spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်သည့် လူငယ်များအား ပထမဆုံးအကြိမ် တရားရုံးတွင် စတင်စစ်ဆေး

Author

Date

Category

နော်ဒွေးအယ်ခူ

ပြည်နယ်အစိုးရမှ ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်သည့် ကရင်နီလူငယ် ၆ဦးကို ဖမ်းဆီးပြီး ပထမဆုံးအကြိမ် လွိုင်ကော်ခရိုင် တရားရုံး၌ ဇွန်လ ၂၄ ရက်နေ့တွင် စတင်စစ်ဆေးမှုများပြုလုပ်နေပြီဖြစ်သည်။

တရားစွဲဆိုခံရ ကရင်နီလူငယ်တစ်ဦး ခွန်းသောမတ်စ်က “ဒီနေ့ကတော့ ကျတော်တို့ ပထမ ရုံးချိန်းနေ့ဖြစ်ပါတယ်။ဆိုတော့ ဒီအတွက်က ကျတော်တို့ အများကြီးပြောစရာမရှိပါဘူး။ NLD အစိုးရနဲ့ ပတ်သက်လို့ ကျတော်တို့ပြောစရာတစ်ခုရှိပါတယ်။ အဲဒါ ဘာလဲဆိုရင်တော့ ကျတော်တို့ ကရင်နီသမိုင်းမှန်ဖော်ထုတ်ရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ အခု တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်လို့ ဒါ မျှတမှုလုံးဝမရှိဘူးဆိုတဲ့အကြောင်းကို ကျတော်တို့ ပြောချင်တယ်”ဟု ပြောဆိုသွားပါသည်။

ကရင်နီလူငယ် ၆ ဦးကို နိုင်ငံသားများ၏ ပုဂိ္ဂုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁ဝဖြင့် ပြည်နယ်အစိုးရကိုယ်စား ဦးသက်နောင်က လွိုင်ကော်မြို့မရဲ့စခန်းမှာ မေလ ၁ရရက်နေ့တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည့်အတွက် စတင်စစ်ဆေးသွားခြင်းဖြစ်သည်။

ဇွန်လ ၂ရက်နေ့ ညနေပိုင်းတွင် တရားစွဲဆိုခံထားရသည့် ခူးကြူးဖဲကေး(ခ) ဂူဂူးကို ဦးစွာဖမ်းဆီးရမိပြီး ကျန်လူငယ် ၅ဦးဖြစ်သည့် ကိုဒီးဒီ(ခ)စစ်မုန်း၊ မျိုးလှိုင်ဝင်း၊ ခွန်းသောမတ်စ်၊ ခွန်းဂျွန်ပေါ နှင့် ခူးရီးရယ်တို့ကို ဇွန်လ ၂၁ရက်နေ့ လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာအုပ်စု၊ ကေ့ထျိုးဘိုးခန်းမှာ ကျင်းပပြုလုပ်သည့် ၁၄၄နှစ်မြောက် ကရင်နီအမျိုးသားနေ့ တက်ရောက်ခဲ့စဉ် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ယခုလို လူငယ်များအား ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်မှု ဆက်မလုပ်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ဖိအားပေးခြိမ်းခြောက်ခြင်း၊ တရားစွဲခြင်းပြုလုပ်ခြင်း ပြုလုပ်နေသည့်အပေါ် လူငယ်များအနေဖြင့် ရပ်တန့်သွားမှာ မဟုတ်ကြောင်း တရားစွဲဆိုခံရသည့် လူငယ် မျိုးလှိုင်ဝင်းက ယခုလို ပြောပါသည်။

“အမျိုးမျိုးဖိနိပ်နေတဲ့ လူငယ်တွေကို တက်ကြွလှုပ်ရှားသူတွေကို ပြီးတော့ လွတ်လပ်စာထုတ်ဖော်ပြောဆိုခွင့် ရေးသားခွင့်တွေကို စီတန်းလှည့်လည်ခွင့်တွေကို နည်းလမ်းမျိုးစုံနဲ့ပိတ်ပင်နေတဲ့အပေါ် အခုဆိုရင် ဒေသန္တာရ အမိန့်တွေနဲ့ထုတ်တယ်။ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်မရဘူးဆိုတဲ့သဘော။ တဆက်တည်းမှာပဲ ကျနော်တို့ပြောဆို ဖော်ထုတ်တဲ့အပေါ်မှာလည်း ဒီလိုတရားစွဲတယ်။ ဒီလိုဖိအားပေးတယ်။ခြိမ်းခြောက်တယ်။ နောက်လူမလုပ်ရဲအောင် ခြိမ်းခြောက်တာပါ။ ဒါကောင်းတဲ့လုပ်ရပ်မဟုတ်ဘူး။ ဒီလိုလုပ်ရင်လည်း ဘာမှ ထူးမှာ မဟုတ်ဘူး။ ကြေးရုပ်ဖြစ်စဉ်က ကန့်ကွက်လှုပ်ရှားမှုတွေက ဆက်လက်လှုပ်ရှားမှုဆက်ရှိနေအုံးမှာပါပဲ။” ဟု ၎င်းက ပြောပါသည်။

တရားစွဲဆိုခံနေရသည့် ကရင်နီလူငယ် ၆ ဦးက ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံဘဏ္ဍာဝန်ကြီးဦးမော်မော်ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်များ၊ တိုင်းရင်းသားများသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်းသူများအဖြစ် မတ်လ ၂၅ရက်နေ့က လက်မှတ်ထိုးပြီး ထုတ်ပြန်ကြေငြာခဲ့ခြင်းကြောင့် အစိုးရ တရားပြန်စွဲခြင်းဖြစ်သည်။

Advertisement

လူငယ် ၆ဦး လက်မှတ်ရေးထိုးထားသည့် စာရွက်ပေါ်တွင် ၎င်းတို့နဲ့ အတူ ရပ်တည်ကြောင်း ကရင်နီလူငယ် ၉ ဦးက ဇွန်လ ရရက်နေ့နှင့် ကယားလီဖုလူငယ် ၈ဝကျော်မှလည်း ဇွန်လ၁၂ရက်နေ့တွင် လက်မှတ်များထပ်မံရေးထိုးခဲ့ကြသည်ဟု သိရသည်။

တရားစွဲဆိုခံရသည့် လူငယ် ၆ ဦးကို ပထမဆုံးအကြိမ်ရုံးထုတ်ရာတွင် ကရင်နီလူငယ်အများအပြားက လာရောက်ဝန်းရံခဲ့ကြပြီး ဒုတိယအကြိမ်ရုံးချိန်းကိုတော့ ဇူလှိုင်လ ၃ရက်နေ့မှာ ပြန်လည်ချိန်းဆိုခဲ့သည်ဟုသိရသည်။

spot_img
spot_img

Recent posts