spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ပိုးနှစ်ပိုးနဲ့ ပြောင်းစိုက်တောင်သူတွေရဲ့ ဘဝ

Author

Date

Category

မီမြာ

အသက်၆ဝလောက်ရှိပြီဖြစ်တဲ့ ဦးတီရယ်ကတော့ စိုက်ထားတဲ့ ပြောင်းဖူးခင်းမှာ ငမြောင်တောင်ပိုး ဖျက်ဆီးနေတဲ့အတွက် ပိုးကို လက်နဲ့တစ်ကောင်ချင်း ဖယ်ရှားနေပါတယ်။

ပိုးက အညိုရောင်ဖြစ်ပြီး အရှည်(၃)စင်တီမီတာလောက်နဲ့ ဆန်စေ့နှစ်စေ့အရွယ်အစားလောက်ကြီးပါတယ်။

ကယားပြည်နယ်မှာ ပြောင်းဖူးပင်ပိုးကျတဲ့ ပြဿနာကို အရင်နှစ်ကစပြီး ပြောင်းစိုက်တောင်သူတွေ ကြုံတွေ့ခဲ့ရပြီး ပြောင်းအထွက်နှုန်းကျဆင်းမှုတွေရှိခဲ့ပါတယ်။

ဒီနှစ်မှာလည်း ပြောင်းခင်းပိုးကျတယ် covid-19 ကပ်ရောဂါလည်းဖြစ်ပွားနေတဲ့အတွက် တောင်သူတွေ ပြောင်းဈေးနှုန်းအတွက် စိုးရိမ်မှုတွေရှိနေပါတယ်။

ပြောင်းကို ငါးနှစ်ဆက်တိုက် စိုက်ပျိုးလာတဲ့ ဦးတီရယ်ကတော့ ပိုးကျတဲ့ပြဿနာကို အရင်နှစ်ကစ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်မှာတော့ အတတ်နိုင်ဆုံးပိုးကို ပိုးသတ်ဆေးလည်းသုံး လက်နဲ့လည်းဖမ်းပြီး ဖယ်ရှားနိုင်အောင်ကြိုးစားနေပါတယ်။

” ငါးလပိုင်းအချိန်က နေပူပြီး မိုးသိပ်မရွာသေးတော့ ပြောင်းပင်က သိပ်မသန်သေးတဲ့အချိန်ဖြစ်နေတယ်။ ပြီးတော့ ပိုးကလည်း ပြောင်းပင်ရဲ့အထဲအထိစားနေတယ် တချို့ဆို ပြောင်းပင်ရဲ့အရွက်တွေတောင်ပြဲကုန်တယ်။” လို့ ဦးတီရယ်ကပြောပါတယ်။

ပြောင်းစိုက်ဖို့အတွက် မိုးကျပြီဆိုရင် တောင်ယာကိုထွန်ယက်ထားပြီး မိုးကောင်းစွာရပြီး မြေအစိုဓါတ်ကောင်းကောင်းရှိရင် စိုက်လို့ရပြီဖြစ်ပါတယ်။ ဦးတီရယ်ကတော့ မိုးဦးကျချိန် မေလမှာ ပြောင်းစိုက်ခဲ့တာဖြစ်ပါတယ်။

ပြောင်းပင်ပေါက်ပြီး နှစ်ပတ်လောက်ရှိတဲ့ချိန်မှာ ပိုးစတင်ဖျက်ဆီးခဲ့တာပါ။

ပိုးသတ်ဆေးဖျန်းလိုက်တော့ ပြောင်းပင်ပိုးစားတာ နည်းနည်းတော့သက်သာလာတယ်လို့ ဦးတီရယ်က ဆိုပါတယ်။ပိုးသတ်ဆေးဖျန်းဖို့ဆိုရင် ယာခင်းမှာ ရေမရှိပါဘူး။

အဲ့ဒီအတွက် ဦးတီရယ်ကတော့ အိမ်ကနေ ပြောင်းစိုက်ထားတဲ့တောင်ယာအထိ မိနစ်၂ဝလောက်သွားရတဲ့အကွာအဝေးမှာ ရေကို ထော်လာကျီစက်နဲ့တင်လာနေရပါတယ်။

အခုခေတ် တောင်သူတွေအများစုကတော့ စိုက်ထားတဲ့သီးနှံတွေသန်ဖို့ ပိုးကျခြင်းမှကာကွယ်ဖို့ အတွက် ပိုးသတ်ဆေးတို့ ဓာတ်မြေသြဇာတို့ကိုပဲ အဓိက အသုံးပြုနေကြပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကပ်ရောဂါကြောင့် မြေသြဇာဈေးနည်းနည်းကြီးတယ်လို့ ဦးတီရယ်ကဆိုပါတယ်။

ဦးတီရယ်ကတော့ ပြောင်းမျိုးစေ့ချတဲ့အချိန်က မြေသြဇာတစ်ခါထည့်ပြီး အပင်ပေါက်ပြီးအချိန်မှာတော့ အပင်ဆက်သန်ဖို့ မြေသြဇာ တစ်ခါထပ်ပြီး ထည့်ဦးမယ်လို့ပြောပါတယ်။

ပိုးသတ်ဆေးကိုတော့ ပိုးကျတဲ့အတွက် အသုံးပြုရတာဖြစ်ပြီး ပိုးမကျဘူးဆိုရင်တော့ မသုံးဘူးလို့ဆိုပါတယ်။

ပြောင်းခင်းကပိုးကိုဖယ်ရှားဖို့အတွက် ဦးတီရယ်ကတော့ “ပိုးသတ်ဆေးနှစ်ခါဖျန်းရင်တော့ ပိုကောင်းတာပေါ့ ဒါပေမယ့် တစ်ခါပဲဖျန်းမယ် ” လို့ဆိုပါတယ်။ နှစ်ခါဖျန်းရင် ပိုးသတ်ဆေးဖိုးမတတ်နိုင်ဘူးလို့ ပြောပါတယ်။

ပိုးသတ်ဆေးတစ်ခါဖျန်းရင် နှစ်သောင်းကုန်ပါတယ်။ ဒါပေမယ့် အခြေအနေဆိုးရင်တော့ နှစ်ခါဖျန်းရင်လည်းပြန်ဖျန်းရမယ်လို့ ဆက်ပြောပါတယ်။

အရင်နှစ်က ပြောင်းခင်းပိုးကျတာကိုတော့ ပိုးသတ်ဆေးနှစ်ခါဖျန်းခဲ့တယ်လို့ ပြောပါတယ်။ အရင်နှစ်ပြောင်းပိုးစားတာ ပြောင်းဖူးရင့်တဲ့ချိန်ထိ ပိုးစားတယ်။ ပြောင်းအထွက်နှုန်း ကျသွားတယ်။ ဒါပေမယ့် ပိုးသတ်ဆေးဖျန်းထားတော့ အရမ်းကြီးအပျက်အစီးမများဘူး လို့ဆိုပါတယ်။

ပြောင်းစိုက်ပြီး တစ်လလောက်ရှိပြီဆိုရင် ပေါင်းပင်ကိုအချိန်မှီရှင်းရပါတယ် ဒါမှပြောင်းပင်သန်မှာဖြစ်ပါတယ်။

ပြောင်းခင်းထဲကပေါင်းပင်ကိုရှင်းရတဲ့အချိန်က လူငှားပြီးလုပ်ရင်ငွေအရင်းအနှီးပိုကုန်တယ်။အဲ့ဒီအတွက် လူနည်းနည်းပဲငှားပြီး အတတ်နိုင်ဆုံး ကိုယ့်ရဲ့လုပ်အားနဲ့ပဲ လုပ်ဖြစ်တယ်လို့ ဦးတီရယ်ကပြောပါတယ်။ လူအများကြီးငှားပြီးလုပ်လိုက်ရင် ငွေပိုကုန်ပြီး ပြောင်းကိုရောင်းရတဲ့အချိန်မှာ အမြတ်အများကြီးမကျန်တော့ဘူးလို့ သူကဆက်ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ covid-19ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုတွေရှိကြပါတယ်။ ကယားပြည်နယ်မှာတော့ ဝမ်းရေးအတွက် တောင်ယာ၊ လယ်ယာလုပ်ကိုင်သူများတဲ့အတွက် ဦးတီရယ်တို့လိုတောင်သူတွေကတော့ တောင်ယာထဲသွားပြီးအလုပ်လုပ်နေကြတုန်းပါပဲ။

ဦးတီရယ်ကတော့ ပြောင်းခင်းပေါင်းလိုက်ဖို့ အတွက် အခုချိန်မှာ လူငှားမယ်ဆိုရင် အများကြီးမဟုတ်ပဲ လေးငါးယောက်လောက်ပဲငှားမယ်ဆိုတော့ အခက်အခဲမရှိဘူးလို့ဆိုပါတယ်။

ပြောင်းဈေးနှုန်းမှာ တစ်ပိဿာကို ၅ဝဝကျပ်ဝန်းကျင်ကနေ အခုလက်ရှိ ၅၂ဝကျပ်ဝန်းကျင်ဈေးနှုန်း ရှိလာကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှသိရတယ်လို့ မေလ၁၈ရက်က Green way(အစိမ်းရောင်လမ်း)pageမှ ရေးသားထားပါတယ်။ အခုလက်ရှိမှာတော့ ပြောင်းကို ထိုင်းနိုင်ငံကို တင်ပို့နေပါတယ်။

အခုချိန်က covid -19 ဖြစ်ပွားနေတဲ့အချိန်လည်းဖြစ်တယ်။ သီးနှံဈေးနှုန်းကလည်း အတက်အကျရှိတဲ့အတွက် ဦးတီရယ်တို့လို စိုက်ထားတဲ့ပြောင်း ပိုးကျနေတဲ့ ပြောင်းစိုက် တောင်သူတွေကတော့ သူတို့ပြောင်းထွက်တဲ့အချိန်မှာ ပြောင်းဈေးနှုန်းမကျဖို့ မရဲတရဲ မျှော်လင့်နေကြပါတယ်။

spot_img
spot_img

Recent posts