spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၁၂ဦးရှိနေ

Author

Date

Category

နော်ဒွေးအယ်ခူ

ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၂၁၂)ဦးရှိနေပြီး သေဆုံးသူမရှိဘူးလို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။

“ကယားပြည်နယ်အနေအထားနဲ့ကြည့်မယ်ဆိုရင်တော့ အခုဖြစ်တဲ့ ၂၁၂ယောက်ထဲမှာရောဂါအဆင့်အနေနဲ့ ပထမအဆင့် သွေးလွန်တုပ်ကွေးဖြစ်ခါစ သိပ်ပြီးတော့မဆိုးတဲ့အဆင့်အနေနဲ့ (၁၇၃)ဦးရှိပြီးတော့ နည်းနည်းလေးပိုပြီးတော့ ပြင်းလာတဲ့အဆင့်ကတော့ (၃၇)ဦးရှိပြီး ရောဂါနည်းနည်းပြင်းထန်တာ နှစ်ဦးပဲရှိပါတယ်။ သေဆုံးတဲ့လူနာတစ်ယောက်မှမရှိသေးပါဘူး” လို့ ဒေါက်တာဌေးလွင်ကပြောပါတယ်။

ကယားပြည်နယ်အတွင်းရှိမြို့နယ်တွေမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အခြေအနေကို မီဒီယာတွေခေါ်ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှာ သြဂုတ်လ ၁၇ရက်နေ့က ရှင်းလင်းပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်း ဇန်နဝါရီလမှ သြဂုတ်၁၇ရက်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ လွိုင်ကော်မြို့မှ ဖြစ်ပွားသူ (၁၁၈)ဦး၊ ဒီမော့ဆိုမြို့မှဖြစ်ပွားသူ (၂၈)ဦး၊ ဘောလခဲမြို့မှဖြစ်ပွားသူ (၁၃)ဦး၊ ဖားဆောင်းမြို့မှဖြစ်ပွားသူ (၄၆)ဦး၊ မယ်စဲ့မြို့မှ တစ်ဦး နဲ့ ရှားတောမြို့မှာတော့သွေးလွန်တုပ်ကွေးဖြစ်ပွားသူ မရှိသေးဘူးလို့ သိရပါတယ်။

သွေးလွန်တုပ်ကွေးဟာ ခြင်ကိုက်ရာမှတဆင့်ကူးစက်တတ်တဲ့ရောဂါဖြစ်ပြီး ကြိုတင်ကာကွယ်ဖို့အတွက် မေလမှာ တစ်ကြိမ် သြဂုတ်လမှာတစ်ကြိမ် ရေစည် ရေလှောင်ကန်တွေမှာ ပိုးလောက်လန်းမဝပ်ဖို့ ဆေးခတ်တာတို့၊ ရေစည်၊ ရေပုံး၊ တာယာ၊ ခွက်စတဲ့နေရာတွေမှာ ခြင်တွေမပေါက်ဖွားနိုင်အောင် အဖုံးဖုံးထားတာတို့ ရေသွန်ပစ်တို့ကိုဆောင်ရွက်ရမှာဖြစ်တယ်လို့ ဒေါက်တာကပြောပါတယ်။

သွေးလွန်တုပ်ကွေးဖြစ်ပွားသူရဲ့နေအိမ်အပါအဝင် ကိုက်တစ်ရာအတွင်းအိမ်တွေကို ခြင်ဆေးမှုတ်ရမှာဖြစ်ပြီး ခြင်ဆေးငွေ့ဟာ သက်ကြီးရွယ်အို၊ ပန်းနာရင်ကြပ်ဖြစ်သူ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါရှိသူ၊ ကလေးငယ်အရွယ် အတွက် အန္တရာယ်ဖြစ်စေတဲ့အငွေ့ဖြစ်တဲ့အတွက် ရှုရှိုက်လို့မရဘူးလို့ ဆိုပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု သေဆုံးမှုတွေ လျော့နည်းသွားဖို့ ကျန်းမာရေးဌာနအပါအဝင် ဌာနဆိုင်ရာ၊ အရပ်ဖက်အဖွဲ့အစည်း၊ ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ ဒေါက်တာကတိုက်တွန်းထားပါတယ်။

“အဓိကကတော့ ဖုံး၊ သွန်၊ လဲ၊ စစ် ကို ပြည်သူလူထုကော NGO, CBO, CsO တွေ အားလုံး ဆရာတို့ကျန်းမာရေးဝန်ထမ်းတွေနဲ့ တခြားဌာနဆိုင်ရာတွေ Volunteer တွေ အကုန်ပူးပေါင်းပြီးတော့ မိမိအိမ်ပြင်အိမ်တွင်း ပတ်ဝန်းကျင်တွေမှာအကုန် ရေတင်တဲ့နေရာ ရေလှောင်ထားတဲ့နေရာတွေကို စနစ်တကျ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ကြမယ်ဆိုရင် ဆရာတို့ရဲ့ပြည်သူပြည်သားတွေ သွေးလွန်တုပ်ကွေးပြဿနာမှာ ကင်းဝေးမှာဖြစ်ပါတယ်” လို့ ဒေါက်တာဌေးလွင်ကဆိုပါတယ်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုလျော့ကျအောင် ကျန်းမာရေးဌာနကလည်း ကြက်ခြေနီအသင်း၊ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းလုပ်ဆောင်နေပြီး ကိုဗစ်ကာလဖြစ်နေတာကြောင့် လူစုလူဝေးမဖြစ်အောင် လုပ်ရှားဆောင်ရွက်နေတယ်လို့ ကယားပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရော ဂါကာကွယ်တားဆီးရေးလုပ်ငန်းဆောင်ရွက်နေကြပါတယ်။

ကာကွယ်တားဆီးရေးလုပ်ငန်း ဆောင်ရွက်သူ ဒေါက်တာအောင်သူထက်က “ကျနော်တို့ကတော့ ဘယ်လိုခွဲလိုက်လဲဆိုတော့ ရပ်ကွက်တစ်ခုလုပ်တော့မယ်ဆိုရင် အုပ်စုဘယ်နှစ်ခုရှိလဲအရင်သုံးသပ်ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ညှိပါတယ်။ ဥပမာ- ၈ခုရှိတယ်ဆိုလို့ရှိရင် ကျနော်တို့သည် ၂ရက်လုပ်မယ်ဆိုရင် ၄ခုခွဲလိုက်ပါတယ် ၄ခုဆိုရင် လူဦးရေဘယ်လောက်သွားမလဲ တစ်အုပ်စုကိုနှစ်ယောက်သွားမလား အဲဒီလိုအချိုးချပြီး ကိုယ့်ဝန်ထမ်းတွေက ဘယ်နှစ်ယောက်သွားမလဲ မိခင်နှင့်ကလေးကဘယ်လောက်သွားမလဲ ကြက်ခြေနီဖက်က ဘယ်လောက်ကူညီပေးပါ အဲလိုပဲ လက်ရှိမှာ တိတိကျကျလေးနဲ့ ထိထိရောက်ရောက်ဖြစ်အောင်လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

ခြင်မှတဆင့်ကူးစက်နိုင်တဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားသူဟာ ဖျားနာပြီး အစားကောင်းကောင်းမစားချင်တာတို့ ၊ သတိလစ်တာတို့ သွေးလန့်တဲ့လက္ခဏာဖြစ်ပေါ်တာတို့ သွေးပေါင်ချိန်ကျတာတို့ ခန္ဓာကိုယ်ရေဓတ်ဆုံးရှုံးတာတို့ စတဲ့ လက္ခဏာဖြစ်ပေါ်နိုင်ပြီး အချိန်မှီမကုသဘူးဆိုရင် အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

၂၀၁၂မှ ၂၀၂၀ခုနှစ်အထိ ၉နှစ်အတွင်း ၂၀၁၇ခုနှစ်မှာတော့ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအမြင့်ဆုံးဖြစ်ခဲ့ပြီး ဖြစ်ပွားသူ (၁၁၀၃)ဦး၊ သေဆုံးသူနှစ်ဦးရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts