spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှ စစ်ရှောင်အမျိုးသမီး တစ်ဦး လမစေ့ မီးဖွားခဲ့ရပြီး ကလေးသေဆုံး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး စစ်ရှောင်ရင်း လမစေ့ဘဲ မီးဖွားခဲ့ရပြီး ကလေးသေဆုံးခဲ့တယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးထံကနေ သိရပါတယ်။

“ အဲ့ဒီအမျိုးသမီးက သူကိုယ်ဝန်ဆောင်တာ ၇ လနီးပါးလောက်ရှိပြီပေါ့နော။ သူက မေလ လကုန်ကတည်း ဒီးမော့ဆိုမှာ တိုက်ပွဲ စဖြစ်ကတည်းက တောတောင်ထဲ ထွက်ပြေးရတဲ့ထဲမှာ သူပါတယ်ပေါ့။ ဟိုပြေးဒီပြေး ဖြစ်တာ တစ်ကဏ္ဍရယ်၊ နောက် ပြေးနေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာအရပေါ့နော။ သူကိုယ်၌က စိတ်ဖိစီးမှုများတာရယ်ပေါ့ ။ အတွေးများတာရယ် နောက် သူကိုယ်၌ကလည်း သွေးအားနည်းမှုရှိတယ်လို့ ကြားတယ်ပေါ့။ ဆိုတော့ သူ့ကလေးက လမပြည့်ဘဲနဲ့ မွေးသွားတာပေါ့။ “ လို့ စစ်ရှောင်ကူညီပေးသူတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့မှာ ဒီးမော့ဆို အရှေ့ဖက်ခြမ်း စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ နွေဦးဂုရုလေးများ ကျန်းမာရေးစင်တာမှာ မီးဖွားခဲ့ပြီး ဆေးကုသမှုခံယူနေပါတယ်။ လက်ရှိ သူမမှာ ကိုဗစ် သံသယ လက္ခာဏာရှိပေမယ့် လူနာရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့် မစစ်ပေးရသေးဘူးလို့ ကျန်းမာရေးစင်တာက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“ သူ ကိုဗစ်သံသယ ပုံစံမျိုးတော့ရှိတယ်။ နောက်ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိတယ်။ မနေ့က တောင် တစ်နေကုန်ငိုနေတာ။ ညအထိငိုနေတာသူ။ “ လို့ ကျန်းမာရေးစင်တာမှ တာဝန်ရှိသူက ပြောပါတယ်။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု လိုအပ်တယ်လို့ ဆိုပါတယ်။
သူမကတော့ အသက် ၂၇ နှစ် ရှိပြီ ဖြစ်ပြီး ၅နှစ်အရွယ် သားလေးတစ်ဦးရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ အိမ်မပြန်နိုင်သေးပဲ ဆေးဝါး၊ စားနပ်ရိက္ခာ အခက်အခဲများ ကြုံနေရဆဲဖြစ်ပါတယ်။

spot_img
spot_img