spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

နှစ်ပေါင်းခြောက်ဆယ် လျှပ်စစ်ဓါတ်အားထုတ်ပေမယ့် ကျေးလက်နေသူတွေခံစားခွင့်မရနိုင်ကြသေး

Author

Date

Category

မီမြာ

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒိုမိုစော အုပ်စုမှာ ရှိတဲ့ ခါးဘယ်ကျေးရွာကို ရောက်ဖို့ဆိုရင် ဖရူဆိုမြို့ပေါ်ကနေ ဆိုင်ကယ်နဲ့ သုံးနာရီကြာစီးရပါတယ်။

ခါးဘယ်ရွာကတော့ လမ်းမ နဲ့နီးတဲ့အတွက် ဒိုမိုစောအုပ်စုထဲက တခြားရွာတွေထက် အခုကမီးရရှိနေပါပြီ။ အုပ်စုထဲကရွာ ၇ရွာ ရှိတဲ့အထဲ ခါးဘယ်ရွာက ပထမဆုံးမီးရရှိတဲ့ရွာပါ။

ဒိုမိုစောအုပ်စုက ကျေးရွာ (၇)ရွာရှိပြီး ခါးဘယ်ရွာနဲ့ ဒိုမိုစော နှစ်ရွာသာ လျှပ်စစ်မီးသွယ်တန်းထားသေးတာဖြစ်ပါတယ်။

ဒိုမိုစောရွာကတော့ မီတာဘောက် မလျောက်ကြသေးတဲ့အတွက် မီးမရသေးဘူးလို့ သိရပါတယ်။
ခါးဘယ်ကျေးရွာကတော့ အိမ်ခြေ (၈၀) လောက်ရှိပြီး မီးရရှိရေးပိုင်းမှာတော့ အားလုံးနီးပါးရရှိနေပေမယ့် မီတာဘောက်မရသေးတာ ၄ အိမ်လောက် ကျန်နေသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

၂၀၁၈ခုနှစ်ကစပြီး မီးသွယ်တန်းပေးခဲ့တဲ့ ရွာအတွက် လျှပ်စစ်မီးသွယ်တန်းမှုတွေမှာ တိုးချဲ့ဆောင်ရွက်တာတွေက တချို့ မပြီးပြတ်တာတွေရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ခါးဘယ်ကျေးရွာမှာနေတဲ့ ဦးဒွန်းဝင်းအီက ရွာမှာ လျှပ်စစ်မီးရရှိရေးအအတွက် ဓါတ်တိုင် ဆောက်လုပ်နေတာတွေမှာ လုပ်ငန်းပြီးစီးအောင်မလုပ်ဆောင်တာတွေ ရှိနေတယ်လို့ သူကဆိုပါတယ်။ မီးကြိုးတွေအကုန်လုံး မသွယ်တန်းထားသေးတဲ့အတွက် မီးတွေသွယ်ယူဖို့တွက် အခက်အခဲဖြစ်နိုင်ပြီး လုပ်ငန်းပြီးဆုံးအောင် လုပ်စေချင်တယ်လို့သူကဆိုပါတယ်။

လျှပ်စစ်ဓါတ်တိုင်ပြီးဆုံးအောင် ဆောင်ရွက်မှုမရှိတာနဲ့ ပတ်သက်ပြီး ဦးဒွန်းဝင်းအီက “ကျနော်တို့ဖြစ်စေချင်တာ အားလုံးပြီးစီးအောင် နိုင်ငံတော်က ကျေးရွာတွေကို စေတနာထားပြီး တိုင် ၃၀ချပေးတဲ့ဟာကို သူ့ရဲ့ချပေးတဲ့ estimateအတိုင်း တိုင်ဘယ်နှလုံး၊ မီးဗုံးကဘယ်နှဗုံး၊ ဘိလပ်မြေက ဘယ်နှအိတ်ချပေးတဲ့ကိစ္စကို နည်းနည်းပီပီပြင်ပြင် ပြီးစီးအောင် လုပ်ပေးဖို့လိုအပ်တယ်ပေါ့နော။ နောက်ကျ ကျနောတို့ တိုးချဲ့အိမ်တွေဆောက်တဲ့အခါ မီးသွယ်တန်းယူတဲ့အခါအဆင်ပြေသွားအောင်ပေါ့။ ကျနောတို့ မီးသွယ်တန်းတဲ့ချိန်အခက်အခဲဖြစ်မှာ စိုးလို့ အခုလောလောဆယ် ဒီလိုကိစ္စကို ပြေပြေလည်လည်လုပ်ပေးပါလို့ ကျနောတို့ ပြောချင်တာပေါ့။ ” လို့ ပြောပါတယ်။

ခါးဘယ်ကျေးရွာလျှပ်စစ်မီးလင်းရေးစီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၈ ဘဏ္ဍာရေးနှစ်တွေကတည်း တည်ဆောက်ထားတာဖြစ်ပါတယ်။

လုပ်ငန်းတွေကို ပြီးစီးအောင်မလုပ်နိုင်ရခြင်းကတော့ လုပ်ငန်းမစတင်မှီ ခန့်မှန်းတွက်ချက်တာတွေကို အောက်ခြေအထိ ကွင်းဆင်းတိုင်းတာတွက်ချက်မှုအပိုင်း သက်ဆိုင်ရာဝန်ထမ်းအင်အားနည်းတာကြောင့်လည်း အခုလိုကြုံတွေ့ရခြင်းဖြစ်တယ်လို့ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန ဦးခင်မောင်ဖြူက ရှင်းပြပါတယ်။

“ မြို့နယ်တိုင်းမှာလျှပ်စစ်အိမ်ယာတအားနည်းတယ် ဖရူဆိုမြို့နယ်ဆိုတာလည်း ကျယ်တယ်။ အဲ့ကြောင့်မနိုင်ဘူးပေါ့ ရှိတဲ့ ဝန်ထမ်းအိမ်ယာနဲ့ မီတာကောက်တဲ့ ကိစ္စတွေကော လိုင်းတွေလိုက်ပြင်ဖို့ ကိစ္စတွေကော အင်အားနည်းတဲ့ အခါကျတော့ သူတို့ နှောင့်နှေးသွားတာပေါ့နော ”

ဒီလို ဆောင်ရွက်လို့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို သေချာပြန်လည်စီစစ်ပြီး ဆောင်ရွက်သွားမှာဖြစ်ပြီး ဖရူဆိုမြို့နယ်ဟာဆိုရင် ဝန်ထမ်းအင်အားမလုံလောက်တဲ့အတွက် ကျန်တဲ့မြို့ကနေ လူအင်အားဖြည့်ပြီး ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

ကယားပြည်နယ်မှာ လောပိတရေအားလျှပ်စစ်စက်ရုံ အမှတ်(၂)ကို ၁၉၆၀ခုနှစ်မှာ ၈၄ မဂ္ဂါဝပ်၊ ၁၉၇၄ခုနှစ်မှာ ၈၄ မဂ္ဂါဝပ် စုစုပေါင်း ၁၆၈မဂ္ဂါဝပ် ထုတ်ခဲ့ပါတယ်။ အမှတ်(၁)ကိုတော့ ၁၉၉၂ခုနှစ်မှာ ဖွင့်လှစ်ပြီး လျှပ်စစ်ဓါတ်အား ၂၈ မဂ္ဂါဝပ် ထုတ်ဝေခဲ့ပါတယ်။

စက်ရုံအမှတ်(၃)ကတော့ ၂၀၁၅ခုနှစ် မှာ ဖွင့်လှစ်ခဲ့ပြီး စက်ရုံအမှတ်(၃)ခုလုံး ၂၄၈ မဂ္ဂါဝပ် ထုတ်လုပ်ခဲ့ပြီဖြစ်ပါတယ်။ ကယားပြည်နယ်မှာ ဆိုရင် ၁၉၆၀ ခုနှစ်ကတည်းက လျှပ်စစ်မီးဖြန့်ဖြူးပေးတဲ့ လောပိတရေအားလျှပ်စစ်စက်ရုံ သယံဇာတကြီး ရှိနေပေမယ့် တစ်ပြည်နယ်လုံး မီးလင်းရေးကတော့ ပြည်သူတွေ အခုချိန်ထိ အကျိုးခံစားရရှိမှု မရရှိသေးပါဘူး။

ဖရူဆိုမြို့နယ်က ကျေးရွာပေါင်း(၁၁၄)ရွာရှိပြီး မီးမရသေးတာက ၄၇ ရွာကျန်ရှိနေပါသေးတယ်။ ဖရူဆိုမြို့နယ်မှာ အဓိကအခက်အခဲက ရေရရှိရေး ဆိုပေမယ့် မီးရရှိရေးက ဒုတိယအခက်အခဲ လို့ဆိုရပါမယ်။ ဒါတွေကတော့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ဖြစ်ပါတယ်။

တက်လာတဲ့အစိုးရမှန်သမျှ ပြည်နယ်ဖွံ့ဖြိုးရေးကို ဆောင်ရွက်ကြပေမယ့် မပြည့်စုံသေးတဲ့ အနေအထားမှာရှိနေပါသေးတယ်လို့ ကယားပြည်နယ်အရေး စောင့်ကြည့်လေ့လာသူ ကျော်ထင်အောင်က သုံးသပ်ထားပါတယ်။

“ ကျနော်တို့ပြည်နယ်က နဂိုကာလထက်စာရင်တော့ ပြည်သူ့ဘဏ္ဍာငွေတွေသုံးပြီးတော့မှ ပြည်နယ်တွင်းရဲ့ လမ်းတွေ တံတားတွေက အရင်ကထက်တော့ တိုးတက်လာတယ် ဆိုတဲ့ဟာကတော့ မှန်ပါတယ်။ ဒါပေမယ့် တကယ့်လောပိတစက်ရုံကြီးရှိနေပြီးတော့ ရွာပေါင်းရာချီမီးမရသေးတဲ့ အခြေအနေတွေကတော့ ဒါမတိုးတက်ဘူး ”

ကယားပြည်နယ်မှာ ရပ်ကွက်(၄၄)ရပ်ကွက်နဲ့ ကျေးရွာပေါင်း ငါးရာကျော် (၅၁၇) ရှိပါတယ်။ ယခင်နှစ် ဒီဇင်ဘာလအထိ ရပ်ကွက်အားလုံးနဲ့ ကျေးရွာ (၃၉၂)ရွာကို လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ကျန်ရှိတဲ့ ကျေးရွာ ၁၂၅ရွာ ကတော့ လျှပ်စစ်မီး မရရှိသေးဘူးလို့ ၂၀၂၀ မေလ(၄)ရက်နေ့က ထုတ်ပြန်ထားတဲ့ ကယားပြည်နယ် အစိုးရအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြို့နယ် လျှပ်စစ်မှူး(ဟိုယာ) တာဝန်ထမ်းဆောင်နေတဲ့ ဦးကျော်နိုင်ဝင်း ကတော့ ဖရူဆိုမြို့နယ် မီးရရှိရေးအတွက် အခုလို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“ ဖရူဆိုမြို့နယ်မှာ ကျနော်တို့မှာ plan(အစီအစဉ်) တော့ရှိတာပေါ့ ၁၀၀ရာခိုင်နှုန်း မီးလင်းဖို့အတွက် အစီအစဉ်တွေကတော့ရှိတယ်။ ၂၀-၂၁ဘဏ္ဍာရေးနှစ်မှာ ကျနောတို့ ရာဧပရားကျေးရွာ အုပ်စုက ကျေးရွာနှစ်ရွာ၊ ဒိုလာစောအုပ်စုက ဒိုလာစော၊ သိုသီးဖို၊ ဒီးကူလယ်ကျေးရွာသုံးရွာ စုစုပေါင်းကျေးရွာ ငါးရွာပေါ့ ၂၀-၂၁ဘဏ္ဍာရေးနှစ်မှာ မီးတိုးချဲ့ လုံးဝအသစ်သူတို့ကို မီးပေးနိုင်အောင်လို့ ကျနော်တို့ တင်ဒါတွေခေါ်ပြီးဆောင်ရွက်နေတာတွေရှိတယ်။ အခက်အခဲအနေနဲ့ ကျနော်တို့ ဟိုယာဒေသကတော့ လမ်းပန်းဆက်သွယ်ရေးက တစ်ခြားနေရာထက်စာရင်တော့ ခက်ခဲတာပေါ့။ မိုးတွင်းဆိုသွားလာရခက်ခဲတဲ့အတွက် ဓါတ်အားလိုင်းကြိုးထိန်းသိမ်းမှုတွေမှာ မြို့ပေါ်တွေလိုမျိုး မလွယ်ကူတာမျိုးရှိတယ်။ ”

လက်ရှိ ဖရူဆိုမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရှားမူကတော့ လျှပ်စစ်မီးရရှိရေးနဲ့ပတ်သက်ပြီး လွှတ်တော်မှာ တောင်းဆိုဆောင်ရွက်တာတွေရှိပြီး မပြီးပြတ်သေးတဲ့ ကိစ္စတွေကိုတော့ တက်လာမယ့် ကိုယ်စားလှယ်တွေ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

“ တစ်ချို့ကမပြီးပြတ်သေးဘူးလေ မပြီးပြတ်သေးတဲ့ဟာကို ဆက်လုပ်ဖို့ရှိသေးတယ်ချိတ်တော့ ချိတ်ဆက်ထားတယ် မအောင်မြင်တော့လည်း ကျန်တဲ့သူဆက်လုပ်ပေါ့လမ်းကြောင်းတော့ လုပ်ပေးထားတာပေါ့နော ”

ဒေါ်ရှားမူက အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်မရတော့တဲ့အတွက် အခုလို အနိုင်ရသွားတဲ့ ကိုယ်စားလှယ်ကို ဆက်လက်ဆောင်ရွက်ပေးသွားဖို့ တိုက်တွန်းသွားတာဖြစ်ပါတယ်။
ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)မှာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ဒေါ်အယ်ဗလင်းကတော့ သူ့အနေနဲ့ လျှပ်စစ်မီးရရှိရေး ပိုင်းကိုလည်း ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

“အားလုံးသိထားသလိုပဲ ဖရူဆိုအနောက်ဘက်ခြမ်းက လမ်းတွေအဆင်မပြေသေးဘူး မီးတွေအဆင်မပြေသေးဘူး အခုက လမ်းမကြီးဘေးမှာရှိတဲ့ ရွာတွေက မီးတွေသွယ်တန်းထားပြီးပြီး သို့ပေမယ့် ဒါလည်း အချိန်မှန်မရဘူးပေါ့ တခါတလေ လအလိုက်ချီ ပျက်တာတွေရှိတယ်ပေါ့။ ဒါတွေကတော့ ပြည်နယ်ဘတ်ဂျက်ကတော့ မဖြစ်မနေ မြို့နဲ့ နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ အားလုံးက ကယားပြည်နယ်ရဲ့ အထင်ကရဖြစ်တဲ့ လျှပ်စစ်ထွက်တဲ့ သယံဇာတရှိနေတာတောင်မှ ကယားပြည်နယ်က ဒီလိုဖြစ်နေတာ မသင့်တော်ဘူးပေါ့ သုံးသပ်ချင်တယ်။ ”

ကယားပြည်နယ်မှာ ၅နှစ်တာသက်တမ်းအတွင်း လျှပ်စစ်ကဏ္ဍအတွက် ၃၀.၉၉၃ ဘီလီယံသုံးစွဲထားပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် ၆၄.၂၄၃ ဘီလီယံသုံးစွဲခဲ့ပြီး စုစုပေါင်းအသုံးစရိတ်ရဲ့ ၇၂.၉၀ ရာခိုင်နှုန်းသုံးစွဲပါတယ်။ အခု ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာကတော့ လျှပ်စစ်မီးလင်းရေးလုပ်ငန်း အသုံးစရိတ် လျာထားချက်က ကျပ်သန်းပေါင်း ၁၃၄၇၇.၇၅၄ သန်း (တစ်သောင်းသုံးထောင်ကျော်) အသုံးပြုသွားဖို့ ရှိတယ်လို့ ကယားပြည်နယ်ရဲ့ ငွေလုံးငွေရင်း အသုံးစရိတ်လျာထားချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၄သန်းခေါင်စာရင်းအရ ကယားပြည်နယ်မှာ လူဦးရေ ၂သိန်း၈သောင်းကျော် (၂၈၆၆၂၇) ရှိပါတယ်။ လွိုင်ကော်ခရိုင်မှာရှိတဲ့၊ ဖရူဆိုမြို့နယ်မှာဆိုရင် လူဦးရေ သုံးသောင်းနီးပါး(၂၉၆၄၉) ရှိပြီး ကယားလူမျိုး အများဆုံးနေထိုင်ပါတယ်။

spot_img
spot_img

Recent posts