spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ပြည်သူ့အုပ်ချုပ်ရေးဖွဲ့စည်းခြင်းအပေါ် အမြင်သဘောထားများ

ကန္တာရဝတီတိုင်း(မ်)

အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ (၂၂)ရက် မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)ကနေပြီး မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေမှာ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ ညွှန်ကြားတာတွေ ရှိခဲ့ပါတယ်။ အဲ့ဒီအပေါ် ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ ဧပြီ ၁၄ ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးကြောင်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ ထုတ်ပြန်ချက် အပေါ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန က ညှိနှိုင်းဆောင်ရွက်ခြင်းမရှိဘဲ ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးကို လက်ခံသွားမှာမဟုတ်သလို ပြန်လည်ရုတ်သိမ်းဖို့ ၂၀၂၂ခုနှစ် ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။

အမျိုးသားညီညွှတ်ရေး အစိုးရကလည်း ၂၀၂၂ခုနှစ် မေလ ၅ ရက်နေ့မှာ ပြည်သူ့အုပ်ချုပ်ရေးဖွဲ့စည်းဖို့ ညွှန်ကြားချက်က NUG မဖွဲ့စည်းခင် CRPH ကနေပြီး ညွှန်ကြားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကြားကာလပြည်သူ့အုပ်ချုပ်ရေး နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်/ဖယ်ဒရယ်ယူနစ် ကောင်စီတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ထားပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးတွေ ဖွဲ့စည်းတဲ့အပေါ် ဝါရင့်နိုင်ငံရေးသမား၊ တော်လှန်ရေးအဖွဲ့အစည်းများနဲ့ ပြည်သူတချို့ရဲ့ အမြင်သဘောထားကို ကန္တာရဝတီတိုင်း(မ်)က ဆက်သွယ်မေးမြန်းထားပါတယ်။

ကရင်နီပြည်က ဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးမားရ်ကိုဘန်

ကရင်နီပြည်က ဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးမားရ်ကိုဘန်

“ အဲ့တာတွေ ပြန်ဖျက်ဖို့လိုတယ်။ မဟုတ်ရင် ဒီအတိုင်ထားရင် ပြဿနာတွေ အများကြီးဖြစ်နိုင်တယ်။ အဲ့တာကြောင့် ဦးလေးပြောချင်တာကတော့ ဒီကိစ္စတွေက မမှားသင့်မမှားထိုက်တဲ့ဟာတွေကို မှားတယ်ဆိုတာက ဒါ မတော်တဆ မှားတာမဟုတ်ဘဲနဲ့ သက်သက် မဆီမဆိုင် ကိုယ်နဲ့ မပတ်သက်တဲ့ဟာကို ဝင်ရောက်စွက်ဖက်သလိုဖြစ်နေတဲ့ဟာကို ဒါက ဒီလုပ်ရပ်မျိုးကို ဖျက်သိမ်း ရမယ်။ နောက်ပြီးတော့ ရှေ့ဆက် ဘယ်နေရာမှာမဆို အဲ့လိုမျိုးလုပ်ဆောင်ဖို့ကတော့ လုံးဝ ရှောင်ရှားရလိမ့်မယ်။ ဥပမာ အုပ်ချုပ်ရေး ဒီတိုင်းရင်းသား အုပ်ချုပ်ရေးတွေ မရှိတဲ့နေရာမှာဆိုရင် တော့ ဒါက သူ့အုပ်ချုပ်ရေးကို သူက လုပ်ရင်လုပ်။ အဲ့တာ လုပ်နိုင်ရင်လုပ် ဒါကတော့ ပြောစရာတော့မရှိဘူး။ ဒါပေမယ့် ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေး ကနေပြီးတော့ အုပ်ချုပ်ရေးရှိတဲ့နေရာမှာ လုပ်ဆောင်တဲ့နေရာမှာ လုံးဝ ကန့်ကွက်ရှုပ်ချတယ်လို့ ဦးလေးက ဒီလိုပဲ ရှင်းရှင်းလင်းလင်းပြောချင်တယ်။ “

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)အတွင်းရေးမှူး (၁) ခူဒယ်နီယာယ်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)အတွင်းရေးမှူး (၁) ခူဒယ်နီယာယ်

“ NUG ထုတ်တဲ့စာအပေါ်မှာက သူတို့ဦးစီးဦးဆောင်လုပ်မယ်ဆိုတဲ့ သဘောမျိုးတော့ သက်ရောက်တယ်။ သို့သော် ကျနော်တို့ အနေနဲ့ကတော့ သူတို့ အဲ့လို လုပ်လို့မရဘူး။ ကျနော်တို့ ဒေသခံအဖွဲ့အစည်း လူထုကိုယ်စားပြု အဖွဲ့အစည်းတွေက လုပ်ပြီးမှ သူတို့ လာပူးပေါင်းဆောင်ရွက်မှု လုပ်မယ်။ ညှိနှိုင်းမှု လုပ်ကြမယ် အဲ့လိုမျိုးတော့ ဖြစ်ရမှာပေါ့လေ။ သူတို့ ထုတ်တဲ့စာက သူတို့ ဦးစီးဦးဆောင်ပြီး လုပ်ဆောင်တာက မရဘူး။ ဒါကတော့ သူတို့ရော လူထုရော သိစေချင်တယ်။ “

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဦးဆောင်ကော်မတီဝင်တစ်ဦး

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဦးဆောင်ကော်မတီဝင်တစ်ဦး

“ ကျနော်တို့ အနေနဲ့ကတော့ မြေပြင်မှာ အုပ်ချုပ်ရေး ဝိုင်းလုပ်ဖို့လိုအပ်တယ်။ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်မှုတွေတော့ မဖြစ်မနေ လုပ်ဖို့လိုတယ်ပေါ့။ နောက်တစ်ခုက ကျနော်တို့ အုပ်ချုပ်ရေးတွေ လုပ်နိုင်ဖို့ ကျနော်တို့ ကရင်နီပြည်မှာဆိုရင် ကျနော်တို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီဆိုတာ ရှိတယ်ပေါ့နော။ အဲ့လိုမျိုးကောင်စီလည်း ရှိတဲ့အခါမှာ ကျနော်တို့ က အပြန်အလှန်ထိန်းကျောင်းမှု အပြန်အလှန် ညှိနှိုင်းဆောင်ရွက်မှု တွေ ကျနော်တို့ လုပ်ဖို့လိုတယ်။ NUG ပဲဖြစ်ဖြစ် CRPH ပဲဖြစ်ဖြစ်ပေါ့နော။ ဖယ်ဒရယ် ပြည်ထောင်စုကို သွားတဲ့အခါမှာတော့ သူတို့က မြေပြင်အခြေအနေမှာ တိုက်ရိုက်ဝင်ရောက် လုပ်ဆောင်တာမျိုးတွေတော့ မဖြစ်သင့်ဘူးလို့ ကျနော်တို့ မြင်တယ်ပေါ့။“

ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC မှာပါဝင်တဲ့ ခူပလူးရယ်

ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC မှာပါဝင်တဲ့ ခူပလူးရယ်

“ ဆိုလိုချင်တာတော့ ဒီကရင်နီပြည်မှာ အုပ်ချုပ်ရေးလုပ်ငန်း တရားစီရင်ရေး ဥပဒေပြုရေးကတော့ သူတို့ ဝင်ရောက်စွက်ဖက် ပိုင်ခွင့်တော့ မရှိဘူး။ ဒါပေမယ့် ချိတ်ဆက်ဆောင်ရွက်တာ ညှိနှိုင်းဆောင်ရွက်တာ ပံ့ပိုးပေးနိုင်တာတွေတော့ သူတို့ လုပ်လို့ရတယ်။ အဲ့လိုမျိုး သဘောပါ။ ဆိုတော့ ကျနော်တို့ သူတို့နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီးတော့ နောက်ပိုင်းမှာ အလားတူပေါ့နော မဖြစ်စေရေးအတွက် ကျနော်တို့ ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်ကြဖို့ ပြောထားပါတယ်။ “

ကရင်နီပြည်ဒေသခံ လူငယ်တစ်ဦး

ကရင်နီပြည်ဒေသခံ လူငယ်တစ်ဦး

“ လူထုတစ်ယောက်အနေနဲ့ ဒီအပေါ်မှာကတော့ မဖြစ်သင့်သေးဘူးပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေနဲ့ အချိန်ခါကို တစ်ချက်ပြန်ကြည့်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုရင် အခုလက်ရှိပြည်နယ်မှာက တိုက်ပွဲတွေ အရမ်းဖြစ်ပွားနေတာပေါ့နော။ ဆိုတော့ လူထုတွေကလည်း တောထဲတောင်ထဲမှာ ရောက်တဲ့အခြေအနေရှိတယ်။ ကိုယ့်ရွာ၊ ကိုယ့်ရွာကို ပြန်လာလို့မရတဲ့ အခြေအနေမျိုး ရှိနေသေးတာပေါ့နော။ ဆိုတော့ ဒီလိုမျိုး အုပ်ချုပ်ရေးအဖွဲ့အစည်းက ဖွဲ့စည်းဖို့တော့လိုတယ်။ ဒါပေမယ့် အခုက အချိန်မတန်သေးဘူးပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်။ လက်ရှိအခြေအနေက အဆင်မပြေသေးဘူး။ ပြီးတော့ ကိုယ့်ရဲ့ ဒေသ အစိုးရလည်း ရှိသေးတယ်ဆိုတော့။ သူတို့ ရဲ့ ချိတ်ဆက်မှုတွေ ပူးပေါင်းပါဝင်မှု ညှိနှိုင်းမှုတွေကလည်း အများကြီး လိုသေးတယ် အဲ့လိုမျိုးမြင်တယ်ပေါ့နော။ “

spot_img
spot_img