spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအရှေ့ဘက် (၂)ပတ်ကျော် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ရာဝန်းကျင် သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦးကျဆုံး

ဓတ်ပုံ – KNDF ( B-09 ) မှ မတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသော ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီသေဆုံးမှု

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ မတ်လ ဒုတိယအပတ်ကနေစပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာ ၂ပတ် ကျော် ရှိလာပြီဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိနေပြီး စစ်ကောင်စီဖက် တစ်ရာဝန်းကျင်သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

“ အရေအတွက်တော့ မသိဘူး။ ဒါပေမယ့် အကျအဆုံးတော့ များတယ်ပေါ့။ ပေါင်းလိုက်ရင်တော့ သူတို့စထွက်ကတည်းက အခုဆို ရာကဏန်းလောက်ရှိပြီပေါ့။ တစ်ရာဝန်းကျင်လောက်ရှိပြီပေါ့ ဘာဖြစ်လို့လဲဆိုရင် တချို့ဆိုရင် မိုင်းနှင်းပြီးတော့မှ သေတာရှိတယ်။ တိုက်ပွဲမှာ သေတာရှိတယ်။ တိုက်ပွဲဆိုတာက ရင်ဆိုင်တိုက်ပွဲရှိတယ်။ နောက်ပြောက်ကျားတိုက်ပွဲရှိတယ် ကြားဖြတ် တိုက်တာမျိုးရှိတယ်ပေါ့။ နောက်ကျဆုံးများတာကတော့ ကျနော်တို့ရဲဘော် မျက်မြင်ကိုယ်တွေ့ရှိတယ်။ တချို့ကဒဏ်ရာနဲ့ ဆေးရုံမှာ ထပ်သေတာ၊ လမ်းတစ်ဝက်မှာသေတာ အဲမျိုးတွေရှိတာပေါ့။ “ လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီးခူညေးရယ်က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီကျဆုံးမှုတွေမှာ ၃ ပွင့် အဆင့်ရှိ ဗိုလ်တွေလည်း ပါဝင်တယ်လို့ KNDF တပ်ရင်း (၉) ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ထုတ်ပြန်ထားတာ ရှိပါတယ်။ (၂) ပတ်ကျော် တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဖက်မှာတော့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၁၀) မှ ရဲဘော် (၂) ဦး ၊ ကရင်နီတပ်မတော်မှ ရဲဘော် (၁)ဦး နဲ့ နေပြည်တော်PDF ရဲဘော် (၁)ဦး တို့ ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်း မှာတော့ လက်ရှိအချိန်ထိ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောပြလို့ မရသေးဘူးလို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ထိတွေ့တိုက်ပွဲက ဖြစ်နေတုန်းမလို့ ကျနော်တို့ သတင်းထုတ်ပြန်တာတွေလည်း မလုပ်သေးဘူးပေါ့။ လောလောဆယ်တော့ ကျနော်တို့ စစ်ရေးအခြေအနေအရ ပြောလို့မရသေးတဲ့ အနေအထားဖြစ်တယ်ဗျ။“ လို့ ဆိုပါတယ်။

ဓတ်ပုံ – KNDF ( B-09 ) မှ မတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသော ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီသေဆုံးမှု

ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီစစ်ကြောင်းထိုးကာလအတွင်း ဒေသခံလူထုတွေရဲ့ နေအိမ် တစ်ရာဝန်းကျင် မီးလောင်ပျက်စီးတာ ရှိနိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညား ကပြောပါတယ်။

“ ဒေါတငူးဖက်ကနေ သူတို့ ပြန်ဆုတ်ပြီးတော့မှ ဗက်သလင်တို့ ဇီးဖြူကုန်းတို့ ဖက်ကို သူတို့ ပြန်ဆုတ်တဲ့အချိန်မှာ စစ်ကောင်စီပြန်ဆုတ်ပြီး အဲဒီဖက်မှာ မီးခိုးထွက်တာ တွေ့ရတယ်။ လောင်တဲ့ပုံစံကို သူတို့ တွက်ကြည့်တယ်ပေါ့ တချို့က အိမ်ခြေ ၇၀လို့ပြောတယ်။ တချို့က ၅၀ နဲ့အထက်ပေါ့နော လောင်တဲ့ပုံစံကို ကြည့်ပြီးတော့ အနည်းဆုံး ဘယ်လောက်ပါလဲဆိုတာ ကျနော်တို့ တွက်လို့ရတယ်လေ။ အဲဒါက တစ်နေရာဖြစ်တယ်။ ဒေါတမကြီး အုပ်စုထဲမှာတော့ အခုချိန်ထိပေါ့ ပျက်စီးနစ်နာသွားတဲ့ အိမ်ခြေက ၅၀ ဝန်းကျင်ရှိတယ်ဆိုတာ ကျနော်တို့ တွက်ထားတယ်ပေါ့။ “ လို့ ဦးဗညား က ပြောပါတယ်။

စစ်ကောင်စီကနေ လေကြောင်းနဲ့ လာရောက်ပစ်ခတ်တာတွေလည်း ရှိသလို ဒေါတမကြီးအုပ်စုဖက်မှာဆိုရင် ဖရူဆိုမှာရှိတဲ့ အမှတ်(၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းနဲ့ ဘောလခဲအခြေစိုက် တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာတော့ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်တို့ မတ်လ ၉ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဓတ်ပုံ – KNDF ( B-09 ) မှ မတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသော ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီသေဆုံးမှု
spot_img
spot_img