spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

ဒေါဆိုရှေးတောင်သူတွေကို အမိန့်ချမှတ်လိုက်ပြီ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

အမတ (၃၆၀)ကနေ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးတောင်သူတွေကို တရားစွဲထားတာဆိုရင် ဒီနေ့မှာတော့ ပုဒ်မ ၄၄၇ နဲ့ဆွဲထားခံရတဲ့သူတွေကို ငွေဒဏ်တစ်သောင်းချမှတ်ခဲ့ပြီး ငွေဒဏ်မဆောင်ပါက ထောင်ဒဏ် ၁၅ရက်၊ ပုဒ်မ (၆/၁)နဲ့တရားစွဲခံရတဲ့သူတွေကတော့ အလုပ်နဲ့ထောင်ဒဏ်၃လ ချမှတ်လိုက်တာဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်တရားရုံးကနေ စုစုပေါင်း တောင်သူလယ်သမားအပါအဝင်၊ စက်သမား စုစုပေါင်း ၁၉ ဦးကို အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

၁၉ဦး ထဲမှာတော့ တချို့ကတော့ပုဒ်မ ၄၄၇ ၊ တချို့ကတော့ ပုဒ်မ (၆/၁)၊ တချို့ကတော့ ပုဒ်မ ၂ ခုစလုံး ဆွဲဆိုခံရတာဖြစ်ပါတယ်။

ချုပ်ရက်တွေနဲ့ ပြန်နုတ်လိုက်တာဖြစ်လို့ ဒီနေ့မှာတော့ အချုပ်ကျခံထားရတဲ့ တောင်သူတွေ ပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။ ပုဒ်မ ၄၄၇ နဲ့စွဲဆိုခံရတဲ့ တောင်သူတွေကတော့ ငွေဒဏ် တစ်သောင်းပေးဆောင်ခဲ့ကြပါတယ်။

ဒီနေ့ ဒီးမော့ဆိုမြို့နယ် တရားရုံးကနေ အမိန့်ချမှတ်ပြီး အချုပ်ကနေ ပြန်လွှတ်မြောက်လာတဲ့ တောင်သူတွေ မြင်တွေ့ရစဉ်ဖြစ်ပါတယ်။

တောင်သူလယ်သမားဘက်မှ လိုက်ပါဆောင်ရွက်နေတဲ့ အကျိုးဆောင်ရှေ့နေ ဦးစောခူးတလေ က အခုလို ရှင်းပြသွားပါတယ်။

“အားလုံးအမှု စုစုပေါင်း ၆ မှု၊ ပုဒ်မ ၄၄၇ နဲ့ဆွဲတာက ၄ မှု၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးစောင့်ရှောက်ရေးပုဒ်မ ၆/၁ နှစ်မှု ၊ ၄၄၇ ပုဒ်မကိုပထမဆုံးစဆွဲတုန်းက ၁၅ဦး ဒုတိယအမှုက ၃ ဦး တတိယနဲ့စတုတ္ထကတော့ ၆ ဦးစီပေါ့။ နောက်ပြီး ပုဒ်မ (၆/၁)မှာကတော့ ၆ ဦးစီးပေါ့။တချို့ကတော့ ၄၄၇ ပုဒ်မမှာလည်းပါတယ်။ (၆/၁)မှာလည်းပါတယ်။ လူထပ်တာတွေတော့ရှိတယ်။ ဥပမာ ဦးပါစကွားလယ်ဆို ၆ မှုစလုံးပါတယ်။ ၄၄၇နဲ့ တရားစွဲထားတဲ့သူတွေကို ငွေဒဏ် တစ်သောင်းစီ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ် ၁၅ ရက် ကျခံစေဆိုပြီးတော့မှ အမိန့်ချတယ်။ တောင်သူတွေက ငွေဒဏ်ဆောင်တာပေါ။ ပုဒ်မ (၆/၁)မှာနှစ်မှုစလုံးကို အလုပ်နဲ ထောင်ဒဏ် ၃ လစီချတယ်။ နှစ်မှုပေါင်းရင် ၆ လဖြစ်သွားတယ်။ ဒီအပိုင်းကတော့ သူတို့ချုပ်ရက်က ၆ လကျော်ရှိနေတယ်ဆိုတော့ အလုပ်နဲ့ထောင်ဒဏ် ၃ လ ကျခံစေဆိုပြီးချတယ်။ ချုပ်ရက်ရှိရင်ချုပ်ရက်နဲ့ ထုတ်နုတ်ခံစားစေဆိုပြီး အမိန့်ချလိုကတယ်။”

အခုလို ပစ်ဒဏ်ချမှတ်လိုက်ပေမယ့်လည်း တောင်သူတွေဘက်က လုပ်ကိုင်စားသောက်စရာမြေနေရာမရှိလို့ ဒီမြေပေါ်မှာပဲ ဆက်လက်လုပ်ကိုင်စားသောက်နေဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို အသားနာခံတောင်းဆိုသွားမယ်လို့ ကိုသောမတ်က ဒီနေ့ပြန်လွှတ်လာတဲ့အချိန်မှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောသွားပါတယ်။

ကိုသောမတ်က “ကျနော်တို့က ဒီမြေတွေကိုပဲ အားကိုးနေရတာ ဒီမြေမှမရှိရင် ဒီမြေမှမလုပ်ရရင် ဘယ်နားမှာ သားသမီးတွေကို ရှာကျွေးရမလဲပေါ့။” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် စိုက်ပျိုးရာသီချိန်က ဒေါဆိုရှေးတောင်သူတွေကို ၎င်းတို့ရဲ့ မိရိုးဖလာလက်ထက်က စိုက်ပျိုးလုပ်ကိုင်လာကြတဲ့ တောင်ယာမြေကိုထွန်ယှက်စိုက်ပျိုးရာမှ အမတ စစ်တပ်ကနေ ၎င်းတို့ရဲ့ တပ်ပိုင်မြေထဲ ဝင်ရောက်ကျူးကျော်စိုက်ပျိုးတယ်ဆိုပြီး တောင်သူတွေကို တရားစွဲခဲ့တာဖြစ်ပါတယ်။

အခုလို ပစ်ဒဏ်ချမှတ်တာခံလိုက်ရပေမယ့်လည်း ဒီမြေယာကိုပဲ အားကိုးအားထားနေကြရတာဖြစ်လို့ ပြန်လည်လုပ်စားဖို့ လိုအပ်တယ်လို့ ပုဒ်မ ၄၄၇ နဲ့တရားစွဲခံရပြီးတော့ ငွေဒဏ် တစ်သောင်းပေးဆောင်ခဲ့ရတဲ့ ဒေါ်ပလျားမြာကတော့ အခုလိုပြောပါတယ်။

ဒေါ်ပလျားမြာ “ကျမတို့ ဘိုးဘွားစဉ်ဆက်က တစ်သက်လုံးဟာပဲလေး ကျမတို့ သွားစရာလုပ်စရာမရှိတော့ ဒီဟာလေးပဲ သွားလုပ်စားရတာ။ အရင်ကတည်းက ဒီတောင်ယာမြေကိုပဲ တစ်သက်လုံးပြန်လုပ်စားချင်တယ်။” လို့ပြောပါတယ်။

ပုဒ်မ ၄၄၇ နဲ့တရားစွဲခံရပြီးတော့ ငွေဒဏ် တစ်သောင်းပေးဆောင်ခဲ့ရတဲ့ ဒေါ်ကလော်မာ ကလည်း ထောင်မကျသော်ငြားလည်း မြေယာမရှိရင် လုပ်စားစရာမရှိလို့ မပျော်ဘူးလို့ သူမရဲ့ ခံစားချက်ကို အခုလိုပြောပါတယ်။

ဒေါ်ကလော်မာက “အကယ်၍ ကျမတို့ဒီမြေယာကို ပြန်လုပ်ခွင့်မရရင် ဒီဟာလေးပဲရှိတယ်။ တခြားဟာလည်း လုပ်စားဖို့မရှိဘူး။ မြေလည်းမရှိဘူး။ ဘာမှလုပ်ကိုင်စားရှာစားဖို့မရှိဘူး။ အဲလိုဖြစ်ကုန်တော့ တခြားဘာလုပ်ရမလဲ။”လို့ အခုလို ရင်ဖွင့်စကားပြောဆိုလိုက်ပါတယ်။

အမတ (၃၆၀)တပ်သိမ်းထားတဲ့မြေယာတွေဟာဆိုရင် ၂၀၀၃၊ ၂၀၀၄ခုနှစ်နောက်ပိုင်းမှာမှ တပ်ရင်းလာတည်တဲ့အချိန်မှာ တပ်စခန်းအတွက် တောင်ယာတွေကို ဖယ်ပေးခဲ့ရတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts