spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့ အဝင်အထွက် ကရင်နီပြည်အစိုးရ ယာယီပိတ်မည်

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဖရူဆိုမြို့တွင်း ဝင်ထွက်သွားလာတာတွေကို လုံးဝခွင့်မပြုဘဲ ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ကစပြီး လုံခြုံရေးအရ ယာယီပိတ်လိုက်တယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ကေးလျားမြို့နယ်အုပ်ချုပ်ရေးက ယမန်နေ့(နိုဝင်ဘာလ ၂၈ ရက်)မှာ ထုတ်ပြန်ထားပါတယ်။

“အခြေအနေကြည့်မယ်။ အကယ်၍ အခြေအနေကောင်းတယ်။ ကျနော်တို့ လူထုတွေ အိမ်ပြန်ကြည့်ဖို့အတွက် ပြန်ဖွင့်ပေးမှာပေါ့နော။ အိမ်ပြန်ကြည့်တာတို့၊ ပစ္စည်းပြန်ယူတာတို့ အဲဒီလိုမျိုးပေါ့နော။ သူတို့ အကုန်ယူပြီးပြီဆိုရင် အခုလည်း မြို့ပေါ်မှာ တချို့ကျန်နေသေးတယ်။ လူထုတွေအကုန်မထွက်သွားဘူး။ တစ်ယောက်တစ်လေ မြို့ပေါ်တွေမှာ ကျန်ခဲ့သေးတယ်။ အဲဒီလိုလူတွေက ဘယ်လိုမျိုးလဲဆိုတော့ စစ်ကောင်စီရဲ့ စားနပ်ရိက္ခာတွေကို ကူတာမျိုးတွေရှိတယ်။ ဒါတွေလုံးဝမဖြစ်ခိုင်းစေချင်ဘူးပေါ့။ ဒီလို ပြည်သူလူထုတွေ သွားလာတာက စစ်ကောင်စီအတွက် စားနပ်ရိက္ခာတွေ သယ်ကူတာမျိုးတွေ ဖြစ်နိုင်တယ်။ ကျနော်တို့က လုံးဝ ဖြတ်တောက်ချင်တယ် အဲဒီလိုမျိုးပေါ့။” လို့ ကရင်နီပြည်အစိုးရ ရဲ့ ကေးလျားမြို့နယ် အုပ်ချုပ်ရေးမှူး ခူးဟယ်ရယ်က ပြောပါတယ်။

ဖရူဆိုမြို့ထဲမှာ စစ်ကောင်စီတပ်တွေရှိနေပြီး သူတို့တွေဟာ ရိက္ခာလမ်းကြောင်းအတွက် ပြည်သူလူထုတွေကို စေခိုင်းနေတဲ့အတွက် အခုလိုအဝင်အထွက်တွေကို ပိတ်လိုက်တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် ဖရူဆိုမြို့ထဲမှာ မြေမြုပ်မိုင်းတွေရှိနေတဲ့အပြင် စစ်ကောင်စီတပ်တွေက အရပ်သားပြည်သူတွေကို ခေါ်ယူနှိပ်စက်ညှင်းပန်းနေတဲ့အတွက် မပြန်ခိုင်းစေချင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့ကနေ စစ်ဘေးတိမ်းရှောင်ခဲ့သူ ကိုဖဲဘျားကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ မြို့ထဲဝင်ပြီး ပစ္စည်းတွေသယ်တာရှိခဲ့ပေမယ့် လက်ရှိမှာတော့ ပစ္စည်းတွေ ထပ်သယ်ရမသယ်ရ မသိတော့ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ စနေနေ့ က ပြန်တယ်။ သောကြာလား၊စနေလား။ အဲဒီရက်တော့ မြို့ထဲ ပြန်ဝင်သေးတယ်။ ပစ္စည်းတွေက အကုန်မသယ်နိုင်တော့ နောက်မှပြန်သယ်မယ်ဆိုပြီးတော့မှ မြို့ထဲ ပေးမဝင်တော့ဘူးပြောတယ်။ ပေးဝင်မလား။ မပေးဝင်တော့ဘူးလားတော့ မသိဘူးပေါ့။ ” လို့ သူက ပြောပါတယ်။

အခြေအနေအရ ဝင်ထွက်သွားလာခွင့်တွေကို ပြန်လည်ခွင့်ပြုမှာဖြစ်ပေမယ့် လက်ရှိမှာတော့ ခွင့်ပြုမှာ မဟုတ်သေးဘူးလို့ ဆရာဟယ်ရယ်က ဆိုပါတယ်။ အဲဒီလို ဝင်ထွက်ခွင့် ပိတ်ထားတာဟာ ယခင်ကတည်းက ပြုလုပ်နေပြီး ယခုလို တရားဝင်စာထုတ်တာတော့ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img