spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဗိုလ်ချုပ်ကြေးရုပ်လုံးဝ မရွှေ့ပေးနိုင်ဟု ဝန်ကြီးချုပ်ပြောဆိုပြီး ဆွေးနွေးမှု ပျက်ပြယ်

Author

Date

Category

နော်ဒွေးအယ်ခူ

ယနေ့ မေလ ၁၄ရက်နေ့၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကိစ္စ ဖြေရှင်းညှိနှိုင်းရေး အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ဝန်ကြီးချုပ်က ဗိုလ်ချုပ်ကြေးရုပ်ကို လုံးဝမရွှေ့ပြောင်းပေးနိုင်ကြောင်း ပြောကြားခဲ့ရာမှ နှစ်ဖက်ဆွေးနွေးမှု ပျက်ပြယ်သွားခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့ ကယားပြည်နယ်အစိုးရအနေနဲ့ ဒီဗိုလ်ချုပ်ကြေးရုပ်ထု ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးတဲ့အခါမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ပေးပေမယ့်လည်း အဆင်မပြေတဲ့ အနေအထားတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ကယားပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပတ်သက်ပြီး လုံးဝ မပြောင်းရွှေ့ပေးဘူးဆိုတဲ့အကြောင်းကို တင်ပြလိုပါတယ်” ဟု ကယားပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။

လာရောက်ဆွေးနွေးကြသည့် သပိတ်ကော်မတီလူငယ်များကလည်း ရွှေ့ပြောင်းရေး ကြိုးပမ်းသွားမည်ဟု မေလရရက်နေ့တွင် သဘောတူထားသည့် ဝန်ကြီးချုပ်၏ သဘောထားမှာ ကတိမတည်သည့် အစိုးရ တစ်ရပ်ဖြစ်ကြောင်း ဝေဖန်ပြောဆိုသွားသည်။

ကရင်နီလူငယ် သပိတ်ကော်မတီဝင် ခူးပိုးရယ်က “လူကြီးလူကောင်းဆန်တဲ့ အစိုးရတစ်ရပ်ဆိုရင် ဒီလိုမျိုးလုပ်မှာ မဟုတ်ဘူး ကျတော်တို့မှာက စေ့စပ်မှုလမ်းကြောင်းကို သွားဖို့ သမ္မတရုံးက ညွှန်ချုပ်ကိုဇော်ဌေးကနေ ချိတ်ဆက်ပြီးတော့မှ ဒိလို ဖြစ်လာတဲ့ ကိစ္စဖြစ်တယ်။ ဒီအပေါ်မှာ ဆက်လက် ညှိနှိုင်းကြမယ်ဆိုပြီးမှ မေလရရက်နေ့တုန်းကလည်း တွေ့ကြတယ် နှစ်ဦးသဘောတူညီချက်ရှိတယ် ကြေးရုပ်ကိစ္စ ရွှေ့ပြောင်းရေးကို ဆက်လက်ညှိနှိုင်းပါမယ်လို့ ဝန်ကြီးချုပ်ကိုယ်တိုင် ကတိပေးထားတယ်။ ကတိပေးထားတဲ့သူက အခု ကတိဖျက်တာပေါ့။ အဖွင့်မိန့်ခွန်းပြောတာကို သူ့သဘောထားကို မရွှေ့ပေးနိုင်ဘူးဆိုတာကို တက်ကြေညာတယ်ဆိုတော့ ဒီမှာကတည်းက စလွဲနေပြီ။ ဒီလုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ ကျတော်တို့တော့ လုံးဝရှုတ်ချတယ်။ တကယ် လူကြီးလူကောင်းမဆန်တဲ့ အစိုးရဖြစ်တယ်၊ ဝန်ကြီးချုပ် တစ်ယောက်ဖြစ်တယ်ဆိုတာ ဒီမှာ တိတိလင်းလင်း ပြောရလိမ့်မယ်” ဟု ဆွေးနွေးမှု ပျက်ပြယ်သွားပြီးနောက် ၎င်းကပြောကြားခဲ့သည်။

မေလ ရရက်နေ့ ဆွေးနွေးမှုတွင် ဝန်ကြီးချုပ်အနေဖြင့် ကြေးရုပ် ရွှေ့ပြောင်းရေးကို ဦးတည်သွားမည်ဖြစ်သကဲ့သို့ မြေနေရာကိုလည်း ဝန်ကြီးချုပ်ကိုယ်တိုင် တာဝန်ယူ ရှာဖွေသွားမည်ဟူသည့်အချက်ကို ကရင်နီလူငယ် သပိတ်ကော်မတီထံမှ သိခဲ့ရသည်။

ဆွေးနွေးပွဲတွင် ပါဝင်သည့် ညှိနှိုင်းဖော်ဆောင်ရေးကော်မတီသည်လည်း ဗိုလ်ချုပ်ကြေးရုပ်နှင့်ပတ်သက်သည့် ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ၎င်းတို့နှင့် မသက်ဆိုင်တော့ကြောင်းနှင့် ၎င်းကော်မတီအား ယနေ့တွင်ပင်ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ဆွေးနွေးပွဲ ပျက်ပြယ်ပြီးနောက် မီဒီယာများကို ပြောဆိုသွားခဲ့သည်။

spot_img
spot_img

Recent posts