spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဒေါရောက်ခူကျေးရွာမှာ ဝက်နာကျ၊ နှစ်ပတ်အတွင်း ဝက် ၁၀ကောင်ကျော် သေဆုံး

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း ဒေါရောက်ခူကျေးရွာမှာ ဝက်နာကျပြီး နှစ်ပတ်အတွင်း တစ်ကောင်နဲ့တစ်ကောင် ကူးစက်မှုမြန်တဲ့အတွက် ၁၀ကောင်ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ဖြစ်တာက ၂ ပတ် ၃ပတ်လောက်ရှိပြီ။ အခုမှသေတဲ့အကောင်ရေ စိပ်သွားတာ။ ၀က်ခြံချင်းနီးလေပိုကူးလေပဲ။ သေတာ ၁၀ ကောင်ကျော်ပြီ။ အရင်ကဒီလိုတစ်ခါမဖြစ်ဖူးဘူး။ ဒီနှစ်မှထူးထူးဆန်းဆန်းသေတာ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ကူးစက်မှုမဖြစ်ပွားအောင် ကာကွယ်ဆေးထိုးထားတာရှိပေမယ့် တချို့ဆေးက ဒိတ်လွန်နေတာရှိတယ်လို့လည်း သူကပြောပါတယ်။ ဝက်နာကျပြီး မသေဆုံးခင်မှာ ဝက်အများစု လက္ခဏာဟာ ဝမ်းချုပ်တာ၊ အစာမစားတာ၊ သွေးအန်တာ၊ အူမသန့်တာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ပတ်က တစ်ကောင်စ နှစ်ကောင်စသာ သေဆုံးခဲ့ပြီး ခုချိန်မှာတော့ ဝက်တွေ အများအပြားသေဆုံးတာကို တွေ့ရှိရတယ်လို့ ပြောပါတယ်။ အဲ့လို လက္ခဏာပြပြီး ၃ရက်မှ တစ်ပတ်အတွင်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ခုသေဆုံးတဲ့ဝက်တွေက အကောင်ကြီးတဲ့ဝက် အများစုဖြစ်တာကြောင့် ထပ်မံဝက်သေဆုံးမှာကို စိုးရိမ်နေကြပါတယ်။

“ကျွန်တော်တို့၀က်က ၁နှစ် ၂နှစ် နဲ့ ကြီးလာတဲ့၀က်မဟုတ်ဘူး။ CP စာကျွေးတဲ့၀က်လည်းမဟုတ်ဘူးလေနော။ ၄နှစ်အစာကျွေးပြီးမှကြီးလာတဲ့၀က်ဖြစ်တယ်။ တတ်နိုင်သလောက်တော့ကြိုးစားတယ်။ ပြုစုတယ်။ ဒါမဲ့ ဂရုစိုက်သလောက် အဖတ်မတင်ဘူးပေါ့နော့။ကျွန်တော်တို့နဲ့၀က်နဲ့က အမှီသဟဲပြုနေကြတာ။ သာရေးနာရေး အတွက်ပဲ၀က်မွေးတာ။စီးပွားဖြစ်မမွေးဘူး။၀က်ကသေသွားပြီ တအား၀မ်းနည်းတယ် ပြုစုတဲ့သူအတွက်ပေါ့။” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ထပ်မံကူးစက်မှုမဖြစ်ပွားအောင် နေကောင်းကျန်းမာတဲ့ဝက်နဲ့ နေမကောင်းတဲ့ဝက်ကို သီးခြားထားဖို့၊ ဝက်ခြံပတ်လည်ကို ထုံးဖြူသုတ်ထားဖို့၊သေဆုံးဝက်ကို စည်းကမ်းမဲ့မစွန့်ပစ်ဖို့ ၊ မစားဖို့၊ မြေနက်နက်တူးပြီးတော့မှ ပိုးသတ်ဆေးဖြန်းပြီး မြှုပ်ဖို့၊ မြှုပ်ပြီး မြေဖို့ထားတဲ့နေရာပတ်လည်ကိုလည်း ပိုးသတ်ဆေးဖြန်းပေးတာတို့ကို ပြုလုပ်ပေးသင့်တယ်လို့ သိနားလည်တဲ့ ဒေသခံတစ်ဦးက အကြံပြု တိုက်တွန်းထားပါတယ်။

ဝက်ရောဂါကာကွယ်ဆေးကိုလည်း ပုံမှန်ထိုးထားပေးသင့်တယ်လို့ ဆိုပါတယ်။ ဒီးမော့ဆိုမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် မေလအတွင်းက ဝက်နာကျရောဂါကူးစက်မှုပြင်းထန်ခဲ့ပြီး ဝက်ကောင်ရေ ရာချီသေဆုံးမှုဖြစ်ပွားခဲ့ပါသေးတယ်။ သို့ပေမယ့် ဒေါရောက်ခူကျေးရွာမှာတော့ ဒီနှစ်မှသာ ကူးစက်သေဆုံးမှုဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

spot_img
spot_img