ဖယ်ခုံမြို့နယ်အတွင်း NLD လွှတ်တော်အမတ်အပါအဝင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရသူ ၆ ဦး ရှိနေ

0
4565
ဓာတ်ပုံ - ၂၀၂၀ခုနှစ် ဧပြီလအတွင်း ရိုက်ကူထားသည့် လွိုင်ကော်အကျဉ်းထောင်ပုံ။

ကန္တာရဝတီတိုင်း ( မ် )

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရသူ ဖယ်ခုံမြို့နယ်အတွင်းမှာ NLD လွှတ်တော်အမတ်တစ်ဦးအပါအဝင် ၆ ဦး ရှိနေတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ဒီလိုထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရတဲ့သူတွေထဲမှာ လွှတ်တော်အမတ်တစ်ဦးပါတယ်။ ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ်တစ်ယောက်ပါတယ်ပေါ့နော။ ပီတယ်အောင်တစ်ယောက်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

လွှတ်တော်အမတ် ဦးပီတယ်အောင်နဲ့အတူ ဖယ်ခုံမြို့နယ်အတွင်းက မောင်သက်၊ မောင်လွှတ် ဆိုသူ နှစ်ဦးဟာလည်း တချိန်တည်းမှာ အဖမ်းခံရတဲ့အတွက် သုံးယောက်လုံးကို စစ်ကောင်စီက တရားစွဲပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ထားတယ်လို့ သိရပါတယ်။

ဦးပီတယ်အောင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဖယ်ခုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။

စစ်ကောင်စီက ဖမ်းဆီပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ထားတဲ့ သူတို့သုံးဦးဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တက်ကြွလှုပ်ရှားခဲ့သူတွေဖြစ်တယ်လို့ ဖယ်ခုံ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သူက လောလောဆယ် အရေးအခင်းဖြစ်တဲ့အခါကျတော့ ဖယ်ခုံမြို့နယ် ဦးဆောင်တဲ့အထဲမှာ သူတို့ပါတယ်ကော။ ခေါင်းဆောင်တွေပေါ့။ ကျန်တဲ့လူတွေကတော့ အဲ့ဒီ ဦးမောင်လွှတ်တို့ ဦးမောင်သက်တို့ကတော့ ဦးပီတယ်အောင်ရဲ့ လူပေါ့နော။” လို့ ၎င်းက ပြောပါတယ်။

သူတို့ သုံးဦးဟာ ၂၀၂၁ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့က ရှမ်းပြည်နယ် နန့်စန်မြို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ဖမ်းဆီးမှုခံရပြီး လူသတ်မှုပုဒ်မ ၃၀၂ ၊ အားပေးကူညီမှုပုဒ်မ ၁၁၄ ၊ လက်နက်ဥပဒေပုဒ်မ ၁၉( စ )၊ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇( ၁ ) စတဲ့အမှုတွေနဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ နန့်စန်တရားရုံးကနေ တရားရင်ဆိုင်ခဲ့ရပြီး အမိန့်ချခံထားရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တောင်လေးလုံးထောင်မှာ ထိန်းသိမ်းထားခံရတယ်လို့ သိရပါတယ်။

သူတို့အပြင် ဖယ်ခုံမြို့နယ်အတွင်းက မောင်လာ၊ ခွန်းကေကောရီယိုနဲ့ မောင်ငြိမ်းတို့ကိုလည်း ထောင်ဒဏ်တသက် တကျွန်း ချမှတ်ခံရပါတယ်။ သူတို့ကို စစ်ကောင်စီကနေ၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့က ဖမ်းဆီးထားပြီး ပုဒ်မ ၃၀၂နဲ့ တရားစွဲဆိုထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP )ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိအချိန်အထိ ကရင်နီပြည်မှာ စစ်ကောင်စီက တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်ထားသူ (၁၄၀) ဦးနဲ့ တရားရင်ဆိုင်နေဆဲဖြစ်သူ (၁၁၇) ဦး ရှိတယ်လို့ PKPF ရဲ့ ဇူလိုင်လ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တရားစွဲပြီးထောင်ဒဏ်ချမှတ်ခံထားရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ၁၅နှစ်အရွယ် နှစ်ဦး၊ ၁၇နှစ်အရွယ်တစ်ဦးနဲ့ ၁၈နှစ်အရွယ် ၂ဦးလည်း ပါဝင်ပြီး မန္တလေးအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ PKPF က ထုတ်ပြန်ထားပါတယ်။