spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

“နောက်တက်မယ့်အစိုးရဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဦးဆောင်ဆွေးနွေး နိုင်ဖို့ လိုတယ်” လို့ ပြောဆိုလိုက်တဲ့ ခူးပလုရယ်နဲ့ တွေ့ဆုံမေးမြန်းခြင်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အစိုးရဘက်က ဦးဆောင်ပါဝင်ဆွေးနွေးနိုင်တဲ့ အနေအထားက အားနည်းနေတယ်လို့ ကယားပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာသုံးသပ်သူ ခူးပလုရယ်ကပြောပါတယ်။

ခူးပလုရယ်ဟာ ၂၀၁၂ခုနှစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နဲ့ မြန်မာတပ်မတော်တို့အပစ်အခက်ရပ်စဲရေးစာချုုပ်ကို မချုပ်ဆိုမှီအချိန်ကတည်းက ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားခဲ့ဖူးသူတစ်ဦးဖြစ်ပါတယ်။

ခူးပလုရယ်ကို ကန္တာရဝတီတိုင်း(မ်)က တွေ့ဆုံမေးမြန်းခဲ့တဲ့ အထဲက တချို့ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

မေး။ ။ ၂၀၁၅-၂၀၂၀ လက်ရှိအစိုးရလက်ထက်မှာ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ်မှာ ဆရာအနေနဲ့ ဘယ်လိုသုံးသပ်ချင်လဲ။ ဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင် ၂၀၂၀-၂၀၂၅မှာ ငြိမ်းချမ်းရေးကိစ္စက ဘယ်လောက်ထိရောက်နိုင်လဲ။
ဖြေ။ ။ အခု NLD အစိုးရအနေနဲ့ နံပတ်(၁)အနေနဲ့ပွင့်ပွင့်လင်းလင်းပြောရရင် ဒီငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်မှာ ပိုပြီးတော့မှ ကျွမ်းကျင်နှံ့စပ်တဲ့ ဒါမှမဟုတ်ရင်လဲ ပြောနိုင်ဆိုနိုင်တဲ့ ပုဂ္ဂိုလ်တွေကို ပြန်ပြီးမှ လူမှန်နေရာမှန်ထားပေးဖို့လိုတယ်ပေါ့နော်။ ပြည်နယ်အဆင့်မှာပဲဖြစ်ဖြစ် ပြည်ထောင်စုအဆင့်မှာပဲဖြစ်ဖြစ် အဲ့တာ အင်မတန်အရေးကြီးပါတယ်။
နံပတ်(၂)အချက်ကတော့ လာမယ့်အစိုးရပေါ့လေ။အခုလက်ရှိ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးနေတဲ့ဖြစ်စဉ်မှာ ဒီထက်ပိုပြီးတော့မှ တပ်မတော်နဲ့ သေသေချာချာလေး ညှိနှိုင်းပြီးတော့မှ၊ဆက်ဆံရေးကောင်းအောင်လုပ်ပြီးတော့မှ၊တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ဆွေးနွေးနိုင်ရင်တော့ ပိုပြီးတော့မှ ထိရောက်လိမ့်မယ်။ တစ်ခါတစ်လေကျရင် ကျနော်တို့ လေ့လာမိသလောက်ကတော့ ဆွေးနွေးမှုမှာ တပ်မတော်ကနေပဲ ပိုပြီးတော့မှ ဦးဆောင်ဆွေးနွေးနေတဲ့ အနေအထားမျိုးဖြစ်တာပေါ့နော်။ အစိုးရကိုယ်စားလှယ်အနေနဲ့က သိပ်ပြီးတော့မှ ဦးဆောင်ဆွေးနွေးနိုင်တဲ့အနေအထားမရှိဘူးပေါ့နော်။ ဒီဟာကိုပြန်ပြီးမှ ချိန်ညှိဖို့လိုတယ်။ အစိုးရနဲ့ တပ်မတော်နဲ့ တစ်ဖက်ဖက်က အလေးသာတဲ့ ပုံစံမျိုးနဲ့ဆိုတဲ့ဟာထက် တပ်မတော်နဲ့အစိုးရနဲ့က သေချာညှိနှိုင်းပြီးတော့မှ အစိုးရဆိုတဲ့ ကိုယ်စားပြုမှုတစ်ခုခုကို သေသေချာချာလေး ဒီတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဆွေးနွေးနိုင်မယ်ဆိုရင်တော့ ပိုကောင်းပါတယ်။
နံပတ်(၃)အချက်ကတော့ အဓိက တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို အမြန်ဆုံးလျော့ချဖို့ ကြိုးစားဖို့လိုတယ်။ တစ်နည်းအားဖြင့်တော့ တိုက်ပွဲတွေမဖြစ်အောင်ထိန်းဖို့ အရမ်းလိုအပ်ပါတယ်။ ဒါက အင်မတန်မှ အရေးကြီးပါတယ်။ တိုက်ပွဲဖြစ်နေရင် ဆွေးနွေးမှုကလဲ အဆင်ပြေမှာ မဟုတ်ဘူး။ ဒါက မဖြစ်မနေပြန်ပြီးလုပ်ရမဲ့ဟာ တစ်ခုဖြစ်တာပေါ့နော်။

မေး။ ။ ပြည်ထောင်စုဖွံ့ဖြိုးရေးနှင့် ကြံခိုင်ရေးပါတီ အစိုးရလက်ထက်မှာ KNPP အဖွဲ့နဲ့ လစဉ်တွေ့ဆုံမှုတွေရှိပေမယ့် အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်မှာ အရင်ကလောက်တွေ့ဆုံမှုတွေ မလုပ်နိုင်တာကို တွေ့ရတယ်။ အဲ့အပေါ်မှာရော ပြည်တွင်းငြိမ်းချမ်းရေးအတွက် စိုးရိမ်စရာတွေရှိလာနိုင်လား။
ဖြေ။ ။ ကျနော်တို့အဓိက မြေပြင်မှာက ပြသနာအချို့တွေရှိတယ်။ တပ်လှုပ်ရှားမှုပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင် အကြီးစားစီမံကိန်းပဲ ဖြစ်ဖြစ်၊ အောက်ခြေမှာရှိတဲ့ တစ်ချို့သော လူ့အခွင့်အရေးကိစ္စတွေမှာပဲဖြစ်ဖြစ် ပြသနာတွေကတော့ ရှိနေတယ်။ ဒီပြသနာတွေက တစ်ခါတစ်လေကျရင် စားပွဲပေါ်မှာထိုင်ပြီးမှ သေသေချာချာလေးဆွေးနွေးဖြေရှင်းဖို့လိုတယ်။ ဒီပြသနာတွေ နည်းနည်းများလာရင် နောက်ပိုင်းမှာက အစုကြီးဖြစ်လာပြီးတော့မှ ပေါက်ကွဲထွက်လာရင် ကျနော်တို့ ဒီလက်ရှိသွားနေကြတဲ့ ဒီငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်ကို အများကြီးထိခိုက်နိုင်တယ်။ အဲ့ဒါကြောင့်မလို့ ထိတွေ့၊ တိုင်ပင်ဆွေးနွေးမှု၊ ဖြေရှင်းမှုတွေက အမြဲမပျက်လုပ်ရမယ့်ဟာ ဖြစ်တယ်။ အဲ့ဒါမှပဲ နားလည်မှုတွေလဲတည်ဆောက်လို့ရမှာဖြစ်သလို ဖြစ်နေတဲ့ ပြသနာတွေကိုလဲအချိန်နဲ့ တပြေးညီဖြေရှင်းနိုင်မယ်ဖြစ်တယ်။ အဲ့ဒါကြောင့်မလို့ ပုံမှန်တွေ့ဆုံမှုကတော့ အင်မတန်မှ အရေးကြီးတယ်။ ဒီအောက်ခြေမှာဖြစ်နေတဲ့ ကိစ္စတွေကိုဖြေရှင်းဖို့ရယ် နောက်ပြီး ရှေ့ဆက်ပြီး ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာနိုင်ဖို့အတွက် ပိုပြီးတော့မှ နားလည်မှုတည်ဆောက်ဖို့အတွက်က လစဉ် ဒါမှမဟုတ် ပုံမှန်တွေ့ဆုံတဲ့အနေအထားမျိုးက အင်မတန်အရေးကြီးပါတယ်။

မေး။ ။ အခုလို Covidဖြစ်နေတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့် လစဉ်တွေ့စုံမှုတွေမရှိတော့တဲ့အပေါ်မှာရော လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ သက်ရောက်မှုရှိနိုင်လား။
ဖြေ။ ။ ကိုဗစ်ကတော့ တစ်ပိုင်းဖြစ်ပါတယ်။ ဒီ ကိုဗစ်ကိစ္စကလဲ ရောဂါဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ချိန်းခြောက်တဲ့ရောဂါဖြစ်တဲ့အတွက်ကြောင့် အင်မတန်မှအလေးထားရမာဖြစ်သလို ဒီထဲမှာမှ ကျနော်တို့က အကောင်းဆုံးနဲ့ ဘယ်လိုမျိညှိနှိုင်းအဖြေရှာမလဲ၊ ဘယ်လိုမျိုးဆွေးနွေးမလဲဆိုတာကို နှစ်ဖက်က အဲ့ဒါစဉ်းစားပြီးတော့မှ လုပ်သင့်တယ်။

မေး။ ။ ပြည်နယ်အတွင်းက CSO အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ သူတို့တွေလုပ်ဆောင်နေတာကိုတွေ့ရတယ်။ သို့ပေမယ့် အစိုးရအနေနဲ့ သူတို့ကို အသိအမှတ်မပြုတဲ့ပုံစံမျိုးလဲ ဖြစ်နေတယ်။ အဲ့အပေါ်မှာရော CSO အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်မှုတွေက တကယ်တမ်းထိရောက်မှုရှိလား။
ဖြေ။ ။ CSO ရဲ့လုပ်ဆောင်မှု မှန်သမျှက အနည်းနဲ့ အများဆိုသလို ထိရောက်မှုရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြည်နယ်တစ်ပြည်နယ်မှာ၊ ဒေသတစ်ခုမှ၊ နိုင်ငံတစ်နိုင်ငံမှာ CSO ရဲ့ အားမပါပဲနဲ့ပြုပြင်ပြောင်းလဲမှု တစ်ခုကိုလုပ်ဖို့ဆိုတာ အင်မတန်မှခက်ခဲပါတယ်။ အဲ့ဒါကြောင့်မလို့ CSOကတော့ အားနည်းချက်တွေရှိသော်ငြားလဲ ဘယ်လိုပဲပြောပြော ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးအတွက်၊ ဖွံ့ဖြိုးရေးအတွက်ကတော့ တစ်ထောက်တစ်နေရာကနေ အထောက်အကူပြုတယ်ဆိုတာကို ယုံမှား သံသယ ဖြစ်စရာမရှိဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့ဆိုတဲ့နေရာမှာ အစိုးရရဲ့အမြင်အပေါ်မှာလဲမူတည်တယ်။ CSO တွေရဲ့ ချဉ်းကပ်မှုအပေါ်မှာလဲ အများကြီးမှုတည်တယ်။ အစိုးရကလည်း ဒီ CSO ကို အတိုက်အခံလိုမျိုးပဲ မမြင်ဖို့နဲ့ တစ်ကယ်ပဲဒီပြည်နယ်အတွက်၊ ဒီနိုင်ငံအတွက်၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက်လုပ်တဲ့နေရာမှာ အင်မတန်မှ မရှိမဖြစ်လိုအပ်တဲ့အဖွဲ့အစည်းတွေ၊ သူတို့ဆီကနေ အားယူရမယ်၊ သူတို့ကို အခွင့်အလမ်းတွေပေးရမယ်ဆိုတဲ့ဟာမျိုးကို အစိုးရဘက်ကလဲ သေသေချာချာလေးလုပ်ဖို့လိုတယ်။

မေး။ ။ လက်ရှိ အစိုးရလက်ထက်မှာ ကယားပြည်နယ်ရဲ့ငြိမ်းချမ်းရေးအခြေအနေနဲ့ ပတ်သတ်ပြီးတော့ငြိမ်းချမ်းရေးက ဘယ်လောက်ထိခရီးရောက်နေပြီလဲဆိုတာကို ဆရာအနေနဲ့ သုံးသပ်ပေးပါ။
ဖြေ။ ။ ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီး ဒီပြည်နယ်မှာကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်ရှေ့မတိုးနောက်မဆုတ်တဲ့ အခြေအနေမှာရှိတယ်လို့ သုံးသပ်တယ်။ ဘာလို့ အဲ့လို သုံးသပ်ရသလဲဆိုရင် ကျနော်တို့ လွန်ခဲ့တဲ့ ၂၀၁၂က အဲ့ကတည်းက အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင် ဒီပြည်နယ်မှာဆိုရင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သူတို့ ဆွေးနွေးညှိနှိုင်းမှုစခဲ့ရာကနေ အခုထိက နံပတ်(၁)အနေနဲ့ ဒီသဘောတူညီချက်တွေက ယေဘုယျ ဆန်တယ်။ ပြီးရင် ဒီနိုင်ငံရေးအရွေ့ဘက်ကို သွားပြီးတော့မှ ကျနော်တို့ ပြောနေကြတဲ့ ဖက်ဒရယ်ဆိုတဲ့အရေးကိစ္စကို ပြောနိုင်တဲ့နိုင်ငံရေးဆွေးနွေးနိုင်တဲ့ အနေအထားမျိုးမတက်လှမ်းနိုင်ဘူး။ နောက်တစ်ချက်ကတော့ လက်ရှိဒီအောက်ခြေမှာဖြစ်နေတဲ့ တစ်ချို့သော မညီမျှမှုတွေ ဥပမာအားဖြင့် ဒီ စီမံကိန်းကြီးကိစ္စတွေ၊ နောက်ပြီးရင် တခြားသောပွတ်တိုက်မှုတွေကလဲ ရှိနေသေးတဲ့အတွက်ကြောင့် တစ်ဖက်တစ်လမ်းကနေ ငြိမ်းချမ်းရေးကိုလဲသွားပြီးတော့မှ ထိခိုက်နိုင်တဲ့အနေအထားမျိုးပေါ့နော်။ ဒါကြောင့်မလို့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ လွန်ခဲ့တဲ့ ၂၀၁၂ကနေအခုထိက အဲ့လိုအရမ်းတိုးတက်နေတဲ့အခြေအနေမျိုးမရှိတဲ့အတွက်ကြောင့် ဒါကအများကြီးပြောင်းလဲတယ်လို့ ပြောလို့မရဘူး။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် မြန်မာ့တပ်မတော်တို့ ၂၀၁၂အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ ၂၀၁၀-၂၀၁၅ ကနေ ၂၀၁၅-၂၀၂၀အထိ ပစ်ခတ်မှု (၄)ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

spot_img
spot_img

Recent posts