spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့် အိမ်ထောင်စုများကို ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်

Author

Date

Category

နော်ဒွေးအယ်ခူ

သံလွင်မြစ်ရေမြှင့်တက်မှုကြောင့် ဖားဆောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့် အိမ်ထောင်စု(၁၆၁)စုကို သြဂုတ်လ၂၃ရက်နေ့က ဖားဆောင်းမြို့နယ်ခန်းမမှာ ကယားပြည်နယ်အစိုးရအဖွဲ့ကနေပြီး ထောက်ပံ့ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။

ဖားဆောင်းမြို့နယ်အတွင်းရှိ တောင်ပိုင်းရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ဝမ်အောင်(ရှမ်း)ကျေးရွာအုပ်စု၊ ခဲမဖြူကျေးရွာအုပ်စုတို့မှ အိမ်ထောင်စုပေါင်း (၁၆၁)စု၊ လူဦးရေ (၆၅၄)ဦးတို့အတွက် တစ်ပတ်စာ ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ အချိုရည်၊ Mask၊ ကိတ်မုန့် စတာတွေကို ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

“သဘာဝဘေးကြောင့်ဖြစ်သွားတဲ့ မြစ်ရေကြီးမှုအနေအထားတစ်ခုကို ကျတော်တို့ပြည်သူများနဲ့အတူ စိတ်မကောင်းပါဘူး။ စိုးရိမ်ပူပန်မှု အားငယ်စိတ်တွေမမွေးကြပါနဲ့။ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့မှ မဖြစ်မနေ ပြည်နယ်ဘတ်ဂျက်တွေနဲ့ စီမံထားပါတယ်။ သဘာဝဘေးစီမံခန့်ခွဲမှုတွေနဲ့ပြည်နယ်အဆင့် ခရိုင်အဆင့် မြို့နယ်အဆင့်ဆင့် ဖွဲ့စည်းထားပြီး ဒီဖြစ်တည်လာတဲ့အပေါ်မူတည်ပြီး အချိန်နဲ့တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်ပါတယ်”” လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

သြဂုတ်လ၂၃ရက်နေ့ မနက်အစောပိုင်းမှာ သံလွင်မြစ်ရေတက်မှုကြောင့် မြစ်ကမ်းဘေးနေတဲ့အိမ်ထောင်စုတွေဟာ ဘေးလွတ်ရာကို လူမှုကူညီရေးအသင်းအဖွဲ့၊ ဖားဆောင်းမြို့နယ် သဘာဝဘေးအန္တာရယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့၊ မီးသတ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး အကူအညီနဲ့ ဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ရပါတယ်။

“၂၂ရက်နေ့မှာရေကစတက်တယ်။ အရင်တုန်းက တံတားအောက်နေရာမှာနေတယ် အဲ့မှာလယ်ယာစိုက်ပျိုးရေးလုပ်တယ်။၂၂ရက်နေ့ ရေမှာတင် ကျတော်တို့တောင်ယာစိုက်ခင်းအကုန်မြှုပ်သွားပြီ။ ပထမတော့ ဒီကိုပြောင်းလာတာပေါ့။ လက်ရှိနေ နေတဲ့အိမ်ကိုပြောင်းလာတာပေါ့။ ၂၃ရက်နေ့က ရေကပိုတက်လာတော့ ဒီမှာလည်း နေလို့အဆင်မပြေတော့ဘူး။ ဘုန်းကြီးကျောင်းကိုရွေ့ပြောင်းခိုင်းတော့ ဘုန်းကြီးကျောင်းကို ရွေ့ပြောင်းပြီးသွားနေရတယ်။ ရေကအခုချိန်ထိမကျသေးတော့ စိုးရိမ်အမှတ်တော့ရှိနေတာပေါ့” လို့ မြစ်ဘေးနားနေထိုင်တဲ့ ကိုသန်းထွန်းဦးပြောပါတယ်။

ကိုဗစ်ကာလဖြစ်တာကြောင့် လူစုလူဝေးမဖြစ်စေဘဲ ရေဘေးသင့်ပြည်သူတွေ နေထိုင်ဖို့အတွက် အဆင်ပြေအောင် စီစဉ်ဆောင်ရွ့က်ပေးနေတယ်လို့ လိုက်ပါဆောင်ရွက်ပေးတဲ့ ရွှေပြည်သို့ လူမှုကူညီရေးအသင်းမှ တွဲဖက်အတွင်းရေးမှူး(၁) ကိုနန်းရမ်ကဆိုပါတယ်။

“အခုကာလက ကိုဗစ်၁၉ ဖြစ်တာမို့လို့ ဒုက္ခသည်စခန်းကိုတစ်နေရာထဲစုဝေးမထားဘဲနဲ့ နန်းဟူကုန်းမှာတစ်ချို့တစ်ဝက်ထားတယ်။ စုစည်းခန်းမဆောင်မှာတစ်ချို့တစ်ဝက်ထားပါတယ်။ နောက်ပြီးတော့မြောက်ပိုင်းရပ်ကွက် လူငယ်ရိပ်သာရဲ့အောက်မှာ တစ်ချို့တစ်ဝက်ထားပါတယ်။ ဒါမျိုးခွဲပြီးတော့ စီစဉ်ရတာပေါ့။” လို့ ၎င်းကဆိုပါတယ်။စားဝတ်နေရေးအတွက် နှမ်း၊ ပဲကိုအဓိကထားစိုက်ပျိုးထားတဲ့အတွက် စိုက်ခင်းပျက်စီးကုန်တာကြောင့် စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေရတယ်လို့ ရေဘေးသင့်ပြည်သူတစ်ဦးဆိုပါတယ်။

“ဘယ်လိုစိုးရိမ်ပူပန်မှုရှိလဲဆိုရင်တော့ ကျမတို့စိုက်ထားတဲ့စိုက်ခင်းတွေအကုန်လုံး ရေတွေမြှုပ်ကုန်တော့ ဘယ်လိုစားရမှန်းတောင်မသိတော့ဘူး အဲလိုမျိုးဖြစ်သွားတယ်”လို့ မနန်းမြက ပြောပါတယ်။

နှမ်းတစ်မျိုးတည်းကိုသာ အားထားစိုက်ပျိုးရတဲ့ တောင်သူတွေအတွက် စားဝတ်နေရေးခက်ခဲသွားတာကြောင့် ပြည်နယ်အစိုးရအနေနဲ့ ပြည်ထောင်စုမှပံ့ပိုးမှုတွေနဲ့ ပြန်လည်ပံ့ပိုးပေးဖို့ စီမံနေတယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။

“ဆုံးရှုံးသွားတဲ့ကဏ္ဍလေးတွေအတွက်ပေါ့နော ကျတော်တို့ပြည်နယ်အစိုးရအဖွဲ့က သဘာဝဘေးအန္တာရယ်ကနေ ပံ့ပိုးပေးနိုင်တာပံ့ပိုးမယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်ထောင်စုနဲ့ ချိတ်ဆက်ပြီးတော့မှ ပြည်ထောင်စုကနေ ပံ့ပိုးမှုလေးတွေရနိုင်တဲ့ဟာကိုယူပြီးမှ နှမ်းစိုက်တောင်သူတွေအတွက်ကို ပံ့ပိုးဖို့ စီမံနေပါတယ်”လို့ ဝန်ကြီးချုပ်ကပြောပါတယ်။

သံလွင်မြစ်ရေတက်မှုကြောင့် လူနှင့်ကျွဲနွား တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမရှိသေးဘူးလို့ သိရပြီး တောင်သူတွေစိုက်ပျိုးထားတဲ့ နှမ်းစိုက်ဧက ၃၀၀ကျော် ပျက်ဆီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ဖားဆောင်းမြို့နယ်၏ စိုးရိမ်ရေအမှတ်မှာ (၂၂၇၉)စင်တီမီတာဖြစ်ပြီး လက်ရှိရေမှတ်မှာ (၂၅၀၀)စင်တီမီတာဖြစ်တဲ့အတွက် စိုးရိမ်ရေမှတ်အထက် (၂၃၀)စင်တီမီတာကျော်လွန်နေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts