spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် တည်ဆောက်မှုနှင့်ပတ်သက်၍ အများဆန္ဒကောက်ခံပြီးမှသာ တည်ဆောက်မည်ဟု ဝန်ကြီးချုပ် အတည်ပြုပြောကြား

Author

Date

Category

နော်ဒွေးအယ်ခူ

လွိုင်ကော်မြို့ ကန္ဓာဟေဝန်ပန်းခြံတွင် ထားရှိမည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တည်ဆောက်မှုနှင့် ပတ်သက်၍ ပြည်နယ်အတွင်းရှိ ပြည်သူလူထု၏ အများဆန္ဒကောက်ခံပြီးမှသာ တည်ဆောက်မည်ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အတည်ပြုပြောကြားသည်။

“တစ်ပြည်နယ်လုံးမှာရှိတဲ့ ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှုူးတွေအားလုံးက အစောပိုင်းကတင်ပြထားတဲ့အတိုင်းပဲ ရပ်ကွက်မှာရှိတဲ့ ၇၀% ၇၅% ကို အထောက်အထားလေးနဲ့ မှတ်တမ်းလေးနဲ့ လာရောက်ဆွေးနွေးပေးပါ။ လာရောက်တင်ပြပေးပါ။ အဲဒီအခါကျရင် အများဆန္ဒကိုကြည့်ပါမယ်။ အများဆန္ဒကို အဲဒီခါကျရင် တကယ်ယူနိုင်ပါပြီ” ဟု ၎င်းကဆိုသည်။

ဇူလိုင်လ ရ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ထားရှိရေး၊ ပွင့်လင်းမြင်သာစွာချပြခဲ့မှုများနှင့် ပတ်သက်ပြီး တွေ့ဆုံ ရှင်းလင်းဆွေးနွေးရာတွင် အထက်ပါအတိုင်းပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီများ၊ ပြည်နယ်ရှိ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့တို့မှ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် ကယားပြည်နယ်ရှိ ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူး များ၏ အများစုသဘောထားမှာ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ထု ထားရှိမှု လက်ခံသဘောတူသည်ကိုတွေ့ရှိရသည်။

သို့သော်လည်း တစ်ဖက်တွင် ရုပ်ထုတည်ဆောက်ခြင်း၊ မတည်ဆောက်ခြင်းကို ဆွေးနွေးရာတွင် ရုပ်ထုတည်ဆောက်ခြင်းကို ပြည်နယ်အစိုးရအနေဖြင့် ခေတ္တရပ်နားထားရန်လိုအပ်ပြီး တိုင်းရင်းသားအစုအဖွဲ့များနှင့် ဆက်လက်၍ညှိနှိုင်းဆွေးနွေးမှုကိုတည်ဆောက်ပြီးမှသာ ရုပ်ထုတည်ဆောက်မှုကို အတည်ပြုသင့်ကြောင်း အကြုံပြုကြသည်။

အုပ်ချုုပ်ရေးမှူးတစ်ဦးက “ဗိုလ်ချုပ်ရုပ်ထုနဲ့ပတ်သက်ရင်တော့ နောင်လာနောင်သား ညီလေး၊ ညီမလေးတွေက လွတ်လပ်ရေးဖခင်ဆိုတာ ဘာမှန်းမသိဘဲနဲ့ ဒီရုပ်ထုလေးရှိနေရင် ဒါ လွတ်လပ်ရေးရဲ့ဖခင်၊ သူတို့အတွက် နှလုံးသားထဲမှာ ရှိနေမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ပြည်နယ်မှာ ဒီလိုဖြစ်ပျက်နေတယ်ဆိုတာလည်း တစ်ယောက်နဲ့တစ်ယောက်ကူညီပါ၊ ဆွေးနွေးပါ။ ရိုင်းပင်းပြီး လုပ်ကြပါ။ ကျွန်တော်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ရှိကိုရှိသင့်ပါတယ်” ဟု ဆိုသည်။

လာမည့်ဇူလိုင်လ(၂၀)ရက်နေ့တွင် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ၊ ကယားပြည်နယ်ရှိ ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဗိုလ်ချုပ်ရုပ်ထုထားရှိရေးကို ကန့်ကွက်သော လူငယ်အစုအဖွဲ့များက တရားဝင်တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ပြည်သူလူထူ၏ အများဆန္ဒသဘောထားကိုကောက်ယူမည်ဖြစ်သည်။

ထို့နောက် ဇူလိုင်လ ၃ဝရက်နေ့တွင် ကောက်ခံရရှိလာမည့် လူထုအများစု၏ ဆန္ဒသဘောထားအပေါ်မူတည်၍ ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေးကိစ္စကို အပြီးသတ် ဆုံးဖြတ်မည်ဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသော ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူခြင်းကို ကန့်ကွက်ကြောင်း စာဖြန့်ဝေခြင်းနှင့် ကန့်ကွက်ကြေင်း ဆန္ဒပြခြင်းဖြစ်ပေါ်လာမှုသည် ပြည်နယ်အစိုးရနှင့် ပြည်သူအနည်းစု၏ သဘောထား၊ နားလည်မှုများသည် အံဝင်ခွင်မကျမှုကြောင့် ယခုကဲ့သို့ ဖြစ်စဉ်များဖြစ်ပေါ်လာရခြင်းဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက သုံးသပ်ပြောဆိုသည်။

“ ဘယ်လိုအားလုံး ပါဝင်ပတ်သပ်ပြီးတော့မှ အများဆန္ဒကိုယူမယ်ဆိုတာက စနစ်တကျဖြစ်ဖို့လိုပါတယ်။ နောက်တစ်ခုက အများဆန္ဒနဲ့ဆုံးဖြတ်ပြီဆိုရင်လည်း လူနည်းစုရဲ့အခွင့်အရေးကိုလည်းကျွန်မတို့အလေးထားရမယ်ဆိုတာ ဒီမိုကရေစီရဲ့အနှစ်သာရဖြစ်ပါတယ်။ အဲဒါကိုလည်းစဉ်းစားပေးစေချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ကယန်းအမျိုးသားပါတီဥက္ကဌဖြစ်သူ ခွန်းဘီထူးကလည်း ကြေးရုပ်စိုက်ထူခြင်းကို အကန့်အသတ်မရှိရွေ့ဆို်င်းစေလိုပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းယူလို့ရသည့် အချိန်ရောက်မှသာ ပြန်လည်စိုက်ထူဖို့ အကြံပြုပြောဆိုသည်။

၎င်းက “ကျွန်တော်တို့ပါတီရဲ့ခံယူချက်ကတော့ ဒီဟာတွေကိုအကန့်အသတ်မရှိ ရွေ့ဆိုင်းပေးချင်ပါတယ်။ ဒီရွေ့ဆိုင်းတဲ့နေရာမှာလည်း အကန့်အသတ်မရှိရွေ့ဆိုင်းပြီးတော့မှ သင့်တော်တဲ့ ညှိနှို်င်းယူလို့ရတဲ့ တစ်နေ့တစ်ချိန်ကျရင်သာပြန်လည်စိုက်ထူဖို့၊ ဒါမှမဟုတ်လည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတစ်ခု တည်းနဲ့မဟုတ်ဘဲနဲ့ တိုင်းရင်းသားခေါင်းဆောင်အားလုံးရဲ့ရုပ်ထုဖြစ်ရင် ဖြစ်နိုင်တဲ့နေ့မျိုးကိုသာရွေးပြီးမှ အဲဒီအချိန်ထိကိုအကန့်အသတ်မရှိရွေ့ဆိုင်းစေချင်ပါတယ်။ ဒီကြားထဲမှာ ဘားမှကို ဆက်မလုပ်စေချင်ပါဘူး။ ဒီနာကျည်းမှုရဲ့နောက်ကွယ်မှာ တုံ့ပြန်မှုတွေ၊ လက်ဦးရယူမှုတွေ အမျိုးမျိုးရှိနိုင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

လက်ရှိအချိန်တွင် ဗို်လ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူခြင်းကို ကန့်ကွက်ကြောင်းစာဖြန့်ဝေသူ လူငယ်(၁၁)ဦးတို့မှာ နိုင်ငံတော်အကြည်ညိုပျက်စေသော ပုဒ်မဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ၅၀၅(ခ)၊ ၅၀၅(ဂ) တို့ဖြင့် တရားစွဲဆိုခံနေရပြီး ၎င်းတို့ကို တရားဥပဒေအတိုင်း ဆက်လက်အရေးယူသွားမည်ဟု သိရသည်။

spot_img
spot_img

Recent posts