spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုအနောက်ဖက်ခြမ်းစစ်ရှောင်ပြည်သူ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အရေးတကြီးလိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့အနောက်ဖက်ခြမ်းမှာ စစ်ရှောင်ပြည်သူတွေ တိုးလာပြီး ဆေးဝါး၊ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းအတွက် အမိုးအကာ အရေးတကြီးလိုအပ်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။

“သူတို့က ရုတ်တရက်ပြေးလာတာလည်းပါတယ် အရမ်းလည်းအေးတယ် အအောက်အဦးလည်းမရှိဘူးပေါ့နော အဲ့ဒါကြောင့်မလို့ စားနပ်ရိက္ခာကိုတော့ တောင်းဆိုတာရှိတယ်။ စားနပ်ရိက္ခာအပြင် နေဖို့ထိုင်ဖို့အတွက် အမိုးအကာတွေလိုအပ်တယ် စောင်တွေ ဆေးဝါးတွေ အရေးတကြီးတောင်းဆိုတာရှိတယ် ဒါကိုလည်း ကျနော်တို့ကတော့ အတတ်နိုင်ဆုံးလုပ်ဆောင်ပေးနေတာရှိတယ်ပေါ့နော။ဧရိယာအရကြည့်မယ်ဆိုရင်လည်း သယ်ယူပို့ဆောင်ရေးကလည်းခက်ခဲတယ် လမ်းကြောင်းလည်းပိတ်နေတာရှိတော့လေ အဲ့ဒီမှာအခုလောလောဆယ်ကတော့ တော်တော်လေးကို အကန့်အသတ်နဲ့ရင်ဆိုင်နေရပါတယ်။” လို့ ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ရက်နေ့ ဒီးမော့ဆိုမြို့ကနေ ဖရူဆိုမြို့နယ် ဆိုမိုကျေးရွာဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကြောင့် မိုဆိုအုပ်စုထဲက ကျေးရွာ ၇ ရွာ ရွာလုံးကျွတ် လူဦးရေ (၁၈၁၇)ဦး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်ကြောင်းထိုးလာတဲ့ သတင်းကြောင့် ဒေသခံပြည်သူတွေ ရုတ်တရက်ထွက်ပြေးရတဲ့အတွက် အရေးကြီးတဲ့စားနပ်ရိက္ခာ၊ အမိုးအကာ၊ အခင်း၊ စောင် စတဲ့အခြေခံသုံးပစ္စည်းတွေ မယူခဲ့ရသလို လက်ရှိ ဆောင်းရာသီဖြစ်တဲ့အတွက် အအေးဒဏ်ကို ပိုမိုခံစားနေရတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

ဖရူဆိုအနောက်ဖက်ခြမ်းဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို အအေးဒေသဖြစ်တဲ့အတွက် သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် ကျန်းမာရေးပိုင်းဆိုင်ရာ စိုးရိမ်စရာရှိပြီး ဆေးဝါးလိုအပ်မှုရှိတယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

“လူဦးရေ ၂၀၀၀ထပ်တိုးလာတဲ့အတွက်ကြောင့်မလို့ ရှိနေပြီးသားဆေးဝါးလည်းတော်တော်လေးနည်းပါတယ် အစကတည်းက ဆရာ၊ ဆရာဝန်တွေလည်းနည်းတယ် ဆေးဝါးလည်းနည်းတယ် လမ်းပန်းဆက်သွယ်ရေးလည်းခက်ခဲတဲ့အပေါ်မှာ အခုလည်း ၂၀၀၀ထပ်တိုးတာဆိုတော့ ကျန်းမာရေးပိုင်းဆိုင်ရာအရတော့ တော်တော်လေးစိုးရိမ်စရာရှိပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေရယ် ကလေးတွေရယ် အအေးဒဏ်နဲ့ပတ်သက်တဲ့ဖျားနာမှုတွေကိုတော့ သူတို့အလူးအလဲခံရဖို့ရှိပါတယ်။” လို့ ၎င်းကပြောပါတယ်။

လက်ရှိ ဖရူဆိုမြို့နယ်ဖက်မှာလည်း စစ်ကောင်စီက တပ်စွဲထားတဲ့အတွက် သွားလာရေးအတွက် အခက်အခဲရှိတဲ့အတွက် ရိက္ခာပိုင်း အလွန်ဆုံး တစ်လသာ ကျန်ရှိတော့တယ်လို့ ဖရူဆိုစစ်ရှောင်တစ်ဦးက ပြောပါတယ်။

“ရိက္ခာတွေအများကြီးလိုအပ်တယ်။ အခုဆိုရင်လည်း လမ်းတွေ ပိတ်ထားလေ။ သွားလာလို့ မရတော့ဘူး။ ရိက္ခာဆိုရင် နောက်တစ်လနေရင် အလွန်ဆုံးတစ်လပေါ့နော။ တစ်လထက်မပိုတော့ဘူး။ ဆန်တွေသယ် ရိက္ခာတွေသယ်ပြီး ပြေးရတာ။ မလောက်နိုင်ဘူး။ ကျမတို့ အိမ်တစ်ခါပြန် ပြန်ဖို့ဆိုရင်လည်း အခက်အခဲရှိတယ်။”လို့ အဆိုပါစစ်ရှောင်က ပြောပါတယ်။

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်ရဲ့ မှတ်တမ်းအရ ကရင်နီပြည်တွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူ တစ်သိန်းငါးသောင်းခန့်ရှိပြီး လက်ရှိ ဖရူဆိုမြို့နယ်မှာ စစ်ဘေးရှောင် ၇ထောင်နီးပါးရှိနေပြီလို့ သိရပါတယ်။

spot_img
spot_img

Recent posts