spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံ-ပင်လောင်းတိုက်ပွဲဖြစ်နေဆဲ၊ ဒေသခံတွေ နေရပ်မပြန်နိုင်သေး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်။ (ဓါတ်ပုံ – ကြယ်တံခွန် လူမှုကူညီရေးပရဟိတအသင်း)

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေဆဲဖြစ်တဲ့အတွက် မတ်လ လဆန်းက တိမ်းရှောင်နေခဲ့တဲ့ ဒေသခံ လူထုတွေဟာ လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

လက်ရှိစစ်ရှောင်နေကြရတဲ့ ကျေးရွာတွေကတော့ ဖယ်ခုံမြို့နယ်ထဲက တောင်မဲသင်း၊ လုံးပျဉ်၊ ပင်ပုံ၊ တောင်စလုံး၊ မြောက်စလုံး စတဲ့ကျေးရွာတွေ နဲ့ ပင်လောင်းမြို့နယ်ထဲက နမ်းနိန်း ကျေးရွာတို့ဖြစ်ပြီး လူဦးရေ ၆၀၀၀ ကျော်ရှိတယ်လို့ စစ်ရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။

“ ဘုန်းကြီးကျောင်းမှာ နေကြတယ်။ တချို့လည်း အမျိုးအိမ်မှာနေကြတယ်။ အရင်ကတည်းက စစ်ရှောင်တွေရှိသေးတယ်။ ဒီးမော့ဆိုဖက် ပြန်လို့မရသေးတာတွေ ရှိသေးတယ်ဗျ။” လို့ စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

တောင်စလုံး၊ မြောက်စလုံး ကျေးရွာတွေကနေ စစ်ရှောင်နေကြရတဲ့ သူတွေကတော့ ကုန်စျေးနှုန်းမြင့်တက်တာတွေ၊ စားနပ်ရိက္ခာပိုင်းခက်ခဲတာတွေလည်း ရှိတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ( ၂ ) သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“ သိရသလောက်တော့ ဒီဖက်မှာက ကုန်စီးဆင်းမှု သိပ်မရှိဘူးပေါ့နော။ စစ်ကောင်စီက အရပ်သားပစ်မှတ်ပြီးတော့ ဖြတ်လေးဖြတ်စနစ်တို့ သူတို့ ဖြတ်တောက်ထားတယ်။ ပြီးတော့လည်း စစ်ရှောင်တွေ ပြည်သူတွေ ဆေးကုသဖို့အတွက်လည်း ဆေးဝါးတင်ပို့မှု ဆိုလည်း သူတို့က ဆေးတင်တဲ့သူတွေ၊ ဆန်တင်တဲ့သူတွေကို ဖမ်းတာရှိတယ်။ ဒီဖက် စစ်ရှောင်တွေရော၊ ပြည်သူတွေရော အကျပ်အတည်း ဖြစ်တယ်လို့ ပြောလို့ရတယ်ပေါ့နော။ ကုန်စျေးနှုန်းလည်းတက်တယ်ဆိုတော့လေ အခက်အခဲဖြစ်တယ်လို့လည်း သတင်းကြားတယ်ပေါ့နော။“ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ( ၂ ) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ဖယ်ခုံ-ပင်လောင်းမှာ တိုက်ပွဲစတင်ပြင်းထန်တဲ့ မတ်လဆန်းကတည်းက ဒေသခံတွေဟာ စစ်ရှောင်နေကြရတာဖြစ်ပါတယ်။ လက်ရှိမှာ တချို့ စစ်ရှောင်တွေဟာ တောတောင်ထဲနေထိုင်ရပြီး ရေရှားပါးမှုကြောင့် အရေပြားရောဂါဖြစ်တာတွေ ရှိတယ်လို့ သိရပါတယ်။

ပင်လောင်းမြို့နယ်ထဲက နမ်းနိန်းကျေးရွာမှာဆိုရင် မတ်လ (၁၁)ရက်နေ့က ရွာဘုန်းကြီးကျောင်းမှာ ဘုန်းကြီး ၃ ပါး အပါအဝင် အရပ်သား ၂၈ ဦး သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း အဆိုပါကျေးရွာက ဒေသခံတွေဟာ နေရပ်ပြန်နိုင်ခြင်းမရှိကြသေးဘဲ ဆွေမျိုးတွေထံ သွားရောက်မှီခိုနေထိုင်ကြရတယ်လို့ သိရပါတယ်။

spot_img
spot_img