နက်ကြီး ထပ်မံကျလာပြီး အသက် ၃၈ အရွယ် ခူးရှားရယ် ခြေထောက်ထိခိုက်သွားတယ်လို့ ခူးရှားရယ်ညီဖြစ်သူက ပြောပါတယ်။

” နောက်ပြီးတော့ ကွဲတော့ ကျနော်က ထနေတာ။ အကိုလည်း အဲတိုင်းပဲ ရပ်နေတာ။ သူ့ကိုမထိဘူးပဲထင်နေတာ။ ကျနော့်ကလေးက အိမ်ထဲမှာအိပ်နေတာ။ သွားပြေးမလိုပဲရှိသေး။ သူက ကျနော့်ကို ထိသွားပြီတဲ့။ ကျနော်ကြည့် လိုက်တယ်။ ဘယ်သူ့မှလည်းမရှိဘူး။ အထဲက ပုဝါ ယူပြီးတော့ ချီထားပေးလိုက်တယ်။ ခြေသလုံးထိသွားတယ်။ အရိုးတော့ မထိဘူးထင်တယ်။ အဖေကလည်း ပြန်ရောက်လာတယ်။ ထူပူပြီးတော့ ဘာမှမသိတော့ဘူး။ အဝေးမှာပဲ ကျတယ်ပဲထင်နေတာ။ကြည့်လိုက်တော့ မီးခိုးထွက်လာတော့တာပဲ။ ရင်ဘတ်တအားအောင့်သွားတော့ ဘာမှမသိတော့ဘူး ” လို့ သူက ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက တချို့ကျေးရွာတွေထဲကို လက်နက်ကြီး မကျလာတာ ၁ လ နီးပါးကြာပြီ ဖြစ်ပြီး ရွာသူရွာသားတော်တော်များများက ကျေးရွာတွင်း ပြန်လာနေထိုင်ကြပါတယ်။ယခု ရက်ပိုင်းအတွင်းမှာတော့ စစ်ကောင်စီဟာ နေ့ရာညပါ လက်နက်ကြီး ပစ်ခတ်လာနေတာကြောင့် ပြန်လည်တိမ်းရှောင်နေကြရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

” ကြောက်ဖို့ကောင်းတယ်။ တိုက်ပွဲမရှိလည်းပဲ ကျနော်တို့ရွာဘက်ကို ပစ်ချတယ်။ လက်နက်ကြီးကိုကြောက်လို့ ကျနော်တို့ ထွက်ပြေးတိမ်းရှောင်တယ်။ ကျနော်တို့ မိသားစုကို ကျနော်တို့ကာကွယ်တာ။ စားဖို့သောက်ဖို့ စားနပ်ရိက္ခာတွေကို ယူသွားတယ်။ ရွာပြင်ဘေးကင်းလုံခြုံမယ့်နေရာပေါ့။ ကျနော်တို့ရွာကို ကျနော်တို့ မကာကွယ်ချင်လို့ မဟုတ်ဘူး။ ကျနော်တို့ မိန်းမတွေ ကလေးတွေကို လုံခြုံမယ့်တောထဲတွေမှာ သွားထားထားတယ်။ ကျနော်တို့ကတော့ ရွာကိုပြန်စောင့်ရှောက်တယ်။အဲလိုမျိုးပေါ့” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ် နှစ်လုံးပျက်စီးပြီး တစ်လုံးမှာတော့ မီးလောက်ပျက်စီး ခဲ့ပါတယ်။

ဒီးမော့ဆိုမှာ စစ်ကောင်စီအခြေစိုက်တပ်တွေဖြစ်တဲ့ ခြေမြန်တပ်ရင်း ခမရ ၄၂၇ နဲ့ ခြေလျင်တပ်ရင်း ခလရ ၁၀၂ တပ်တို့ကနေ ဒီးမော့ဆိုမြို့တွင်းက ကျေးရွာတွေဆီ လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

spot_img
spot_img