spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ပြည်သူတွေ ရသင့်တဲ့ မြေတွေကို တပ်မြေသိမ်းဆည်းခြင်းဆိုင်ရာ မူဝါဒနဲ့အညီ ဆောင်ရွက်ပေးနေ

Author

Date

Category

နော်ဒွေးအယ်ခူ

တပ်သိမ်းတောင်ယာမြေပြဿနာနဲ့ပတ်သက်ပြီး ပြည်သူတွေ ရသင့်ရထိုက်တဲ့ တောင်ယာမြေတွေကို ပြည်ထောင်စုအစိုးရထံတင်ပြထားပြီး တပ်မြေသိမ်းဆည်းခြင်းဆိုင်ရာမူဝဒါနဲ့အညီ ဆောင်ရွက်ပေးနေတယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောပါတယ်။

“ပြည်သူတွေ ရသင့်ရထိုက်တဲ့ ပြန်လည်တောင်းဆိုတဲ့ ပိုင်ဆိုင်သင့်ပိုင်ဆိုင်ထိုက် ပြန်လည်တောင်းဆိုတဲ့မြေတွေကိုတော့ ကျတော်တို့ပြန်လည်စွန့်လွှတ်ပေးနိုင်ဖို့အတွက် တင်ပြပါတယ်။ဒီလိုစွန့်လွှတ်ဖို့တင်ပြတဲ့နေရာမှာလည်းပဲ မူနဲ့အညီစီစစ်ပြီး ခရိုင် မြို့နယ် ပြည်နယ်အဆင့်ဆင့်စီစစ်ပြီး ပေးသင့်ပေးထိုက်တဲ့မူဝါဒတွေနဲ့အညီ ပြည်ထောင်စုအစိုးရ သိမ်းဆည်းလယ်ယာမြေဗဟိုကော်မတီ တင်ပြပြီး စီမံဆောင်ရွက်ပြီးပါပြီ” လို့ ဝန်ကြီးချုပ်ကပြောပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြည်သူ့အတွက် စတုတ္တ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကန္တာရဝတီတိုင်း(မ်)ရဲ့ တောင်သူတွေရဲ့ တပ်သိမ်းမြေပြဿနာကို ဘယ်လိုဖြေရှင်းဆောင်ရွက်ပေးနေလဲဆိုတဲ့ မေးခွန်းကို ဝန်ကြီးချုပ်က ဇူလိုင်လ ၂၄ ရက်နေ့က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့သိမ်းဆည်းခြင်းဆိုင်ရာ မူဝါဒနည်းလမ်းစဉ် (၅၂)ချက်နဲ့အညီ စီစစ်ပြီး တပ်မြေသိမ်းဆည်းမှုများနှင့်စပ်လျဉ်းတဲ့ မူဝါဒ(၃)ရပ်နဲ့ စီစစ်ပြီး ပြည်နယ်အစိုးရအနေနဲ့ ဆောင်ရွက်ပေးနိုင်တဲ့ကဏ္ဍတွေ ရသင့်ရထိုက်တဲ့ကဏ္ဍတွေ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကဏ္ဍတွေကို ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

တပ်မြေသိမ်းဆည်းမှုများနှင့်စပ်လျဉ်းတဲ့ မူဝါဒ(၃)ချက်အရ (၁) တပ်မတော်က တပ်တည်ဆောက်ရန် တပ်ပိုင်မြေအဖြစ် ပိုမိုသိမ်းဆည်းထားတဲ့မြေများတွင် အရပ်သားများအား သီးစာချထားခြင်း၊ အကျိုးတူဆောင်ရွက်ခြင်းများလုံးဝမပြုလုပ်ရန်၊ တပ်၏အရွယ်အစား လိုအပ်သလောက်သာ သိမ်းဆည်းရန်၊ (၂) တပ်၊ ဌာနချုပ်များ၏လုံခြုံရေးလိုအပ်ချက်များနှင့်လေ့ကျင့်ရေးကွင်း လိုအပ်ချက်များအတွက် အမှန်တကယ်လိုအပ်တဲ့ အနည်းဆုံး မြေဧရိယာအကျယ်အဝန်းကိုသာ တိုင်းတာဆောင်ရွက်သွားရန်နှင့် ကျန်မြေပိုများကို သိမ်းဆည်းခံရတဲ့ မူလတောင်သူလယ်သမားများထံ ပြန်လည်ပေးအပ်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံးပြန်လည်စွန့်လွှတ်၍ နိုင်ငံတော်သို့ ပြန်လည်အပ်နှံရန်၊ (၃) တပ်၊ ဌာနချုပ်ဧရိယာများနှင့် တစ်ဆက်တည်းရှိသော သိမ်းဆည်းမြေများနှင့်စပ်လျဉ်း၍ တပ်မတော်က တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များမှအပ ကိစ္စရပ်များအလို့ငှာ တိုက်ရိုက်အသုံးပြုလျက်ရှိသော မြေမှအပ ကျန်မြေများကို သက်ဆိုင်ရာ ပိုင်ဆိုင်ခွင့်ရှိသူအား အပ်နှံရေးအတွက် စိစစ်ဆောင်ရွက်ပြီး နိုင်ငံတော်တို့ အမြန်ဆုံး ပြန်လည်အပ်နှံရန် စတဲ့အချက်တွေပဲဖြစ်ပါတယ်။

နိုင်ငံတော်ကပြန်လည်စွန့်လွှတ်ပေးတဲ့မြေတွေကို ဗဟိုကော်မတီက ပြည်နယ်အစိုးရကို အကြောင်းကြားပြီး စွန့်လွှတ်တဲ့မြေတွေအပေါ်မူတည်ပြီးတော့ ပြည်နယ်အစိုးရက ပြန်လည်စီစစ်ကာ လွှတ်တော်ကိုယ်စားလှယ်ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ ရသင့်ရထိုက်ပြီး အထောက်အထားခိုင်မာတဲ့သူတွေကို ပြန်လည်စွန့်လွှတ်ပေးနေတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

တပ်မတော်က တောင်သူတွေရဲ့တောင်ယာမြေတွေကို သိမ်းဆည်းလိုက်တာကြောင့် မြေယာပေါ်မှာထွန်ယက်စိုက်ပျိုးခွင့်မရတဲ့သူတွေအနေနဲ့ ဒုက္ခရောက်နေကြပြီး တောင်ယာဝင်လုပ်မယ်ဆိုရင်လည်း ဖမ်းဆီး တရားစွဲဆိုနေတာကြောင့် ထိတ်လန့်နေကြတယ်လို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂဥက္ကဌ ခူးတူရယ်ကပြောပါတယ်။

“တောင်ယာလုပ်ငန်းတွေစစ်တပ်တွေက သိမ်းလိုက်ခါကျတော့ ဝင်မလုပ်ရ ဝင်လုပ်ရင်ဖမ်းမယ် ဆီးမယ်လုပ်တဲ့ခါကျတော့ သူတို့လည်း အသက်နဲ့အသက်ရှင်နေရတဲ့သူတွေပဲလေ စိုးရိမ်ကြောင့်ကြနေတယ် ထိတ်လန့်နေတဲ့ခါကျတော့ ဝင်မလုပ်ရဲတော့ဘူး” လို့ ၎င်းကဆိုပါတယ်။

တောင်သူတွေ ထွန်ယက်စိုက်ပျိုးနေတဲ့ တောင်ယာမြေတွေကို တပ်မတော်ကနေ မလိုအပ်ဘဲ လိုက်သိမ်းနေတာက နိုင်ငံရေးကစားကွက်တစ်ခုဖြစ်တယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူး (၂) မူအင်နိုးဆင့်က သုံးသပ်ပြောဆိုထားပါတယ်။

“နိုင်ငံရေးကစားကွက်တစ်ခုလို့ပဲထင်တယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် စစ်တပ်တွေက တစ်နိုင်ငံလုံးမြေလိုက်သိမ်းတယ် တကယ်တမ်း သူတို့မလိုအပ်ဘူး။ သူတို့မလိုအပ်ဘဲနဲ့ သူတို့လိုက်သိမ်းပြီးတော့ အဲလိုမျိုးလုပ်တယ်ဆိုကတည်းက ဒါကတော့ နိုင်ငံရေးကိုကစားတယ်” လို့ ၎င်းကဆိုပါတယ်။

လွိုင်ကော်မြို့နဲ့ ဒီမော့ဆိုမြို့နယ်က တောင်သူလယ်သမား (၃၇)ဦးနဲ့ တောင်သူအရေးလိုက်ပါဆောင်ရွက်ပေးနေတဲ့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် (၃)ဦး စုစုပေါင်း (၄၀)ဦးကို တပ်ရင်းက တာဝန်ရှိသူတွေက ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုထားတာရှိခဲ့ပါတယ်။

တပ်မတော်မှ သိမ်းဆည်းထားတဲ့ တပ်ပိုင်မြေမှာ တစ်ပြည်နယ်လုံးအတိုင်းအတာအရ ၁၄၇၇၆.၀၁ဧကရှိပြီး မူဝါဒနဲ့အညီပြန်လည်စွန့်လွှတ်လိုက်တဲ့ စွန့်လွှတ်မြေ ၄၁၁၁.၆၆ဧက ရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်ပြောပြချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts