spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ရရန် ဒေသခံများမျှော်လင့်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မနက်ဖန် ၁၅.၁.၂၀၂၀ မှာ ကျရောက်တဲ့ ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ကို လာရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေကို တင်ပြထားပေမယ့်လည်း တွေ့ခွင့်ရမရက မသေချာဘူးလို့ ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂ ဥက္ကဌ ခူးတူရယ်က ပြောဆိုလိုက်ပါတယ်။

ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ မြေယာအငြင်းပွားမှုတွေနဲ့ တောင်သူတွေကြုံတွေ့နေရတဲ့ အခက်ခဲတွေကို တင်ပြဖို့ အတွက် အခုလို တွေ့ချင်တာဖြစ်ကြောင်း ကိုတူရယ်ကပြောပါတယ်။

“ ကျနော်တို့တွေ့ဖို့တော့တင်ပြထားတယ်၊ ဒါပေမဲ့ တွေ့ဖို့အတွက် ကျနော်တို့ကိုတာ (ခွဲတမ်း) ရ, မရဆိုတာကတော့ သူတို့ပေါ်မှာဘဲမူတည်တယ်၊ သူတို့ကတွေ့လို့ရမယ်ဆိုရင်တော့တွေ့ရမှာပေါ့၊ တွေ့ဖို့ခွင့်ပြုချက်မပေးဘဲ ကျနော်တို့သွားတွေ့ရင်လည်း တရားဝင်မှာ မဟုတ်ဘူး” လို့ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲကို တက်ရောက်မယ်ဆိုရင် မေးမြန်းမယ့် မေးခွန်းတွေကို ကြိုတင်ပေးပို့ ရမှာ ဖြစ်ပြီးတော့ ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေက ဒီမေးခွန်းတွေကို စိစစ်သွားမှာ ဖြစ်တယ်လို့ ကိုတူရယ်ကပြောပါတယ်။

“ ကျနော်တို့တွေ့ဆုံပွဲတက်မယ်ဆိုရင် မေးမဲ့မေးခွန်းတွေကို ကြိုတင်ရမယ်၊ အဲ့မေးခွန်းတွေကို သက်ဆိုင်ရာပြည်နယ်အစိုးရတာဝန်ရှိသူတွေက စိစစ်မယ်ပေါ့၊ အဲ့တာ သူတို့ဂုဏ်သိက္ခာထိခိုက်နိုင်မဲ့မေးခွန်းမျိုးဆို ပယ်ချမယ်၊ မတင်ပေးဘူးပေါ့၊ ကျနော်တို့တောင်သူလယ်သမားသမဂ္ဂအနေနဲ့သီးသန့်တွေ့ဆုံဖို့မရှိပါဘူး၊ တွေ့ခွင့်လဲရမှာမဟုတ်ဘူး၊ ဒါပေမဲ့ သူလာတုန်းတောင်သူတွေရဲ့အခက်အခဲကိုတော့ပြောပြချင်တာပေါ့” လို့ ကိုတူရယ်ကပြောပါတယ်။

လက်ရှိအချိန် ကယားပြည်နယ်မှာ မြေယာကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်က တရားစွဲဆိုတားတဲ့ တောင်သူဦးရေမှာ ၄၁ ဦးရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

တဖက်မှာလည်း ဗိုလ်ချုပ်ရေးရုပ်ထားရှိရေးအပေါ် ကန့်ကွက်ထားတဲ့ ကရင်နီလူငယ် အဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ရဖို့စာပေးပို့တောင်းဆိုထားပါတယ်။ တွေ့ဆုံခွင့်ရမယ်ဆိုရင် ကရင်နီလူငယ်တွေရဲ့ ခံစားချက်တွေကို အဓိကရင်ဖွင့်ပြောပြသွားဖို့ ရှိနေပြီး အဲ့ဒီတွေ့ဆုံမှုမှာ ကြေးရုပ်အကြောင်း ထည့်သွင်းဆွေးနွေးမှာ မဟုတ်ဘူလို့ ကရင်နီလူငယ်တဦးဖြစ်တဲ့ ပါစကွားလယ် (ခ) မျိုးလှိုင်ဝင်းကပြောပါတယ်။

“ ကျနော်တို့တွေ့ဖို့စာတင်ပြတောင်းဆိုထားတာက ကရင်နီလူငယ်အင်အားစုရဲ့ခံစားချက်ကို ပြောပြချင်တာပါ၊ ရိုးရိုးရှင်းရှင်းလေးပါဘဲ၊ ကြေးရုပ်ကိစ္စဆွေးနွေးဖို့ကတော့မပါဘူး” လို့ ပါစကွားလယ် (ခ) မျိုးလှိုင်ဝင်းကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုခရီးစဉ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီကာလက ခရီးစဉ်နဲ့ ကွားခြားမှုအများကြီးရှိသွားပြီး သူမနဲ့တွေ့ဆုံပွဲတွေမှာ ပြည်နယ်အရေးကို မေးမြန်းထောက်ပြမဲ့ သူတွေကို ဖိတ်ကြားခြင်းမပြုတာဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးသဲရယ်က ပြောပါတယ်။

“ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်လာတဲ့ခရီးစဉ်နဲ့ကတော့ တအားကွာသွားပြီး ၊ အဲ့ဒီတုန်းက အောက်ခြေလူထုနဲ့တွေ့ကြတယ်၊ လူထုရဲ့အသံကိုနားထောင်တဲ့ ပွင့်ပွင့်လင်းလင်းတွေ့ဆုံမှုမျိုးရှိခဲ့တယ်၊ အခုကျတော့ ပြည်နယ်မှာ ဖြစ်နေတဲ့ပြသနာ ၊ ပြည်နယ်အရေးကို ထောက်ပြမဲ့သူတွေကိုကျတော့မဖိတ်ဘူး၊ သူတို့နဲ့နီးစပ်ရာလူတွေကိုဘဲဖိတ်တယ်ဆိုတော့ ဒါ … ပွင့်လင်းမြင်သာမှုမရှိတဲ့သဘောဘဲ” လို့ ဦးသဲရယ်ကပြောပါတယ်။

နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီကာလမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပပြင်ဆင်ရေး စည်းရုံးဟောပြောပွဲအတွက် လွိုင်ကော်မြို့ ကယားဒေးကွင်းမှာ လူထုတစ်သောင်းကျော်နှင့် တွေ့ဆုံဟောပြောခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးခရီးစဉ်အနေဖြင့် ကယားပြည်နယ်တွင်းက လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းနှင့် ရှားတော စတဲ့မြို့နယ် (၆) မြို့နယ်ကို သွားရောက်မဲဆွယ်စည်းရုံးဟောပြောခဲ့ပါတယ်။

လက်ရှိကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ မယ်စဲ့မြို့နယ်ကိုတော့ သွားရောက်ခဲ့ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၀.၁.၂၀၂၀ နေ့က မြစ်ကြီးနာ မနောကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကချင်လူမျိုးတွေရဲ့မနောပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။

spot_img
spot_img

Recent posts