spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ဖာလာဈေးကျလို့ တောင်သူတွေအခက်ကြုံ

Author

Date

Category

ခွန်းကလိုင်းဖရီး

ဖာလာဈေးနှုန်းတွေ ယခင်နှစ်တွေနဲ့ယှဉ်ရင် ဈေးထိုးကျသွားတာကြောင့် ကယားပြည်နယ်နဲ့ ကယန်း ဒေသက ဖာလာစိုက်တောင်သူတွေ အခက်အခဲကြုံနေကြရပါတယ်။

ယခင်နှစ်က ဖာလာသီးအစိမ်းအညှာပါ ၃ ပုံးအိတ် တစ်အိတ်ကို ၁၇၀၀၀ ကျပ်အထိဈေးပေါက်ပြီး ဒီနှစ်မှာတော့ တစ်အိတ်ကို ၇၀၀၀ ကျပ်လောက်အထိပဲ ဈေးပေါက်ပါတယ်။

ဖာလာသီးအခွံအုပ်ခြောက် ၁ ပိဿကို ယခင်နှစ်က ၁၈၀၀၀ ကျပ်အထိ အပိတ်ဈေးရှိပြီးတော့ ဒီနှစ်ဈေနှုန်းအရ ၁ ပိဿကို ၆၀၀၀ ကျပ်လောက်အထိပဲ ဈေးပေါက်နေတာဖြစ်ပါတယ်။

ဖာလာစိုက်တောင်သူတစ်ဦးဖြစ်တဲ့ စခွန်းအယ်လ်ဖောင်းရှိုနွဲ့က “ဒီနှစ်ဆို တော်တော်ပဲ အခက်အခဲ ရောက်ကြတယ်လို့ ပြောရမှာပေါ့။ ကျနော်တို့ ဖာလာတောင်သူတွေက ဖာလာကို အားကိုးအားထားပြုပြီးတော့မှ မိသားစုစားဝတ်နေရေးကို ဖာထေးနေရတယ်လေ။ ဒီနှစ်ဆို ဖာလာဈေးမရှိတော့ တောင်သူတွေ အတော်လေး အခက်အခဲရောက်နေတယ်။” လို့ ပြောပါတယ်။

ဒေသတွင်း ဖာလာခူးခအတွက် တစ်ရက်လုပ်အားခ ၅၀၀၀ ကျပ်ပေးနေရပေမယ့် ဖာလာဈေးမကောင်းတာ ကြောင့် လုပ်အားငှါးရမ်းခအတွက်တောင် အခက်အခဲဖြစ်နေကြရပါတယ်။

ဖာလာဈေးကွက်ဟာ တစ်နှစ်နဲ့တစ်နှစ် ဈေးနှုန်းတူညီမှုမရှိပဲ ဈေးအတက်အကျရှိတတ်ပြီး ဖာလာသီးခြောက် အခွံအုပ် ၁ ပိဿကို အမြင့်ဆုံးဈေးနှုန်းအဖြစ် နှစ်သောင်းအထိရတဲ့ နှစ်တွေလည်းရှိတယ်လို့ တောင်သူ တွေက ဆိုပါတယ်။

ဖာလာပင်ဟာ နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီးတော့ သစ်တောကို မှီခိုပြီး စိုက်ပျိုးရတာကြောင့် သစ်တောပြုန်း တီးမှုကိုလည်း ကာကွယ်ရာရောက်ပါတယ်။

ဒါပေမယ့်လည်း တောင်သူအချို့က ရွှေ့ပြောင်းတောင်စိုက်ပျိုးရေးထက် ဖာလာစိုက်ပျိုးရေးဘက်ကို ဦးတည် လုပ်ကိုင်လာကြပေမယ့် ဒီနှစ်လို အခြေအနေမျိုးဆို ဖာလာအဝယ်သမားတောင် ရှားပါးနေပါတယ်လို့ ဆိုပါတယ်။

“အဝယ်သမားတောင်မှ မလာဘူးလေ။ အဲ့လိုမျိုး ဒါမှ သူများမဝယ်ဘူးလေ။ အစိမ်းလိုက်သူများဝယ်တယ်။ သို့မဟုတ်ရင် အခြောက်မှ ရမယ်တဲ့၊ အညှာခြွေအခြောက်မှ ဝယ်မယ်တဲ့ သူပြောတယ်။ လောလော ဆယ်ဆယ်ကျတော့ သူတို့တက်တော့တက်လာမှာပါ တစ်ရက်ရက်တော့။ တစ်ပတ်မှာ နှစ်ခေါက်၊ နှစ်ခေါက် သူတို့ တက်လာတယ်။ ဒါပေမယ့် ဈေးတော့ မကောင်းဘူးပေါ့။”

ဒီနှစ်မှာ ရာသီဥတုအခြေအနေကြောင့် ဖာလာသီးအထွက်နှုန်း ထိခိုက်ကျဆင်းသွားတယ်လို့ တောင်သူတွေက ဆိုပါတယ်။ မိုးရွာသွန်းမှုနည်းပါးခဲ့တဲ့အတွက် လယ်စပါးမစိုက်ပျိုးခဲ့ရတာတွေ အများအပြားရှိနေပြီး ဖာလာကို မီခိုအားထားဖို့ ရည်ရွယ်ထားကြပေမယ့် အခုလို ဈေးမကောင်းတာကြောင့် တောင်သူတွေ အခက်ကြုံနေရတာပါ။

လတ်တလော စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့အတွက် ဆန်တစ်အိတ်ကို ဖာလာသီးစိမ်းအညှာပါ ၃ ပုံးအိတ် ၅ အိတ်နဲ့ လဲလှယ်စားသောက်ရသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဖာလာ အဝယ်လိုက်နေတဲ့ စခွန်းသန်းသက်က “ဒီနှစ်ကတော့ တကယ်တော့လည်း အခက်အခဲရှိတယ်။ ကိုဗစ်ကြောင့် ကျနော်တို့ ပို့မယ်ဆိုလည်း ကျနော်တို့မှာ ဒုက္ခရောက်တယ်။ ဘာဖြစ်လည်းဆို လမ်းပန်း ဆက်သွယ်ရေးလည်း မရှိဘူးကော။ ကားတွေမရှိတဲ့အချိန်ကျတော့ လမ်းကြုံတဲ့ ကားတွေပဲ ကျနော်တို့ ပို့နိုင်တယ်။” လို့ ဆိုပါတယ်။

ခါတိုင်းနှစ်တွေမှာ ဒေသထွက်ဖာလာတွေကို တောင်ငူဘက်က ပွဲစားတွေ လာရောက်ဝယ်ကြပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်ကြောင့် သွားလာရေးအကန့်အသတ်တွေရှိနေသလို ဖာလာဈေးမကောင်းတာကြောင့်လည်း တောင်သူတွေ အခက်အခဲကြုံတွေ့နေကြရတာဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်းမှာတော့ဖလာကို အဓိက ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းနှင့် ဖားဆောင်းမြို့နယ် မောချီးကျေးရွာတွေဘက်က ဒေသခံတွေက အသက်မွေးဝမ်းကျောင်းတခုအနေနဲ့ အများဆုံးစိုက်ပျိုးကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts