ဒုက္ခသည်စခန်းကနေပြန်လာတဲ့သူတွေအနေနဲ့ ပြန်လည်ထူထောင်ရေးမှာ အခက်အခဲဖြစ်နေကြဆဲ

0
425

ကယားပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာရှိ စစ်ဘေးရှောင်ခဲ့တဲ့ ကယား(ကရင်နီ) လူမျိုးတွေ ခိုလုံနေတဲ့စခန်းကနေ ပြည်တွင်းပြန်လာနေထိုင်သူတွေဟာ သူတို့ရဲ့ဘဝ ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ အခက်အခဲရှိနေကြဆဲ ဖြစ်ပါတယ်။

အခုလက်ရှိနိုင်ငံရေးအရ အပစ်ခတ်ရပ်စဲထားတဲ့ အခြေအနေမှာ စခန်းက တချို့ သူတွေဆိုရင် နေရပ်ကိုပြန်လာကြတဲ့သူတချို့လည်းရှိနေပါတယ်။ ကျန်တဲ့သူတွေအနေနဲ့ကတော့ ပြန်လာချင်ပေမယ့် အခက်အခဲတချို့ ကြောင့် မပြန်လာနိုင်ကြသေးပါဘူး။

စစ်ဘေးရှောင် နေရပ်ပြန်သူအများစုက ရှားတောမြို့နယ်မှာ ပြန်လည်အခြေချတာပိုများပြီး လက်ရှိနေရပ်ပြန်နေတဲ့ သူတချို့ လည်း ပြန်လည်ထူထောင်ရေးမှာ အခက်အခဲရှိနေကြတာပါ။

အစိုးရရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ပြန်တာရှိသလို ကိုယ့်သဘောနဲ့ ကိုယ်ပြန်လာနေတဲ့သူတွေလည်းရှိနေပါတယ်။ အစိုးရခွင့်ပြုချက်နဲ့ တရားဝင်ပြန်လာတဲ့သူတွေဟာဆိုရင်လည်း အစိုးရရဲ့ ထောက်ပံ့မှုရရှိပေမယ့် လုံလောက်မှုမရှိဘူးလို့ သိရပါတယ်။

ထိုင်းနယ်စပ်မှာရှိတဲ့ ကရင်နီဒုက္ခသည်စခန်းမှာ ခိုလုံပြီး နေရပ်ဖြစ်တဲ့ ရှားတောကို အစိုးရခွင့်ပြုချက်နဲ့ တရားဝင်ပြန်လာတဲ့ သူတွေထဲမှာ ဒေါ်စိုးမယ်လည်းပါပါတယ်။ နေရပ်ပြန်သူတွေအတွက် အစိုးရက တစ်မိသားစုကို ၃လစာ ၃သိန်းထောက်ပံ့ပေးပါတယ်။

ဒေါ်စိုးမယ်ကတော့ နောက်ထပ်နေရပ်ပြန်သူအတွက် အစိုးရကို ထောက်ပံ့မှုပိုလုပ်ခိုင်းချင်တယ်လို့ပြောပါတယ်။ ကယားပြည်နယ်မှာ အစိုးရအစီအစဉ်နဲ့ နေရပ်ပြန်သူတွေ အခုချိန်ထိ တစ်ရာကျော်ပြီဖြစ်ပြီး အများစုက ရှားတောဒေသခံတွေဖြစ်ကြပါတယ်။ အစိုးရအစီအစဉ်နဲ့ ပြန်လာတာဆိုရင် လေးသုတ်ရှိသွားပြီဖြစ်ပါတယ်။

အခုလို မိမိဆန္ဒအလျှောက်ပြန်လာသူတွေကို အစိုးရအနေလိုအပ်တာတွေကို ဆောင်ရွက်ပေးတာတွေရှိတယ်လို့ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီး မြင့်ဝေက ပြောပါတယ်။ အစိုးရခွင့်ပြုချက်နဲ့ ရှားတောမှာ တရားဝင် နေရပ်ပြန်နေတဲ့ ဒေါ်ပိုးမယ်ကတော့ ပြန်နေတာ နှစ်နှစ်လောက်ရှိပြီဖြစ်ပါတယ်။

ပြန်လာတဲ့အချိန် အစိုးရရဲ့ ထောက်ပံ့ကြေး အနည်းငယ်ရရှိပြီး အိုးအိမ်ပြန်လည်ဆောက်လုပ်ရာမှာတော့ အခုလို အခက်အခဲတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာရှားတောမြို့နယ် ပြည်သူ့လွှတ်တော်နေရာကနေ အနိုင်ရရှိခဲ့တဲ့ မော်မိုးမြာကတော့ နေရပ်ပြန်မယ့် ဒုက္ခသည်တွေအတွက် ပြန်လည်ထူထောင်ရေးမှာ အဆင်ပြေအောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ကရင်နီဒုက္ခသည်စခန်းမှာဆိုရင် ဒုက္ခသည်တစ်သောင်းလောက်ရှိပြီး သူတို့တွေ နေရပ်ပြန်ရေးကို အားလုံးညှိနှိုင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဖြစ်တဲ့ ဦးဗညားက ဆိုပါတယ်။

ဒုက္ခသည်စခန်းကနေ အများဆုံးပြန်လာနေထိုင်ကြတဲ့ ရှားတောမြို့ဟာဆိုရင် ဖွံ့ဖြိုးမှုအနောက်ကျဆုံး မြို့နယ်လို့ ဆိုနိုင်သလို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ရဲ့ ထိန်းချုပ်မှုအောက်ရှိနေတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း ယနေ့အချိန်ထိ အညိုရောင်နယ်မြေလို့ သတ်မှတ်ထားဆဲဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ရှားတောမြို့မှာဆိုရင် လူဦးရေ ၇ထောင်ကျော်ရှိပါတယ်။