spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

ဒုက္ခသည် အစုလိုက် ပြန်လာနိုင်ရန် နိုင်ငံရေးအရ အဆင်သင့်မဖြစ်သေး

Author

Date

Category

မူအက်စတာ

ကရင်နီဒုက္ခသည်များ အစုလိုက်ပြန်လာနိုင်ရန်အတွက် နိုင်ငံ့ရေးအရ အဆင်သင့်မဖြစ်သေးကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့  ဒါရိုက်တာ ကိုဗညား ပြောသည်။ 

ကယားပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေးတို့တွင် အဆင်သင့်မဖြစ်သေးသည့်အတွက် ထိုင်းနှင့် မြန်မာနယ်စပ်ဒုက္ခသည်စခန်းရှိ ကရင်နီဒုက္ခသည်များ ပြန်လာဖို့လုံးဝမဖြစ်နိုင်သေးကြောင်း ပြောဆိုသွားပါသည်။

“သူတို့ကသွားနေတဲ့ ပုံစံမှာ လုပ်ကိုင်စားသောက်တဲ့ပုံစံမှာ Marketing ပုံစံမကြည့်တဲ့အချိန်မှာ အားနည်းချက်ရှိနိုင်တယ် ဒီအပေါ်မှာအစိုးရက လုပ်ဆောင်ပေးတာမရှိတဲ့အတွက် သူတို့အတွက်စိုးရိမ်စိတ်လေးရှိတယ် ရေရှည်အတွက်ပေါ့” ဟု ကိုဗညားကပြောသည်။

မေလ(၇)ရက်နေ့တွင် ကရင်နီဒုက္ခသည်စခန်းမှ ဒုက္ခသည်(၂၀)ဦး ကယားပြည်နယ်တွင် ပြန်လည်ဝင်ရောက်လာခဲ့သည်။

ယခုပြန်လာသူများမှာ ၎င်းတို့စိတ်ဆန္ဒအလျောက်ပြန်လာသူများ ဖြစ်သည်။ ပြည်နယ်အစိုးရ၊ ထိုင်းနိုင်ငံအစိုးရတို့နှင့် UNHCRတို့ ပူးပေါင်းကာဒုက္ခသည်များကို နေရပ်ပြန်ပို့ခဲ့ပြီး ရိက္ခာများထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

၎င်းတို့များကို ပြည်နယ်အစိုးရမှ ဆန်၁၂ပြည်၊ ဆီ ၁ ပိဿာ၊ ရေသန့် ၁ ကတ်၊ ကယ်ဆယ်ရေး Kit တစ်အိတ် နှင့် မိသားစုဝင်တစ်ဦးလျှင် ၁သိန်းနှုန်း၊ သုံးဦးနှင့်အထက်ရှိသူများကို ကျပ်သုံးသိန်း ထောက်ပံ့ကြေးပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုလိုထောက်ပံ့ပေးသည့်အပြင် ၎င်းတို့အတွက် ရေရှည်ရပ်တည်ဖို့အတွက် အသက်မွေးဝမ်းကျောင်းဆိုင် ရာသင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဟု ဒီးမော့ဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းလင်းက ပြောသည်။

“အလုပ်အကိုင်ရရှိဖို့ထက် သူတို့ရဲ့စားဝတ်နေရေးရပ်တည်ရေး အဆင်ပြေနိုင်အောင်ဆိုပြီး မိန်းကလေးတွေဆိုရင် စက်ချုပ်သင်တန်းပုံစံမျိုးတွေ။ ယောက်ျားလေးတွေဆိုရင် သူတို့တကယ်စိတ်ပါဝင်စားမယ်ဆိုရင် ဆိုင်ကယ်ပြင် ဝပ်လျော့သင်တန်းတွေ၊ လက်မှုပညာတွေ ဒါတွေကိုလည်း သူတို့နဲ့ဆက်ဆွေးနွေးပြီးတော့ သူတို့စိတ်ဆန္ဒရှိရင်ရှိသလို ကျွန်တော်တို့ဖက်ကလည်း သင်တန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးဖို့ အစီအစဉ်တွေရှိပါတယ်” ဟု ဦးစိုင်းထွန်းလင်းက ပြောပါသည်။

ပြည်နယ်အစိုးရအဖွဲ့မှ ၎င်းဒုက္ခသည်များကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ခွင့် ၁နှစ်နှင့် ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းတက်ခွင့်၊ မှတ်ပုံတင်ပြန်လည်ရရှိဖို့အတွက် လုပ်ဆောင်ပေးထားမည်ဖြစ်ကြောင်းသိရသည်။

UNHCR ထိုင်းဘက်မှ ဒုက္ခသည်လူကြီးတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၉၃၀ဝ နှင့် ကလေးတစ်ဦးလျှင် ဘတ်ငွေ ၇၅၀ဝ စီဖြင့် ပံ့ပိုးခဲ့ကြောင်းသိရသည်။

၎င်းတို့ရေရှည်ရပ်တည်နိုင်ရေးအတွက် ပြည်တွင်းဘက်မှ အစိုးရနှင့် ပူးပေါင်းကာဆက်လက်လုပ်ဆောင်ဖို့ အစီအစဉ်ရှိကြောင်း UNHCR မှ ကယားပြည်နယ် တာဝန်ခံမဂျဲနီက ပြောသည်။

“ဒီမှာရှိတဲ့ ပရောဂျက်လေးတွေက ရပ်ရွာအခြေပြုတွေ လုပ်ဆောင်နေတဲ့ ပရောဂျက်တွေပဲ ရှိပါတယ်။ ဒီလိုအလားတူ ပရောဂျက်လေးတွေနဲ့ ဒီမှာရှိတဲ့ အစိုးရတွေနဲ့ပူးပေါင်းပြီး တခြားသောအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီးအခြားသော လုပ်ငန်းတွေကိုတော့ ကျွန်မတို့လုပ်သွားမှာဖြစ်ပါတယ်” ဟု UNHCR မှ ကယားပြည်နယ် ရုံးတာဝန်ခံ မဂျဲနီကပြောသည်။

ပြန်လာနေထိုင်သူများမှာ မိသားစု ၅ စုပါဝင်ပြီး ကျောင်းနေအရွယ်ကလေးများ ပါဝင်သည်။ ဒီးမော့ဆိုမြို့နယ်တွင် ၄ဦး၊ မယ်စဲမြို့နယ်တွင် ၄ဦးနှင့် လွိုင်ကော်မြို့နယ်တွင် ၁၂ဦးပြန်လာခဲ့ကြောင်းသိရသည်။ ၎င်းတို့ကို နိုင်ငံသားကဒ်နှင့် အိမ်ထောင်စုစာရင်းများကို မယ်စဲတွင် တစ်ပါတည်းထုတ်ပေးခဲ့သည်။

ထို့အပြင် ယခုပြန်လာသည့် ဒုက္ခသည်များသည် သက်ဆိုင်ရာများသို့ နေအိမ်ထောက်ပံ့ပေးရန် တောင်းဆိုထားခြင်း မရှိပဲ ၎င်းတို့၏ဆွေမျိုးသားချင်း မိသားစုများထံသို့ ပြန်ပို့ဖို့သာတောင်းဆိုခဲ့သည်။

UNHCR အဖွဲ့မှလည်း ၎င်းတို့ပြန်လည်နေထိုင်မည့်နေရာတွင် နယ်မြေစိတ်ချလုံခြုံမှုရှိမရှိကို ကွင်းဆင်းလေ့လာပေးခဲ့ပြီး လုံခြုံမှုရှိမှ ပြန်ပို့ခဲ့ကြောင်း မဂျဲနီက ဆက်ပြောပါသည်။

၎င်းအပြင် ဒုက္ခသည်များ ရေရှည်အလုပ်အကိုင်ရရှိဖို့ရန်အတွက် အစိုးရအနေနှင့် စိတ်ချရသည့်လုပ်ငန်းများအပြင် ၎င်းတို့ရင်းနှီးမြုပ်နှံမှုတွင် ပါဝင်နိုင်အောင် ချေးငွေများထုတ်ချေးပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဦးဗညားက အကြံပြုပြောကြားခဲ့သည်။

နယ်စပ်ဒုက္ခသည်စခန်းအမှတ် (၁)နှင့် အမှတ် (၂) တွင် ကရင်နီဒုက္ခသည်များ ခန့်မှန်းခြေ တစ်သောင်းနှစ် ထောင်ကျော်ကျန်ရှိသေးသည်ဟု သိရသည်။

 

 

 

မေလ ရ ရက်နေ့တွင် ကရင်နီဒုက္ခသည်စခန်းမှ ပြန်လာကြသည့်သူများကို သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိ သူများက လိုအပ်သည့် အချက်အလက်များ ဆောင်ရွက်နေစဉ်ဖြစ်သည်။ ပုံ – ဝတ်ရည်(မယ်စဲ့)

 

 

 

 

spot_img
spot_img

Recent posts