spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ဖွံ့ဖြိုးရေးအကျည်းတန်မှု(ဝါ) ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် တာဝန်ယူ၊ တာဝန်ခံမှု ကင်းမဲ့ခြင်း

Author

Date

Category

Photo: Khun Steven (ဆွေးနွေးပွဲသို့တက်ရောက်လာကြသော လူထုများအား ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်သူ၊ ထောက်ခံသူလူခွဲခြားရာ တက်ရောက်လာသူအားလုံးနီးပါးမှကန့်ကွက်သူအုပ်စုတွင်သွားရောက် ရပ်နေစဉ်)

စောအယ်စေး(KEAN)ရေးသားသည်။

ဘိလပ်မြေစက်ရုံစီမံကိန်းအစပျိုးချိန်

များမကြာခင် တည်ဆောက်ရန် ဆိုင်းပြင်နေသည့် တစ်နေ့တန် ၄၀၀ဝ ကျ ဘိလပ်မြေစက်ရုံစီမံကိန်းသည် ဒေသခံများအကြား ပူပန်မှုများ တဖန်ဖြစ်ပေါ်လာပြန်သည်။

ကယားပြည်နယ်တွင် တည်ဆောက်ရန် လျာထားသည့် ယင်းဘိလပ်မြေစက်ရုံသည် တစ်နိုင်ငံလုံး အတိုင်းအတာအရလည်း အကြီးစားအတန်းဝင် စီမံကိန်းတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိနေသည်။ တည်ဆောက်ဖြစ်မည်ဆိုပါက ယင်းသည် ကယားပြည်နယ်အတွင်း ပထမဆုံး တည်ရှိလာမည့် ဘိလပ်မြေစက်ရုံဖြစ်သည်။

စီမံကိန်းဖေါ်ဆောင်ရန် အစပျိုးချိန်တွင် ပွင့်လင်းမြင်သာမှုမရှိသော ချဉ်းကပ်ဝင်ရောက်လာမှုကို ကယားအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းအများအပြားက ဝေဖန်သည်။

စီမံကိန်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိရန် ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းအများက တစိုက်မတ်မတ် တောင်းဆိုကြသည်။

“အခုချိန်မှာ ဒီလိုစီမံကိန်းမျိုး မလိုအပ်ဘူး၊ အချိန်မတန်သေးဘူး၊ ဒီလိုစီမံကိ်န်းမျိုးအစား ပြည်သူလူထုကို အမှန်တကယ်အကျိုးရှိစေမယ့် တခြားစီမံကိန်းကို လုပ်ပါလား။”ဟု ဘိလပ်မြေစက်ရုံကို ခါးခါးသီးသီးငြင်းဆန်သူက ညီးတွားသည်။

၎င်းသည် ဘိလပ်မြေစက်ရုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝကို ထိခိုက်လာနိုင်မည့်အရေး ဦးဆောင်ကန့်ကွက်လှုပ်ရှားသူလည်း ဖြစ်သည်။

စီမံကိ်န်းကို အကောင်အထည်ဖော်လိုသူများမှ ၎င်းအား အသက်အန္တရာယ်ခြိမ်းခြောက်နေသည်။ ၎င်း၏ သောကကဲ့သို့ အလားတူ ဒေသခံများ အများအပြားကလည်း ယင်းသို့ သဘောထားကြသည်။

နောက်ခံအကြောင်းအရာ

ဘိလပ်မြေစက်ရုံကို ညီညာစွမ်းအားစုလုပ်ငန်းကုမ္ပဏီလိမိတက်က ယခုနှစ်ပိုင်းကာလတွင် အကောင်အထည်ဖေါ်ရန် ပြန်လည်ကြိုးစားလာသည်။

Square Power Group Co.Ltd(ညီညာစွမ်းအားလုပ်ငန်းစုကုမ္ပဏီလိမိတက်)ဆိုသည်မှာ Asia Square Power Co.Ltd၊ Golden Gate international Co.Ltd၊ Happy Cook Manufacturing Co.Ltd, New Step Services နှင့် TOM International Company Ltd တို့ ပါဝင်ဖွဲ့စည်းထားသော လုပ်ငန်းအစုအဖွဲ့ ဖြစ်သည်။

၂၀၁၁ နှစ်ကုန်ပိုင်းမှ စတင်၍ ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ ပကြဲဒေသ(လွိုင်ကော်မြို့နှင့် ၃ မိုင်ခန့်အကွာ)သို့ တစ်ရက်တန် ၄ ထောင်ကျ ဘိလပ်မြေစက်ရုံစီမံကိန်းကို အကောင်အထည်ဖော်ရန် ချဉ်းကပ်ဝင်ရောက်လာသော လုပ်ငန်းအစုအဖွဲ့တစ်ခု ဖြစ်သည်။

ဤလုပ်ငန်းအစုအဖွဲ့တွင် ပါဝင်ပတ်သက်သော ရင်းနှီးမြုပ်နှံသူများသည် ယခင်စစ်အစိုးရလက်ထက်မှ ဗို်လ်ချုပ်ကြီးများနှင့် ပါဝင်ပတ်သက်သော မိသားစုဝင်များနှင့် အပေါင်းအပါများဖြစ်ကြပြီး နောက်ကွယ်မှ ပါဝင်ပတ်သက်နေသူများလည်း ဖြစ်သည်။

စီမံကိန်း၏ မူလအစတွင် စက်ရုံ တည်ဆောက်ရန်မြေ ၅၀ဝ ဧကနှင့် ထုံးကျောက်ကုန်ကြမ်းထုတ်လုပ်ရန်အတွက် ထုံးကျောက်တောင် ၇၀ဝ ဧကအား အသုံးပြုခွင့်ကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံကော်မရှင်ထံမှ ၂၀၁၁ နှစ်ကုန်ပိုင်းတွင် ရရှိထားသည်။

စီမံကိန်းကိုအကောင်အထည်ဖော်သူများသည် စီမံကိ်န်းကိုအကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်နယ် အစိုးရ၊ ဌာနဆိုင်ရာများနှင့်ချဉ်းကပ်၍ စီမံကိန်အား အကောင်အထည်ဖော်နိုင်ရန် ချဉ်းကပ်လုပ်ဆောင်ခဲ့ကြသည်။

ဘိလပ်မြေစီမံကိန်းကနဦးလုပ်ငန်းလုပ်ဆောင်နေမှုနှင့် ပတ်သက်ပြီး ကန့်ကွက်သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။ (Photo by: KEAN)

ကန့်ကွက်မှု၏ နောက်ကွယ်

သို့သော်လည်း ထိုစီမံကိန်းသည် စတင်ဝင်ရောက်လာချိန်မှစတင်၍ ဒေသခံပြည်သူလူထုများ၊ ဒေသအခြေပြုနိုင်ငံရေးပါတီများနှင့် လူထုအခြေပြုအရပ်ဖက်အသင်းအဖွဲ့များ၏ ကန့်ကွက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

“ဘိလပ်မြေစက်ရုံလာ ဆောက်မယ်ဆိုတာကို ကျွန်တော်တို့ ဒေသခံတွေအနေနဲ့ တိတိကျကျ ဘာမှမသိရဘူး၊ သဘောထားဆန္ဒတွေကို ကြိုတင်သဘောတူညီချက်တွေ ရယူတာမရှိဘူး၊ ဘယ်လိုဆိုးကျိုးတွေ ရှိမယ်ဆိုတာတွေကိုလည်း ဘာမှရှင်းရှင်းလင်းမပြောပြဘူး။ သူတို့က ကျွန်တော်တို့ကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးမယ်၊ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို အတင်းလက်ခံခိုင်းတယ်၊ သူတို့ရောက်လာပြီးနောက်ပိုင်း စီမံကိန်းကြောင့် ကျွန်တော်တို့ အချင်းချင်းကြားမှာရှိတဲ့ နားလည်မှုတွေ၊ စည်းလုံးမှုတွေ လျော့နည်းလာတယ်။”ဟု ကန့်ကွက်ရခြင်းများနှင့် ပတ်သက်၍ ပကြဲဒေသခံတောင်သူတစ်ဦးက ပြောသည်။

စီမံကိန်းကို ဦးဆောင်ကန့်ကွက်နေသော ဒေသခံများသည်လည်း ဖိအားပေးမှုခံရခြင်း၊ တရားစွဲဆိုခံနေရသည်။

စီမံကိန်းဧရိယာအတွင်း ကျရောက်လျက်ရှိသော တောင်ယာမြေ ဧက ၂၀ဝ ကျော်အတွက် ဦးပိုင်ပေါက်သူများအား ကုမ္ပဏီမှ မြေယာလျော်ကြေးများ ပေးအပ်ထားပြီးသားဟု ဖော်ပြထားသည်။ သို့သော် ထိုမြေလျော်ကြေးပမာဏကို ကျေနပ်မှုမရှိသော်လည်း ဒေသခံများမှ လက်ခံရယူစေခဲ့သည်။

ယင်းနေရာတွင် အကောင်အထည်ဖေါ်ရန် စီစဉ်နေချိန် ဒေသခံလူထုအား ဒေသခံများ၏ သဘောတူညီချက် မရယူနိုင်ခြင်းနှင့် ဖိအားပေး လုပ်ဆောင်ခြင်းများကြောင့် ကန့်ကွက်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရပြီး ၂၀၁ရ ခုနှစ် နှစ်ကုန်အထိ စီမံကိန်းလုပ်ငန်းများ တန့်နေသည်။

စီမံကိန်းအကောင်အထည်ဖေါ်ရန်တဖန်ကြိုးစားခြင်း

၂၀၁၈ ခုနှစ် အစောပိုင်းကာလတွင် ညီညာစွမ်းအားလုပ်ငန်းစုကုမ္ပဏီသည် ထိုရပ်ဆိုင်းသွား သော ဘိလပ်မြေစီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် ပြည်နယ်အစိုးရထံသို့ ပြန်လည်ချဉ်းကပ်လာသည်။

စီမံကိန်းအကောင်အထည်ဖေါ်ရန် မူလကလျာထားသော ပကြဲဒေသအစား ဒီးမော့ဆိုမြို့၊ ဝါသောခိုကျေးရွာအုပ်စုအနီးတဝိုက်တွင် စက်ရုံမြေ နေရာအတွက် ၂၄၃ ဧကနှင့် ထုံးကျောက်စမ်းသပ်တိုင်းထွာရန် မြေနေရာ ၁၆၀၄ ဧကအား အသုံးပြုနိုင်ရန် ပြည်နယ်အစိုးရထံ ၎င်းတို့က အဆိုပြုသည်။

၎င်းတို့သည် ကယားပြည်နယ်အစိုးရအား စီမံကိ်န်းလုပ်ငန်းပြောင်းရွှေ့လုပ်ကိုင်ခွင့်နှင့် ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ငန်းကို Resources and Environmental Myanmar Ltdနှင့် လုပ်ဆောင်နိုင်ရန် ခွင့်ပြုချက်အား တပါတည်း အဆိုပြုလိုက်သည်။

ထိုအဆိုပြု မြေနေရာသည် ဒေသခံဌာနေတိုင်းရင်းသားများ၊ တောင်သူလယ်သမားများ ပိုင်ဆိုင်မှီခိုအသုံးပြုနေသော တောင်ယာမြေများ၊ ရေထွက်ပေါက်များ၊ ထုံးကျောက်တောင်များနှင့် သစ်တောများဖြစ်သည်။

အစိုးရဌာန၏ မှတ်တမ်းများတွင် ထိုအဆိုပြုမြေသည် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့၏ စီမံခန့်ခွဲမှုအောက်တွင် မရှိသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ၊ ပလပ်မြေများဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ ဘိုးဘွားပိုင်တဲ့မြေတွေ၊ ကျွန်တော်တို့ ပိုင်တဲ့မြေတွေ ဖြစ်တယ်၊ ပုံမှန်မှီခိုလုပ်ကိုင်စားသောက်တဲ့ မြေတွေဖြစ်တယ်၊ ဒီမြေတွေမှာ ပိုင်ရှင်တွေရှိတယ်၊ ကျွန်တော်တို့ သောက်တဲ့ ရေအရင်းအမြစ်တွေက ဒီနေရာကနေ အားလုံးအခြေခံပြီး ရရှိတာဖြစ်တယ်။”ဟု ဝါသောခိုကျေးရွာသား တစ်ဦးကမူ ငြင်းချက်ထုတ်သည်။

ယင်းစီမံကိန်းကို ဒေသခံများမှ ထောက်ခံကြောင်း ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်နိုင်ရန် ကုမ္ပဏီမှညွှန်းခဲ့ကာ ပြည်နယ်အစိုးရမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဒေသခံ၏ ထောက်ခံမှုများရှိသည်ဟု ကုမ္ပဏီက ဖော်ပြထားသော်လည်း ကွင်းဆင်းစစ်ဆေးမှုအဖွဲ့မှ ထောက်ခံသူ ဒေသခံများနှင့် တွေ့ဆုံနိုင်ခြင်းမရှိခဲ့ပေ။

ကွင်းဆင်းစစ်ဆေးမှုအဖွဲ့၏ အစီရင်ခံစာ၏ အကြံပြုချက်တွင် ကုမ္ပဏီ၏ လုပ်ငန်းအသေးစိတ် အစီအစဉ်များကို ဒေသခံပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် လုပ်ဆောင်ရန်နှင့် ဒေသခံပြည်သူများ၏ သဘောတူညီမှုရရှိမှသာ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများအတိုင်း ဆက်လက်လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။

“ကျွန်တော်တို့ ကျေးရွာမှာရှိတဲ့ ရွာသူ၊ ရွာသားတွေကို သူတို့က အစည်းအဝေးခေါ်တယ်၊ ထုံးကျောက်စမ်းတာတိုင်းတာဖို့လို့ဆိုပြီးပြောတယ်၊ ကျွန်တော်တို့ကတော့ ရိုးရိုးလေးပဲပေါ့။ ထုံးကျောက်စမ်းတာတိုင်းတာတာပဲ ဆိုရင်လည်း တိုင်းပေါ့လို့ အစည်းအဝေးမှာ ပြောကြတယ်၊ ဒါပေမယ့်နောက်မှာ သူတို့က အဲဒီလက်မှတ်ကို ထောက်ခံသူတွေအဖြစ် ဖော်ပြတယ်၊ တချို့ထောက်ခံတဲ့သူတွေလိုပြောတဲ့ နာမည်စာရင်းဖော်ပြထားတဲ့သူတွေက ကျနော်တို့ရွာမှာ မရှိဘူး နိုင်ငံခြားမှာ အလုပ်သွားလုပ်တာ (၃-၄) နှစ်လောက်ရှိနေပြီဖြစ်တဲ့သူတွေရဲ့နာမည်တွေလည်း ပါတယ်။ တခြားရွာက ထောက်ခံသူလို့ ဖော်ပြထားခံရတဲ့ နာမည်ပါတဲ့ တချို့လူဆိုရင် သေသွားတာ (၃-၄-၅)နှစ်လောက်ရှိတဲ့ လူတွေတောင် ပါတယ်။ ဘယ်လိုလက်မှတ်တွေ သွားယူတာလည်း မသိတော့ဘူး၊ ကျွန်တော်တို့ လက်မှတ်တွေကို အလွဲသုံးစားခံရတာပဲ။”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ကုမ္မဏီနှင့်ဒေသခံများ၊ လူထုအခြေပြု အရပ်ဖက်လူမှုအသင်းအဖွဲ့များတွေ့ဆုံနေစဉ်။
Photo by: Aung Thu (KEG)

စီမံကိန်းအကောင်အထည်ဖေါ်ရန် ကုမ္ပဏီ၏ ဗျူဟာ

စီမံကိန်းတဖန်ပြန်လည်လုပ်ဆောင်ရာတွင် ယခင်အခြေအနေများနှင့် မတူသော ချဉ်းကပ်မှုဖြင့် လုပ်ဆောင်လာသည်။ ဒေသခံများ၏ အခွင့်အရေးအတွက် ဦးဆောင်လှုပ်ရှားသော ဒေသခံခေါင်းဆောင်များကို စီမံကိန်းနှင့် ဆက်နွယ်သူတချို့က ဖိအားပေးလာသည်။

ကုမ္ပဏီသည် ယခုအကြိမ်တွင် ဒေသခံများ၊ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများနှင့် တိုက်ရိုက်တွေ့ဆုံခြင်း၊ ဒေသခံလူထုများ၏ သဘောဆန္ဒများနှင့် သဘောတူညီများ၊ စီမံကိန်းနှင့် ပတ်သက်သော သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခြင်းများ မရှိဘဲ နောက်ကွယ်မှနေ၍ စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် မသမာသောနည်းများ အသုံးပြု၍ ဖိအားပေးဆောင်ရွက်နေမှုများကို တွေ့ရှိရသည်။

“ဒီဘိလပ်မြေစီမံကိန်းက ခင်ဗျားနဲ့ ဘာဆိုင်လို့ ကန့်ကွက်တာလဲ၊ ဒါက ဒေသဖွံ့ဖြိုးရေးအတွက် လုပ်နေတာ၊ ခင်ဗျား ဆက်ပြီးကန့်ကွက်နေမယ်ဆိုရင် ခင်ဗျားလုံခြုံရေးအတွက် အာမခံမှာ မဟုတ်ဘူး။”ဟု ဤစီမံကိန်းနှင့် ပတ်သက်၍ ဖိအားပေးမှုနှင့် ကြုံတွေ့နေရသော ဒေသခံတစ်ဦးက ဆိုသည်။

ထိုသို့သော ဖိအားပေးမှုများသည်လည်း ဒေသခံအရေး တက်ကြွလှုပ်ရှားဆောင်ရွက်သူများအကြားတွင် ပိုမိုမြှင့်မားလာပြီး အချို့သောသူများသည် အသက်အန္တရယ်ခြိမ်းခြောက်မှုများနှင့်ပင် ကြုံတွေ့နေရသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ညီညာစွမ်းအားစုလုပ်ငန်းကုမ္ပဏီလိမိတက်မှ သော်လည်းကောင်း၊ ပြည်နယ်အစိုးရမှ သော်လည်းကောင်း၊ စီမံကိန်းတွင် ပါဝင်အကောင်အထည်ဖော်ဆောင်ရွက်လိုသူများမှ သော်လည်းကောင်း မည်သူမှ တာဝန်ယူ၊ တာဝန်ခံမှု မရှိသေးပေ။

အထူးသဖြင့် ညီညာစွမ်းအားစုလုပ်ငန်းကုမ္ပဏီလိမိတက်မှ စီမံကိန်းလုပ်ငန်းအပေါ် တာဝန်ယူတာဝန်ခံမှုမရှိ၊ ပွင့်လင်းမြင်သားမှုမရှိဘဲ စီမံကိန်းအကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်နေခြင်းကို ပြန်လည်သုံးသပ်သင့်ပေသည်။

ယင်းသို့ ပွင့်လင်းမြင်သာမှုမရှိသော၊ တာဝန်ယူတာဝန်ခံမှုမရှိသော စီမံကိန်းမျိုးကိုခွင့်ပြုခြင်း၊ အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းများသည် လက်ရှိနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ရေရှည်တည်တံ့သော စီးပွားဖွံ့ဖြိုးတိုးတက်မှုများကို ပျက်ဆီးစေရုံမျှမက အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပါ ထိခိုက်ပျက်ဆီးစေနိုင်ပါသည်။

တာဝန်ခံ၊ တာဝန်ယူရမည့်သူ

မြန်မာအစိုးရအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ဌာနေတိုင်းရင်းသားအခွင့်အရေးကြေငြာစာတမ်းပါ အခွင့်အရေးများကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် အပြည့်အဝအကာအကွယ်ပေးရန် တာဝန်ရှိသည်။

ဌာနေတိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ လူမှုစီးပွား၊ သဘာဝအရင်းအမြစ်နှင့် အသက်လုံခြုံမှုကို ထိခိုက်စေနိုင်မည့် တာဝန်ယူတာဝန်ခံမှုကင်းမဲ့သော စီမံကိန်းများကို စိစစ်ကြပ်မတ်သင့်ပေသည်။ အလွန်အကျွံ တာဝန်မဲ့လာသော စီမံကိန်းများကို ပိတ်သိမ်းရပ်တန့်ခိုင်သည့်အထိ အရေးယူရမည်ဖြစ်သည်။

လွိုင်နန်းဖတောင်၏ နေဝင်ဆည်းဆာကို လွိုင်ကော်မြို့မှလှမ်းမြင်ရစဉ်။ (Photo by: KEAN)

ဒေသခံများ၏ သဘောထားဆန္ဒ

Square Power Group (SPG)မှ ဦးဆောင်၍ စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် စီမံကိန်းကို ထောက်ခံသူများနှင့် သေခံပြည်သူလူထုအချို့ကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျိုက်မရောဘိလပ်မြေစက်ရုံသို့ ယခုနှစ် ဖေဖော်ဝါရီလက သွားရောက်လေ့လာစေခဲ့သည်။

လေ့လာရေးခရီးစဉ်တွင် ပါဝင်သောသူများတွင် ဘိလပ်မြေစီမံကိန်းကို သဘောကျသူများရှိသလို အချို့ကမူ ၎င်းခရီးစဉ်သည် ဒေသခံပြည်သူများအား စည်းရုံးသော ခရီးစဉ်တစ်ခုအဖြစ် ယူဆသည်။

ထိုခရီးစဉ်တွင်ပါဝင်သော ဒေသခံခေါင်းဆောင်တစ်ဦးကမူ “ကျွန်တော်တို့ ဒီခရီးစဉ်မှာ လိုက်ပါရခြင်းက စီမံကိန်းကို ထောက်ခံဖို့မဟုတ်ဘူး။ သူတို့ ဘာတွေသွားပြမလဲ၊ ဘာတွေသိရမလဲနဲ့ ရွာမှာရှိတဲ့သူတွေကို တကယ် တိတိကျကျပြောပြနိုင်ဖို့ လိုက်သွားရခြင်းဖြစ်တယ်”ဟု ဆိုသည်။

ထို့အပြင် အခြားဒေသခံတစ်ဦးက “ထောက်ခံတဲ့ သူတွေကတော့ ဒီစီမံကိန်းက ကောင်းတယ်၊ ဘာဆိုးကျိုးမှမရှိဘူးလို့ ပြောပေမယ့်လည်း ကျွန်တော်တို့ သွားတွေ့လိုက်ရတာကတော့ စက်ရုံအခန်းထဲမှာ လူတွေ ကွန်ပြူတာနဲ့ပဲ အလုပ်လုပ်နေတာတွေ့ရတယ်၊ သူတို့ပြောတာကတော့ ဘာမှထိခိုက်မှုမရှိဘူးလို့ ပြောတာပဲ။ တကယ်ထိခိုက်မှုရှိမရှိကို မသိနိုင်ဘူး၊ စက်ရုံပတ်ဝန်းကျင်ဒေသက လူတွေကိုလည်း သွားလေ့လာခွင့်မရှိဘူး၊ ကျွန်တော်အတွက်တော့ ဘာမှမထူးပါဘူး။ အဓိကတော့ ဘိလပ်မြေစက်ရုံစီမံကိန်းတည်ဆောက်ဖို့စည်းရုံးတဲ့သဘောပဲ ဖြစ်ပါတယ်”ဟု ပြောသည်။

ကျိုက်မရော ဘိလပ်မြေစက်ရုံ လေ့လာရေးခရီးစဉ်တွင် ပါဝင်ခဲ့သူအချို့၊ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လိုသူများနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် သုံးပွင့်ဆိုင် ပြန်လည်တွေ့ဆုံကာ ခရီးစဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ရန်၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဒီးမော့ဆိုမြို့နှင့် လွိုင်ကော်မြို့တွင် တစ်ကြိမ်စီ ပြုလုပ်သွားရန်၊ တာဝန်ယူမှု တာဝန်ခံမှုရှိသော လုပ်ငန်းဖြစ်ရန်၊ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်လာစေရန်နှင့် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

လူထုနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဒီးမော့ဆိုမြို့နယ်အတွင်းရှိ လယ်ခိုသာကျေးရွာ၌ ဧပြီလ ၁၄ ရက်နေ့ တွင် ကျင်းပရာ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဘိလပ်မြေစက်ရုံစီမံကိန်းတည်ဆောက်ရန် လျာထားသည့် အနီးဆုံးကျေးရွာအုပ်စုဖြစ်သည့် ဝါသောခိုကျေးရွာအုပ်စုနှင့် မြလဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအသီးသီးမှ ကိုယ်စားလှယ် စုစုပေါင်း ၂၀ဝ နီးပါး တက်ရောက်သည်။

ထိုအစည်းအဝေးတွင် တက်ရောက်လာသော လူဦးရေ ၂၀ဝ ခန့်အနက် အများစုက မိမိတို့အနေဖြင့် ဘိလပ်မြေစီမံကိန်းကို အလိုမရှိကြောင်း၊ မိမိတို့၏ သဘောထားရပ်တည်ချက်အမှန်ကို ဖော်ပြခဲ့ပြီး အစည်းအဝေးပွဲမပြီးခင် ခန်းမဆောင်မှ ထွက်ကာ ဘိလပ်မြေစက်ရုံစီမံကိန်းကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖေါ်ခဲ့သည်။

စီမံကိန်းကန့်ကွက်သူတစ်ဦးက “ကျနော်တို့ ဒီဘိလပ်မြေစက်ရုံစီမံကိန်းကို အလိုမရှိဘူးဆိုတာနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ်ပြောပြီးပြီ၊ စာတွေလည်း အကြိမ်ကြိမ်တင်ပြီးပြီ၊ လက်မှတ်တွေလည်း ထိုးပြီး ပေးပို့ထားပေးပြီ၊ ဒါကြောင့် ဒီတစ်ကြိမ်မှာ ကျွန်တော်တို့ အလိုမရှိဘူးဆိုတာကို စီမံကိန်းကို အကောင်အထည်ဖော်ချင်တဲ့သူတွေသိအောင် စီမံကိန်းကို ထောက်ခံသူက တစ်ဖက်မှာရပ်ပြီး အခြားတစ်ဖက်မှာစီမံကိန်းကို ကန့်ကွက်သူက ရပ်ဆိုပြီး လူခွဲပြီးရပ်ခိုင်းလိုက်တော့ အစည်းအဝေးကို တက်ရောက်လာတဲ့ အားလုံးနီးပါးသော ဒေသခံတွေက စီမံကိန်းကို ကန့်ကွက်သူဖက်မှာ ရပ်ပြီး ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကို သူတို့ကိုမြင်စေလိုက်တာပဲ။”ဟု ဆိုလိုက်သည်။

 
 
 
spot_img
spot_img

Recent posts