ဖရူဆိုမြို့နယ် ဒေါလောခူကျေးရွာ ရေသိုလှောင်ကန်မှာ ဆေးရည်၊ ဆေးမှုန့်တွေတွေ့လို့ စိုးရိမ်မှုတွေရှိနေ

0
464

ဖရူဆိုမြို့နယ် ဒေါလောခူကျေးရွာအတွင်းရှိ ရေသိုလှောင်ကန်အတွင်း အမျိုးအမည်မသိ ဆေးရည်တွေ ၊ ဆေးမှုန့်တွေရှိနေလို့ အဆိပ်ခပ်ခံရမှာကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။

“ နံနက်ပိုင်းရေလာခပ်တဲ့အချိန်မှာ အနံရတယ်ပေါ့ အနံရတော့ ဘာတွေရှိလဲ ကြွက်တွေသေတာလားဆိုပြီး တက်ကြည့်တဲ့အခါကျတော့ အဲ့ဒီဆေးဗူးတွေတွေ့တယ်ပေါ့။” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးရှားရယ်ကပြောပါတယ်။

ရေခပ်ပြီး မိမိအိမ်သို့သယ်ဆောင်သွားကြသူတွေကိုလည်း ဆက်လက်မသုံးပဲ သွန်ပစ်ကြဖို့ ဦးရှားရယ်နှင့် ရွာလူကြီးများက တိုက်တွန်းကြပါတယ်။

တစ်ရွာလုံး မှီခိုအားထားရတဲ့ ၎င်းအုတ်ကန်အတွင်းမှာ ၁ လီတာရေသန့်ဘူးနှစ်ဘူး( အလွတ်တစ်ဘူးနှင့် အမျိုးအမည်မသိအရည်အပြည့်ဖြည့်ထားသည့်တစ်ဗူး) ၊ ၃ လက်မရှိဆေးဗူးတစ်ဗူး၊ ဖောက်ထားပြီးတော့ အမည်မသိ အဖြူရောင်အမှုန့်တစ်ထုတ်နှင့် ဓားမြောင်တစ်လက်တို့ကို ရွာသားတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အုတ်ကန်အတွင်းရှိရေတွေဟာ ဆိုးရွားတဲ့အနံအသက်များရနေတာကြောင့် ကျေးရွာသူရွာသားတွေကလည်း စိုးရိမ်ကြပြီး ရေတွေကို ဖွင့်ချကာကန်အတွင်းဆပ်ပြာမှုန့်နှင့် ဆေးကြောခဲ့ပါတယ်။

“ ပြောရမယ်ဆိုရင်တော့ တစ်ခုခုတော့လာကြံစည်နေတာပဲထင်တယ် ရေတွေကအနံလည်းရတယ် ဒီရွာကိုလာကြံစည်တယ်လို့ထင်ပြီးတော့မှ အကုန်လုံးဖောက်ထုတ်လိုက်တယ်” လို့ဦးရှားရယ်ကပြောပါတယ်။

အခုလို အဆိပ်လို့ယူဆရတဲ့ပစ္စည်းများမတွေ့ခင်ကလည်း ရွာအတွင်းသူစိမ်းဝင်တာတွေ မသင်္ကာစရာတွေမရှိပဲ လူသူတိတ်ဆိတ်တဲ့ညအချိန်မှာ လာလုပ်သွားတာလို့ ဒေသခံတွေကမှတ်ယူကြပါတယ်။

အခုလိုဖြစ်ပြီးနောက်ပိုင်းမှာ ကျေးရွာလုံခြုံရေးအတွက် ကင်းလှည့်တာတွေပြုလုပ်ပြီး ရေစုပ်ယူသည့်နေရာနှင့် ရေသိုလှောင်သည့်နေရာတွင်လည်း လုံခြုံရေးကင်းသမားတွေချထားတယ်လို့ ကျေးရွာဥက္ကဌ ဦးမီရယ်ကပြောပါတယ်။

အဆိပ်လို့ ယူဆရတဲ့ ဆေးပစ္စည်းတွေရှင်းလင်းပြီး ယနေ့အချိန်အထိ ကျေးရွာလူထုတွေ တစ်စုံတစ်ရာထိခိုက်တာမျိုးမရှိသေးပေမယ့် အုတ်ကန်အဟောင်းကိုသာပြန်လည်အသုံးပြုပြီး ရေသိုလှောင်သောက်သုံးရတာကြောင့် တစ်ခုခုဖြစ်မှာကိုတော့ စိုးရိမ်နေကြဆဲပါ။


အဆိပ်လို့ယူဆရတဲ့ ပစ္စည်းတွေကို သုသေသနပြုလုပ်ဖို့ ဆေးဝါးကျွမ်းကျင်တဲ့ မည်သည့်အဖွဲ့အစည်းမှ လာရောက်စစ်ဆေးတာမရှိသေးဘူးလို့ သိရပါတယ်။