spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ် က စစ်ဘေးရှောင်စခန်းတစ်ခုမှာ လူဦးရေရဲ့ တစ်ဝက်ခန့် ဖျားနာနေ၊

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တောင်ဘက် ဆိုသယ် စစ်ဘေးရှောင်စခန်းမှာ ရာသီအကူးအပြောင်းကြောင့် စစ်ရှောင်ပြည်သူတွေ တစ်ဝက်ခန့် ဖျားနာနေပြီး လူဦးရေ ၃၀၀ ခန့်က ရောဂါပြင်းထန်တယ်လို့ စေတနာဝန်ထမ်း သူနာပြု တစ်ဦးကပြောပါတယ်။ အဆိုပါ ဆိုသယ် စစ်ရှောင်စခန်းမှာ လူဦးရေ ၁၇၀၀ ရှိနေတာပါ။

” ကလေးတွေဆို နှာစေး၊ ချောင်းဆိုး၊ အဖျားကြီးပြီး အချို့ဆို သတိလစ် တဲ့အထိ ဖြစ်ကြပါတယ်။ အဲ့လောက်ပြဿနာတေအထိ ရင်ဆိုင်နေရပါတယ်၊ လူကြီးတေမှာဆိုလဲ နှာစေး၊ ချောင်းဆိုး၊ တစ်ကိုယ်လုံးကိုက်ခဲ နာကျင်ကြတယ်၊ ပူလိုက်အေးလိုက် အဲ့လို အလုအယက်ဖျားနေကြတာပေါ့ ” လို့ စေတနာ့ဝန်းထမ်း သူနာပြု တစ်ဦးက ပြောပါတယ်။

ရောဂါလက္ခဏာ အများစုက တုပ်ကွေးရောဂါနဲ့ ဆင်တူပြီး ရုတ်တရက် ကိုယ်ပူပြီး အဖျားတက်တာတွေအပြင် အားနည်းတဲ့ကလေးတွေမှာ ပျို့အန်တဲ့အခြေအနေထိ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရေးပြားယားနာပေါက်ခြင်း၊ အနာပြည်တည်ခြင်း၊နဲ့ နာတာရှည်ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ အဆစ်အမြစ်ကိုက်ခဲတဲ့ ရောဂါနဲ့၊ အစာအိမ်ရောဂါတွေလည်း ဖြစ်ပွားနေတယ်လို့ အဆိုပါသူနာပြု က ထပ်လောင်းပြောပါတယ်။

တောတောင်ထဲမှာ စစ်ရှောင်နေရတာကြောင့် ရာသီအကူးပြောင်းချိန်မဟုတ်လည်း မကြာခန ဖျားနာကြသလို အဲဒီရောဂါတွေကို ကုသနိုင်ဖို့ အတွက် လည်း ဆေးဝါးတွေမလုံလောက်ဘူးလို့ စစ်ရှောင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

“သားက ချမ်းတုန်တယ်၊ တကိုယ်လုံးကိုက်ခဲတယ်၊ ခေါင်းကိုက်တယ်တဲ့ ။ ချောင်းလည်းဆိုးတယ်၊ ပျို့အန်ချင်နေတယ်။ မနက်စောစော မိုးမလင်းခင်ကတည်းက ဖြစ်တယ်။ ဒီညတော့ မသက်သာဘူး။ ဘာဆေးမှလည်းမပေးထား‌သေးဘူး။ တိုက်စရာဆေးလည်းမရှိလို့။ တစ်လမှာ တစ်ကြိမ်လား ၂လမှာ ၃ ကြိမ်လားမသိဘူး ခနခန ဖျားတာပဲ။ ” လို့ စစ်ရှောင်မိခင်တစ်ဦးက သူမရဲ့ သားဖြစ်သူ ရဲ့ အခြေအနေကို ရှင်းပြပါတယ်။

လက်ရှိဆိုသယ်စစ်ရှောင်စခန်းဟာ ဆေးရုံဆေးခန်းနဲ့ ဝေးလံတဲ့နေရာမှာ တည်ရှိနေတာဖြစ်ပြီး အရေးပေါ်လူနာတွေကို ဆေးရုံဆီပို့ဆောင် ကုသပေးဖို့ အတွက် အခက်ခဲတွေရှိနေပါတယ်။

” ကျမတို့အတွက် ဒီမှာက အခက်အခဲ‌တွေကတော့ လူနာ တွေဖျားတာများတော့ ဆေးဝါးမလုံလောက်တာရယ်၊ အရေးပေါ်လူနာတေ၊ မွေးလူနာတွေလဲ ရှိနေတော့ ဆေးရုံပို့ဖို့က ကားတေမရှိဘူး၊ ဓါတ်ဆီ၊ဒီဇယ်‌တွေမရှိဘူး အဲ့တာတွေခက်ခဲတာပေါ့နော်။” လို့ စေတနာဝန်းထမ်းတစ်ဦးကပြောပါတယ်။

လက်ရှိ ဖရူဆိုမြို့နယ် မှာ စစ်ဘေးရှောင် ဦးရေး ၆၀၀၀ ကျော်ရှိနေပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာတွေရှိနေပါတယ်။

spot_img
spot_img