spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ပင်လောင်းဖက် တစ်လကျော်တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့အချိန်ထိ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီဖက် လေကြောင်းသုံးတိုက်ခိုက်

ကန္တရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် ပင်လောင်းမြို့နယ်ဖက်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ တစ်လကျော်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေရှိပြီး ယနေ့(မတ်လ ၂၉ရက်) အထိ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေဆဲဖြစ်သလို စစ်ကောင်စီဖက်လေကြောင်းသုံးတိုက်ခိုက်နေတယ်လို့ မိုးဗြဲPDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ကျနော်တို့ကတော့ လောလောဆယ် တစ်နေရာမှာ တိုက်ပွဲပြင်းထန်နေတယ်။ ကျနော်တို့ မိုးဗြဲPDFတပ်ရင်း (၁) အနေနဲ့လည်း ဒီရက် တစ်ယောက်ကျဆုံးသွားတာပေါ့နော။ ၂၄ရက် ၂လပိုင်းကတည်းကဖြစ်တဲ့ တိုက်ပွဲက အခုထိ ဒီအချိန် ဒီနာရီအထိကို သူတို့က ဗုံးကြဲတိုက်ခိုက်နေတာပေါ့။ အကြိမ်ပေါင်း မနည်းတော့ဘူး။ အခုလည်း ပစ်နေတယ်။ အခုလည်း လေကြောင်းနဲ့ တိုက်ခိုက်နေတယ်။ သူတို့က အကျအဆုံးများလေ လေကြောင်းနဲ့ တိုက်ခိုက်လေပါပဲ။ “ လို့ မိုးဗြဲPDF မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ဒီကနေ့ မွန်းလွဲ(၂)နာရီခွဲမှာ ဖြေဆိုပါတယ်။

တစ်လကျော်တိုက်ပွဲအတွင်းမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိပြီး စစ်ကောင်စီဖက် ၂ရာကျော် ကျဆုံးမှုတွေရှိနေတယ်လို့ သူက ဆိုပါတယ်။

ထိခိုက်ကျဆုံးမှုများတဲ့ စစ်ကောင်စီဖက်အနေနဲ့လည်း လေကြောင်း နဲ့ လက်နက်ကြီးကို ဆက်တိုက် အသုံးပြုတိုက်ခိုက်လေ့ရှိနေတယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) PNDF (KK) က ပြန်ကြားရေးတာဝန်ရှိသူ ဘင်ဂျမင်က ဆိုပါတယ်။

“ လက်ရှိအခြေနေနဲ့ သူတို့အနေနဲ့ တင်းမာနေဆဲ လို့ ပြောလို့ရပါတယ်။ ဘာလို့ဆို သူတို့အနေနဲ့ အင်အားဖြည့်လာတာတွေ အမြဲတမ်းရှိတယ်။ လေကြောင်းနဲ့ တိုက်ခိုက်တယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်တော့ အမြဲတမ်းလိုလို တော့ ဒီ စစ်ရေးတင်းမာမှုတွေတော့ရှိတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုတွေကတော့ ဆက်တိုက်ဆိုသလိုတော့ရှိနေပါတယ်။ သူတို့အနေနဲ့ လေကြောင်းက အထိခိုက်များပြီးရင်တော့ အမြဲတမ်းလိုလိုသုံးကြတာများတယ်။ ” လို့ PNDF (KK) ပြန်ကြားရေးတာဝန်ရှိသူ ဘင်ဂျမင်က ပြောပါတယ်။

ပင်လောင်းဖက်စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီနဲ့ တစ်လကျော်တိုက်ပွဲအတွင်း စစ်ကောင်စီဖက် လေကြောင်း နဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(၃)ဦး ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ MOBYE PDF Rescue Teamက မတ်လ ၂၅ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပင်လောင်းမြို့နယ်မှာဆိုရင် တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူ ၅ထောင်ရှိနေပါတယ်။ မတ်လ (၁၁)ရက်နေ့မှာလည်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာ ဒေသခံပြည်သူ နေအိမ် ၅၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ရပါတယ်။

spot_img
spot_img