spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဒုတိယအကြိမ်မဲစာရင်း ပြည်နယ်အတွင်း မဲဆန္ဒရှင်ဦးရေ ၆၀၀ ကျော်သာတိုးလာ

Author

Date

Category

နော်ဒွေးအယ်ခူ

ဒုတိယအကြိမ်မဲစာရင်းမှာ ကယားပြည်နယ်အတွင်း ဆန္ဒမဲဆန္ဒရှင်ဦးရေ ၆၀၀ ကျော်သာတိုးလာတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံကနေ သိရပါတယ်။

ပထမအကြိမ်မဲစာရင်းမှာ ပုံစံ ၃ နဲ့ လျှောက်ထားသူ ၆၉၅၅ ဦး၊ ပုံစံ (၄) နဲ့ ပယ်ဖျက်သူ ၄၃၆၅ ဦး၊ ပုံစံ (၄-ဂ) နဲ့ အချက်အလက်မှားယွင်းတဲ့အတွက် ပြန်လည်ပြင်ဆင်သူ ၁၀၇၆၅ ဦးရှိတဲ့အထဲက ဒုတိယအကြိမ်မဲစာရင်းမှာ တိုးလာသူဦးရေ ၆၆၀ သာ ရှိနေတာဖြစ်ပါတယ်။

“ဒုတိယအကြိမ်မဲစာရင်းမှာ ဦးရေ ၆၆၀ တိုးတယ်။ မပါသင့်တဲ့သူတွေပါနေလို့ ပုံစံ ၄ နဲ့ဖျက်တာ ၃၀၀ ကျော်လောက်ရှိတယ်”လို့ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ပြောပါတယ်။

ဒုတိယအကြိမ်မဲစာရင်းထုတ်ပြန်တာကို အောက်တိုဘာ ၁ ရက်ကနေ ၁၄ ရက်အထိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကပ်ထားပြီး ကယားပြည်နယ်တွင်း ပထမအကြိမ်ထုတ် ပြန်ထားတဲ့စာရင်းမှာ မဲပေးပိုင်ခွင့်ရှိသူ နှစ်သိန်းခုနစ်ထောင်ကျော်ရှိပြီး ယခု ဒုတိယအကြိမ်ထုတ်ပြန်ရာမှာ ၆၆၀ ဦးတိုးလာပါတယ်။

မဲဆန္ဒရှင်အနေနဲ့ မဲစာရင်းမှာ မိမိအမည်မပါဝင်ပါက သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့မှာ ပြင်ဆင်ဖြည့်စွက်လျှောက်ထားတာတွေ၊ အခြားဒေသကနေ လာရောက်နေထိုင်သူဆိုရင် ပုံစံ (၃-က)နဲ့ လျှောက်ထားရတာတွေ၊ မဲစာရင်းမှာ မပါဝင်သင့်သူတွေ ပါဝင်နေပါက ပုံစံ (၄) နဲ့ ကန့်ကွက်တာတွေ၊ စတဲ့အချက်အလက်မှားယွင်းနေပါက ပုံစံ (၄-ဂ) နဲ့ ပြင်ဆင်လွှာ တင်သွင်းတာတွေ သက်ဆိုင်ရာတာဝန်ရှိသူကနေတဆင့် ပြန်လည်စီစစ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ရက်ပေါင်း ၉၀ နဲ့အထက် မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်တွေက မိမိတို့အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရှောက်ရှိနေတဲ့ မဲဆန္ဒနယ်မှာ ရွေးကောက်ခံတဲ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေးနိုင်ခွင့်ရရှိစေဖို့အတွက် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ (၃-က) နဲ့ စက်တင်ဘာလ ၁၇ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ လျှောက်ထားနိုင်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

“မဲဆန္ဒနယ်ပြင်ပ မဲပေးဖို့အတွက်ကတော့ ရက်ပေါင်း ၉၀ နဲ့အထက် မဲဆန္ဒနယ်ပြင်ပမှာ လက်ရှိဒီမှာရောက်ရှိနေတဲ့ ယခင်တုန်းကတော့ ရက်ပေါင်း ၁၈၀ ပေါ့ ပြန်ပြင်ထားတဲ့အတွက် ရက်ပေါင်း ၉၀ ပေါ့။ ရက်ပေါင်း ၉၀ လက်ရှိနေရာမှာ ရောက်ရှိနေပြီးတော့မှ မိမိမူရင်းဒေသမှာမဲမပေးချင်ဘူး လက်ရှိ မိမိရောက်ရှိနေတဲ့ဒေသမှာပဲ မဲပေးချင်တယ်ဆိုရင်တော့ မဲဆန္ဒရှင်ပြည်သူတွေက ပုံစံ (၃) က နဲ့လျှောက်လို့ရပါတယ်။ ပုံစံ (၃) က နဲ့လျှောက်မယ်ဆိုရင်လည်း ဝန်ထမ်းဖြစ်မယ်ဆိုရင်တော့ သက်ဆိုင်ရာအကြီးအကဲရဲ့ထောက်ခံစာလိုတာပေါ့ အလုပ်သမားဖြစ်မယ်ဆိုရင်လည်း အလုပ်ရှင်ရဲ့ထောက်ခံချက် အခြားဆိုရင်လည်း ကိုယ်တိုင်ဝန်ခံချက်လိုတာပေါ့။ အဲဒါပြီးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ရက်ပေါင်း ၉၀ နဲ့အထက်ရှိတဲ့ထောက်ခံချက် ဒါတွေနဲ့ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှာ (၃) ကနဲ့လျှောက်မယ်ဆိုရင် ကျတော်တို့က စီစစ်ပြီးတော့မှ မဲပေးနိုင်ဖို့အတွက် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ (၃) ကနဲ့ လျှောက်ထားမှုကိုလည်း ၁၇ ရက် ၉ လ ၂၀၂၀ ကစပြီးတော့မှ စတင်လက်ခံနေပါပြီ။ (၃) ကတွေနဲ့ မဲဆန္ဒနယ်ပြင်ပပေါ့။ အဲဒါကိုဘယ်ထိလက်ခံပေးမလဲဆို ၁၀ ရက် ၁၀ လ ၂၀၂၀ ခုနှစ်အထိလက်ခံပေးပါမယ်။ အဲလိုလျှောက်ထားတဲ့သူကို လက်ခံပြီးသွားပြီဆိုရင် သူရဲ့မူရင်းဒေသမှာရှိတဲ့ မဲစာရင်းကို ဒီက ပုံစံ (၃) ခနဲ့ ပယ်ဖျက်ခြင်းဆောင်ရွက်မှာဖြစ်ပါတယ်” လို့ဦးကျော်ဆန်းဝင်းက ပြောပါတယ်။

မဲဆန္ဒရှင်စာရင်းမှာ မိမိအမည် ပါမပါ စစ်ဆေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း တိုက်တွန်းနိုးဆော်ထားပြီး အွန်လိုင်းကနေတဆင့် ကြည့်ရှုလိုသူတွေအနေနဲ့ https://findyourpollignstation.uec.gov.mm မှာ ဝင်ရောက်စစ်ဆေးဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts