spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

နွေရာသီရေရှားပါးမှုကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းတဲ့ ကလေးတွေ ဝမ်းပျက်ဝမ်းလျှောဖြစ်နေ

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့ နယ် တောင်ဘက်ခြမ်းက စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ကလေးငယ်တွေဟာ ရေရှားပါးတဲ့ နောက်ဆက်တွဲ အနေနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြတယ်လို့ ဖရူဆိုမြို့နယ် ဆိုသယ်စစ်ဘေးဒုက္ခသည်စခန်း ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

” ကလေးအတွက် အရမ်းစိတ်မကောင်းဖြစ်တယ်ပေါနော၊ သူတို့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်ရော ကျန်းမာရေး အတွက်ရော ဒီ အခုချိန်မှာဆို ရေအရမ်းရှားတဲ့အခါကျတော့ ဝမ်းပျက်ဝမ်းလျှောတွေ အရမ်းများ‌နေတယ်။ နောက် သူတို့ဖျားတာတွေ အများကြီးဖြစ်နေခါကျတော့ အရမ်းစိတ်မကောင်းဖြစ်တယ်ပေါ့နော။ ” လို့ ကလေးတွေကို စာသင်ပေးနေတဲ့ စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးက ပြောပြပါတယ်။

ဖရူဆိုမြို့နယ်ဟာ နှစ်စဉ် နွေရာသီအချိန်မှာ ရေရှားပါးမှုကို ခံစားရတဲ့ နေရာဖြစ်ပြီး၊ ယခုလို စစ်ရှောင်နေရတဲ့ကာလမှာ လုံလောက်တဲ့သောက်သုံးရေ ရရှိမှု မရှိတဲ့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး အပိုင်းမှာ အားနည်းနေတာဖြစ်ပါတယ်။

“ရေချိုးမယ်ဆိုလည်း ထမင်းချက်ဖို့ရေလည်း ချန်ထားရဦးမယ်။ အဲ့မျိုး ဖြစ်တဲ့အထိပေါနော။ ကျမတို့ အခက်အခဲက အဲ့လောက်ထိဖြစ်နေတယ်ပေါနော။” လို့ ဆိုသယ် စစ်ဘေးဒုက္ခသည်စခန်းက ကျောင်းဆရာမတစ်ဦး ပြောပါတယ်။

အဆိုပါ ကျောင်းဆရာမရဲ့ ပြောကြားချက်အရ စာသင်ကျောင်းတွေမှာ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုနိုင်တဲ့ ရေမရှိသလို၊ ယင်လုံအိမ်သာအတွက် အသုံးပြုရမယ့် ရေလည်း မရှိတာကြောင့် ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောတွေ အဖြစ်များကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဒေသမှာရေထွက်တဲ့ အရင်းအမြစ်တွေရှိနေပေမယ့် နွေရာသီ ရေခမ်းခြောက်တဲ့အပြင် ရေထွက်ပေါက်နေရာတွေဟာ စစ်ကောင်စီတပ်စခန်းတွေနဲ့ နီးနေတာကြောင့် လုံခြုံရေးအရ သွားရောက် ခပ်ယူလို့မရဘူးလို့ လည်းဆိုပါတယ်။

လက်ရှိမှာတော့ ဝေးလံတဲ့ ရေထွက်ပေါက်တွေဆီကို ကားတွေနဲ့ အလှည့်ကျ သွားရောက်ခပ်ယူနေကြရပေမယ့်၊ ရေကို အကန့်အသတ်နဲ့ပဲ ခပ်နေကြရတဲ့အပြင် သယ်ယူရေးအတွက် ကုန်ကျစရိတ်တွေများတယ်လို့ စစ်ဘေးဒုက္ခသည်စခန်း ကော်မတီတစ်ဦးကပြောပါတယ်။

“ကားရှိပေမယ့်လည်း ဒီဇယ်ဖိုး မတတ်နိုင်တာတစ်ကြောင်းနဲ့ ကျွန်တော်တို့အတွက် အလွန်ခက်ခဲပါတယ်။ အလှည့်ကျနဲ့ ရေခပ်ရတာကတော့ တစ်ရွာကို တစ်ပတ်မှာ တစ်ခါတောင်မပြောနဲ့၊ တစ်လမှာ တစ်ခါ လောက်ပဲ ရေခပ်ရသေးတယ်။ ရေကိစ္စဆိုရင် လုံးဝအဆင်မပြေဘူး။ ရေချိုးဖို့ အဝတ်လျှော်ဖို့ဆိုရင်လည်း အဆင်မပြေဘူး။ သောက်ဖို့ နဲ့ ထမင်းဟင်းချက်ဖို့သာ ချွေတာသုံးရတယ်။ ” လို့ သူက ပြောပါတယ်။

ရေသွားမခပ်နိုင်တဲ့ စစ်ဘေးရှောင်တွေကတော့ ရေပုံးဝါ တစ်ပုံးကို ၅၀၀ ကျပ်နဲ့ ဝယ်ယူသုံးစွဲရတယ်လို့ ဆိုပါတယ်။

” ရေမရှိတော့ဘူး ကုန်ပြီ။ သွားခပ်မယ်ဆိုလည်း ရေလည်းမလာဘူး။ ရေလည်း မရှိဘူး။ နွေရာသီလည်းဖြစ်တော့ ရေရှားတယ်။ ခပ်စရာရေမရှိတော့ဘူး။ ရေဝယ်မယ်ဆိုရင် ပုံးဝါ တစ်ပုံး ဆိုရင် ၅၀၀ကျပ်နှုန်း နဲ့တောင် ပေးဝယ်နေရတယ်။ ” လို့ စစ်ဘေးဒုက္ခသည်စခန်း မှာ နေထိုင်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လက်ရှိ ဖရူဆိုမြို့နယ်အရှေ့ခြမ်းမှာ စစ်ဘေးဒုက္ခသည်စခန်းကြီး ၄ ခုရှိနေပြီး၊ လူဦးရေအားဖြင့် ၃၀၀၀ ဝန်းကျင်ရှိနေတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts