spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံအင်း အရှေ့ဖက်ကမ်းရှိ ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၅ ထောင်နီးပါး စစ်ဘေးရှောင်နေရ၊ နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံအင်း အရှေ့ဖက်ကမ်းရှိ ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၅ ထောင်နီးပါး စစ်ဘေးရှောင်နေရပြီး နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကွန်ရက်မှ တာဝန်ရှိသူထံကနေ သိရပါတယ်။

“ခန့်မှန်းခြေကတော့ ကျနော်တို့ စာရင်းရသလောက်တော့ ၅ ထောင် ဝန်းကျင်လောက်ရှိတယ်။ ဆောင်နန်းခဲကျေးရွာကနေ စပြီးတော့ ဆီးမီလော၊ ကဖု( လယ်ထွန် ) အထိပေါ့နော။ စုစုပေါင်း ၁၅ ရွာလောက် ရှိမယ်။ အခုအခက်အခဲကတော့ နေရာနဲ့ အစားအသောက်ပေါ့နော။ နေရာက ကျဉ်းကျဉ်းကြပ်ကြပ်၊ နောက်ပြီးတော့ အဆောက်အဦး အဟောင်းတွေမှာ နေရတော့ အန္တာရာယ်ရှိတာပေါ့။ ကျနော်တို့ ကြည့်တဲ့ပုံစံအရဆိုရင်လေ။ ဆိုတော့ အဓိက နေရာအခက်နဲ့ အစားအသောက်ပေါ့နော။ အခက်အခဲ ရှိပါတယ်။” လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်မှု ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

စစ်ကောင်စီမှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျေးရွာထဲကို မကြာခဏ ကျလာတာကြောင့် အားလုံး ထွက်ပြေးတိမ်းရှောင်နေကြရပြီး တောတောင်ထဲ နေထိုင်ရသူတွေအနေနဲ့ အခက်အခဲများစွာ ရှိနေတယ်လို့ ဖယ်ခုံအင်းအရှေ့ဖက်ကမ်းမှ ဒေသခံတစ်ဦးက ပြောပါတယ်။

“ထီရိမှာ တိုက်ပွဲဖြစ်ကတည်းက တချို့တွေတော့ ရှောင်ထားကြတယ်။ ဆောင်နန်းခဲမှာ မီးရှို့တော့ အကုန်လုံးက ပြေးကုန်တယ်။ တောတောင်တွေပဲ ပြေးတယ်။ တချို့က တခြားနေရာမှာ ဆွေမျိုးရှိရင်တော့ သွားခိုကြတယ်ပေါ့။ အခုက သူတို့ ( စစ်ကောင်စီ) က လွယ်ပေါအထိ ရောက်လာပြီလေ။ လွယ်ပေါ၊ နန်းပေါ်လုံအထိ အိမ်တွေ မီးရှို့နေပြီလေ။ လက်နက်ကြီးတွေလည်း တအားထုတော့ ရွာထဲမှာ မနေတတ်တော့ဘူးလေ။ မသွားရင်လည်း အဆင်မပြေတော့ဘူး။ တောတောင်ထဲ ပြေးသွားရတဲ့သူတွေဆို အခက်အခဲ အများကြီး ရှိတယ်လေ။ မိုးတွေလည်းရွာတော့ အဆင်မပြေဘူး။ စားသောက်ဖို့လည်း အဆင်မပြေဘူး။ တချို့ဆို ပြေးဖို့မရှိဘူး။ ကျနော်တို့ရွာက တချို့ဆို ခြေလျင်နဲ့ပဲ ပြေးလွှားကြတာ။” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-03 မှ တာဝန်ရှိသူတစ်ဦးကတော့ စစ်ဘေးရှောင်တွေကို ကူညီကယ်ထုတ်ပေးနေတာတွေရှိပြီး သူတို့အနေနဲ့ မိုးကာကို အလိုအပ်ဆုံးဖြစ်နေတယ်လို့ ပြောပါတယ်။

“လိုအပ်တယ်။ အခု ကျနော်တို့ ရွေ့နေတာတောင်မှ မိုးတွေရွာတယ်။ အသက်ကြီးတဲ့လူတွေ သွားလာဖို့ ကျနော်တို့ မိုးကာလည်းလိုတယ်။ ကားမလုံတဲ့အတွက် ဒန်ဘာနဲ့ဆိုရင် မိုးရွာရင် စိုးရိမ်ရတယ်။ သူတို့အတွက် ဒီချိန် အခက်အခဲဆုံးကတော့ မိုးကာပဲ။ ဆေးဝါးကတော့ ကျနော်တို့ တတ်နိုင်တဲ့ဖက်ကနေ ကူညီတာတော့ရှိတယ်။ အရေးပေါ်လိုအပ်ဆုံးက မိုးကာပေါ့ အခုလက်ရှိအခြေအနေ။” လို့ KNDF B-03 တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ဘေးရှောင်နေရသူ ဦးရေ နှစ်သိန်းဝန်းကျင်ရှိနေပြီး နေအိမ်လုံးဝ ပြန်လို့ အဆင်မပြေနိုင်တဲ့ စစ်ဘေးရှောင်ဦးရေ တစ်သိန်းငါးသောင်းကျော် ရှိတယ်လို့ သိရပါတယ်။ ကျန်သူတွေကတော့ လုံခြုံရေးအနေအထားကြည့်ကာ ကျေးရွာထဲကိုပြန်ပြီး လိုအပ်တာပြန်ယူလို့ရတဲ့ အနေအထားမှာတော့ ရှိနေတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကွန်ရက်ထံကနေ သိရပါတယ်။

spot_img
spot_img

Recent posts