spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ပြည်သူလူထုတွေ လင်းတဲ့လမ်းကိုဆက်လျှောက်ဖို့အတွက် ကောင်းတဲ့လူ၊ကောင်းတဲ့ခေါင်းဆောင်ကို ရွေးကြပါဆိုလာတဲ့ NLD ကိုယ်စားလှယ်လောင်း

Author

Date

Category

စိုးထိုက်အောင်

ပြည်သူလူထုတွေအနေနဲ့ ကျမကိုရွေးချယ်ပါလို့လည်း မပြောချင်ပါဘူး ၊ကျမပါတီကိုမဲထည့်ပေးပါလို့မပြောချင်ပါဘူး။ လင်းတဲ့လမ်းကိုဆက်လျှောက်လှမ်းနိုင်ဖို့အတွက် ခေါင်းဆောင်ကောင်းကိုရွေးချယ်ပြီး မဲထည့်ကြပါလို့ ဆိုလာတဲ့သူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD) ဖရူဆိုမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် ဒေါ်ကြူကြူအောင်ပဲဖြစ်ပါတယ်။

“ ဒီအချိန်မှာ နိုင်ငံရေးအရေးကြီးတယ်နော်။ ဒီအချိန်မှာ လင်းတဲ့အချိန်မှာကောင်းကောင်းမွန်မွန်အေးအေးဆေးဆေးနဲ့လုပ်နေရတယ်၊ အေးဆေးစားနေရတယ်၊ အေးဆေးသွားနေရတဲ့အချိန်မှာ ဒီဟာကို နင်တို့အလေးမထားဘူးဆိုရင်အမှောင်ပြန်ကျမှာစိုးလို့ အဲ့ဒါကြောင့်မလို့ လင်းတဲ့လမ်းကိုဆက်လျှောက်ဖို့ဆိုရင်ဝိုင်းဝန်းကူညီပေးကြပါ။ ကိုယ့်ပါတီကိုပဲမပြောပါဘူး၊ ကိုယ့်ကိုပဲမပြောပါဘူး။ ခေါင်းဆောင်ကောင်းကိုရွေးထည့်ကြပါ။” လို့ သူမကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)မှာ ဝင်ရောက်ယှဥ်ပြိုင်သွားမည့် ဒေါ်ကြူကြူအောင်

ဒေါ်ကြူကြူအောင်ကတော့၂၀၁၅ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပတဲ့အချိန်ကတည်းက သူမအနေနဲ့ ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်ဆန္ဒပြင်းပြခဲ့သူပါ။ သို့ပေမယ့်မိသားစုအခက်အခဲတွေကြောင့် ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်မရရှိခဲ့ပါဘူး။ ၂၀၁၃ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရဲ့ အဖွဲ့ဝင်ဖြစ်လာပြီး၂၀၁၅ခုနှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေပြီး ဖရူဆိုမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားခဲ့တဲ့ ကိုယ်စားလှယ်တွေအတွက် စည်းရုံးရေးဆင်းပေးခဲ့သူ ဖြစ်ပါတယ်။

အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် ဖရူဆိုမြို့နယ်လူမှုကူညီရေးအသင်း၊ နာရေးကူညီမှုအသင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးအဖွဲ့တွေမှာလည်းဝင်ရောက်ကူညီလုပ်ကိုင်ပေးခဲ့သူတစ်ဦးပါ။

၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲမှာ ဖရူဆိုမြို့နယ်ညောင်ဇင်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ်ရပ်ကွက်သူ\သားတွေကတင်မြှောက်လိုက်တာဖြစ်ပါတယ်။ သူမကကယားပြည်နယ်အတွင်း မြို့နယ်(၇) မြို့နယ်လုံးမှာမှ တစ်ဦးတည်းသော အမျိုးသမီးရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပါတယ်။

စစ်ကိုင်းဖွံ့ဖြိုးရေးကျောင်း အပတ်စဉ်(၂၃)ကျောင်းဆင်းပြီးတဲ့နောက်မှာ ကျောင်းဆရာမအလုပ်ကို လုပ်သက်၁၄နှစ်ကြာတာဝန်ထမ်းဆောင်ပြီးနောက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာအိမ်ဈေးဆိုင်တစ်ခုနဲ့ ပဲရောင်းဝယ်ရေး၊ ဆီစက်လုပ်ငန်းတွေကိုလုပ်ကိုင်နေပါတယ်။

သူမရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွ့ဲချုပ်ကိုရွေးချယ်ရတဲ့အကြောင်းက ခေါင်းဆောင်ကောင်းရှိလို့ဖြစ်တယ်လို့သူမကပြောပါတယ်။

“ ကျမလဲ ဒီNLD ပါတီကိုဘာကြောင့်ဝင်ရောက်ရွေးချယ်ခဲ့လဲဆိုရင် ကျမတို့ခေါင်းဆောင်ကောင်းရှိလို့ပေါ့နော်။ ခေါင်းဆောင်ကောင်းနောက်ကိုကျမတို့ ဆက်လိုက်ဖို့လည်းလိုသေးတယ်။ အဲ့ဒါကြောင့်မလို့ ကျမတို့ပြည်သူလူထုကိုလဲဖိတ်ခေါ်ပါတယ်။ ကျမအမြဲတမ်းစည်းရုံးရေးဆင်းတဲ့အခါမှာပြောတယ်။ ပြည်သူလူထုတွေ ကျမတို့ကိုဝန်းရံပေးကြပါ။ ကျမတို့လုပ်စရာတွေ ရည်မှန်းချက်တွေအများကြီးရှိပါတယ်။ ကျမတို့ဖက်ဒရယ်လိုချင်တယ်၊ ဥပဒေပြင်ဆင်ချင်တယ်ဆိုရင် ကျမတို့က ဒီခေါင်းဆောင်ကောင်းနောက်လိုက်မှ ကျမတို့လိုအပ်ချက်၊ ရည်မှန်းချက်ပြည့်မယ်။” လို့ဒေါ်ကြူကြူအောင်က ပြောပါတယ်။


မဲဆွယ်စည်းရုံးရေးဆင်းတဲ့အခါမှာလည်း ကိုဗစ်ရောဂါကြောင့် လူအယောက်၃၀အောက်နဲ့ပဲကျေးရွာရဲ့ခန်းမဆောင်တွေမှာ၃ပေခြား၊ ၆ပေခြားစည်းရုံးရေးပွဲကိုလုပ်တာဖြစ်ပြီး Mask နဲ့လက်ဆေးဆပ်ပြာတွေကိုလဲ လူအယောက်စီတိုင်းကိုပေးပြီးတော့ ကိုဗစ်ကာကွယ်တဲ့အနေနဲ့လုပ်ဆောင်နေတယ်လို့ ဒေါ်ကြူကြူအောင်က ဆိုပါတယ်။

ဖရူဆိုမြို့နယ်မှာ နွေရာသီအချိန်နှစ်စဉ်ကြုံတွေ့နေရတဲ့ ရေရှားပါးမှုတွေကိုလည်း ကူညီပေးခဲ့သူဖြစ်ပါတယ်။ ဖရူဆိုမြို့နယ်က ရေရှားပါးတဲ့ရွာပေါင်း(၃၃)ရွာကို ရေလှူပေးခဲ့တာ၃နှစ်ရှိပြီလို့ဆိုပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ဖရူဆိုမြို့နယ်ရဲ့ရေရှားပါးမှုကို သူ့အနေနဲ့အရင်ဆုံးဖြေရှင်းပေးမယ်လို့ သူမကဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး အစိုးရတစ်ရပ်ဖွဲ့နိုင်မယ်ဆိုရင် ဥပဒေပြင်ဆင်ဖို့ကို အဓိကလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ဒေါ်ကြူကြူအောင်က ပြောပါတယ်။

“ ကျမတို့ တကယ်လို့နိုင်သွားခဲ့လို့ကျမတို့အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ပြီဆိုရင် ကျမတို့ကပေါ့နော် ပြည်သူလူထုရဲ့လိုအပ်ချက်အများကြီးရှိတယ်၊ ဒါပေမယ့်လိုအပ်ချက်တိုင်းကိုလည်း ပေးလို့မရဘူး။အဓိက က ကျမတို့ရဲ့ ဥပဒေပြင်ဆင်ဖို့။ ဥပဒေပြင်ဆင်ဖို့- အခုမြေယာပြသနာတွေရှိတယ်၊ အဲ့ဒီတိုင်းရင်းသားဘာသာစကားတွေရှိတယ်၊ ဗိုလ်ချုပ်ကြေးရုပ်တွေရှိတယ်။ ကျမတို့လည်းတအားကြီးပညာတတ်လည်းမဟုတ်ပါဘူး တစ်ထောင့်တစ်နေရာမှာ အုတ်တစ်ချပ်၊သဲတစ်ပွင့်နဲ့ ကြယ်တစ်လုံးလေးများဖြစ်မလားဆို ကျမဒီနေရာမှာဝင်ပြိုင်ရခြင်းဖြစ်ပါတယ်။” လို့ပြောပါတယ်။

ဒေါ်ကြူကြူအောင်ဝင်ရောက်ယှဉ်ပြိုင်သွားမည့်အမှတ်(၁)မှာ ယခင်၂၀၁၇ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲက လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကအနိုင်ရရှိခဲ့တဲ့နေရာဖြစ်ပါတယ်။ လက်ရှိ ၂၀၂၀မှာလဲ ဦးသဲရယ်ကဖရူဆိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာကနေပဲ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

spot_img
spot_img

Recent posts