spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဗိုလ်ချုပ်ကြေးရုပ်ပြောင်းရွေ့ရေးနဲ့ပတ်သက်ပြီး ဦးဆောင်လှုပ်ရှားသူ ကရင်နီလူငယ်တစ်ဦးဖြစ်တဲ့ ခွန်းသောမတ်စ်နှင့် တွေ့ဆုံမြေးမြန်းခြင်း

Author

Date

Category

ခွန်းသောမတ်စ်

“အခုက ဒီ ၂၀၂၀ ရွေးကောက်ပွဲနီးလာတဲ့အတွက် ဟန်ဆောင် ကော်မတီဖွဲ့ပြီး တိုင်းရင်းသားဒေသမှာ လွဲမှားမှုရှိခဲ့တဲ့ဟာတွေကို ဒီကော်မတီနဲ့ပြန်ဖြည့်မယ်ဆိုတဲ့ပုံစံမျိုးဘဲ။”

ကယားပြည်နယ်မှာ တိုင်းရင်းသားတွေနဲ့ အငြင်းပွားနေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စကို ဖြေရှင်းဖို့နဲ့တိုင်းရင်းသားဒေသတွေမှာ စစ်ဘက်ရေးရာကိစ္စကလွဲပြီး အငြင်းပွားစရာကိစ္စရပ်တွေကို ဖြေရှင်းဖို့ဆိုပြီး NLD ပါတီက အဖွဲ့ဝင် (၁၅) ဦးပါရှိတဲ့ ဗဟိုတိုင်းရင်းသားရေးရာကော်မတီကို ဒီလ (၂) ရက်နေ့ကဖွဲ့စည်းလိုက်ပါတယ်။ အခုဖွဲ့စည်းလိုက်တဲ့ကော်မတီနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြေးရုပ်ပြောင်းရွေ့ရေးနဲ့ပတ်သက်ပြီး ဦးဆောင်လှုပ်ရှားသူတစ်ဦးလည်းဖြစ်၊ ပြည်နယ်အစိုးရက ပုဒ်မ ၁၀ နဲ့တရားစွဲပြီး ထောင်ဒဏ် (၆) လ ကျခံခဲ့ရတဲ့ ကရင်နီလူငယ်တစ်ဦးဖြစ်တဲ့ ခွန်းသောမတ်စ်ကို ကန္တာရဝတီတိုင်းမ်က မေးမြန်းထားပါတယ်။

KT – ထောင်ကလွတ်လာပြီး ဘာတွေများလှုပ်ရှားနေလဲ။

ခွန်းသောမတ်စ် – ထောင်ကလွတ်လာပြီးနောက်ပိုင်းတော့ ကြေးရုပ်နဲ့ပတ်သက်ပြီး လှုပ်ရှားမှုတော့မရှိဘူးပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ တွေ့သင့်တွေ့ထိုက်တဲ့ ပုဂ္ဂိုလ်တွေနဲ့တွေ့တယ်၊ ကျနော်တို့လူငယ်တွေ အစည်းဝေးထိုင်ဖြစ်တယ် … အဲ့လောက်ပါဘဲ။

KT – NLD ပါတီက ဗိုလ်ချုပ်ကြေးရုပ်ကိစ္စအပါအဝင် တိုင်းရင်းသားအရေးကိုဖြေရှင်းမယ်ဆိုပြီး ဗဟိုတိုင်းရင်းသားရေးရာကော်မတီကိုဖွဲ့လိုက်တယ်ပေါ့၊ ဆိုတော့ ကြေးရုပ်ကိစ္စကို အခုမှ ဖြေရှင်းဖို့ဆိုပြီး အသံထွက်လာတဲ့အပေါ် ခွန်းသောမတ်စ်အနေနဲ့ ဘယ်လိုမြင်လဲ။

ခွန်းသောမတ်စ် – တွေ့လိုက်ပါတယ် တိုင်းရင်းသားကိစ္စကို ဘာလုပ်မယ်ဆိုပြီး ထုတ်ပြန်လိုက်တာ၊ ဆိုတော့ ဒီဟာကို ကျနော်မြင်တာကတော့ အလုပ်ဖြစ်မယ်မထင်ပါဘူး၊ ဥပမာ အဲ့ကော်မတီက ကျနော်တို့နဲ့ညှိနှိုင်းမယ်ဆိုရင် ကျနော်တို့ကိုင်ထားတဲ့ရွေ့ပြောင်းရေးမူကို ကော်မတီက ဘယ်လောက်အထိလိုက်လျောနိုင်မယ်ဆိုတာကို ပြန်သုံးသပ်ကြည့်လိုက်တော့ ဖြစ်နိုင်မယ်မထင်ဘူးဗျ။ အဲ့ကော်မတီက တိုင်းရင်းသားနဲ့ပတ်သက်ပြီး ဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီး ဘယ်လိုဘဲဖွဲ့ဖွဲ့အလုပ်ဖြစ်မယ်လို့ကျနော်တို့မထင်ဘူးဗျ။

KT – ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး ခွန်းသောမတ်တို့ထောင်မကျခင်အချိန်အထိပေါ့ ဘယ်လောက်အတိုင်းအတာအထိညှိနှိုင်းခဲ့ကြလဲ။

ခွန်းသောမတ်စ် – ကြေးရုပ်ကိစ္စမှာတော့ အများကြီးညှိနှိုင်းခဲ့ကြတယ်၊ NRPC တို့ပါလာတဲ့အထိ ၊ နောက်ပြီး KNPP တို့က သက်သေအဖြစ်ထားတဲ့အထိ ကျနော်တို့ညှိနှိုင်းခဲ့ကြတယ်၊ ဒါပေမဲ့ အောင်မြင်မှုမရရှိခဲ့ဘူးလေ၊ ကယားပြည်နယ်အစိုးရရဲ့ကိုင်တွယ်ပုံတွေ လွဲမှားတာ ကတိပေးထားတဲ့အတိုင်းမလုပ်ခဲ့လို့ ကြေးရုပ်ရွေ့ပြောင်းဖို့ကိစ္စညှိနှိုင်းတာ အဆင်မပြေခဲ့ဘူးပေါ့နော်။

KT – အရင်က အကြိမ်ကြိမ်ညှိနှိုင်းခဲ့ကြတယ်၊ NRPC က ပါဝင်တဲ့အထိဖြစ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးပေါ့။ ဆိုတော့အခုမှ NLD က ဒီကိစ္စကို ဖြေရှင်းဖို့ကော်မတီဖွဲ့လိုက်တဲ့အပေါ် အမြင်ဘယ်လိုရှိလဲ။

ခွန်းသောမတ်စ် – အဓိကတော့ NLD ပါတီက တိုင်းရင်းသားဒေတွေမှာဖြစ်ခဲ့တဲ့ပြသနာကိုကိုင်တွယ်ခဲ့တဲ့နေရာမှာ အမှားအယွင်းဖြစ်ခဲ့တာကို ပြန်ပြီးဖာထေးဖို့ပုံစံမျိုးနဲ့ဟန်ပြလုပ်လိုက်တဲ့ပုံစံမျိုးလို့ဘဲ ကျနော်မြင်တယ်၊ တိုင်းရင်းသားဒေသတွေမှာ ပြသနာတွေကို NLD ပါတီအနေနဲ့မှားယွင်းကိုင်တွယ်ခဲ့ဖူးတာအများကြီးရှိတာကိုး၊ အထူးသဖြင့်ကျနော်ဒေသလိုမျိုးပေါ့ ၊ ကြေးရုပ်ကိစ္စဆို လွဲလွဲမှားမှာကိုင်တွယ်ခဲ့တာလေ၊ ဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ကိုထောက်ခံခဲ့တဲ့လူတွေ ပိုပြီးအမြင်ကြည်အောင် ဒီကော်မတီကိုဖွဲ့တယ်လို့ဘဲ ကျနော်က အဲ့လိုမြင်တယ် ယုံကြည်တယ်။

KT – တကယ်လို့များ ဗဟိုတိုင်းရင်းသားရေးရာကော်မတီက ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး ကရင်နီလူငယ် အင်အားစုနဲ့ညှိနှိုင်းကြမယ်ဆိုရင်ကော။

ခွန်းသောမတ်စ် – ကျနော်တို့ကရင်နီလူငယ်အင်အားစုအနေနဲ့အဲ့တီကော်မတီနဲ့ညှိနှိုင်းလို့အဆင်ပြေမယ်မထင်ဘူး၊ ညှိနှိုင်းကြဖို့လဲဖြစ်မယ်မထင်ဘူး၊ သို့သော်မဖြစ်မနေညှိနှိုင်းရမယ်ဆိုရင်တော့ ကျနော်တို့က လက်ခံတွေ့ဆုံစကားပြောမဲ့အနေအထားဘဲဖြစ်မယ်ထင်တယ်၊ ကျနော်တို့အနေနဲ့အဲ့ကော်မတီကြီးကို တကူးတက ကျနော်တို့နဲ့ လာညှိပါလို့ပြောမှာ မဟုတ်ဘူးလို့ဘဲ ကျနော်တို့ဘက်က ဆုံးဖြတ်ထားတယ်။

KT – သူတို့ဘက်က ညှိနှိုင်းဖို့ ကမ်းလှမ်းလာမယ်ဆိုရင်ဘယ်လို လုပ်ဖို့ရှိလဲ။

ခွန်းသောမတ်စ် – သူတို့ဘက်ခေါ်ညှိမယ်ဆိုရင်တော့ ကျနော်တို့ဘက်က လက်ခံစကားပြေမယ်ဆိုတဲ့အထိ ကရင်နီလူငယ် အင်အားစုအနေနဲ့စဉ်းစားထားတယ်ဗျ။

KT – ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး ကရင်နီလူငယ်အင်အားစုတွေရဲ့လက်ရှိသဘောထားကရောဘယ်လိုရှိလဲ။

ခွန်းသောမတ်စ် – ကျနော်တို့အရင်က ပြောထားသလို ရွေ့ပြောင်းရေးမူပါဘဲ၊ ကြေးရုပ်ကို လက်ရှိနေရာကနေအပြီးအပိုင်ရွေ့ပြောင်းပေးဖို့ဆိုတဲ့မူကို အရင်ကတည်းက လက်ကိုင်ထားတယ်၊ အခုလဲ လက်ကိုင်ထားတယ်၊ နောက်နောင်လည်း လက်ကိုင်ထားမှာဘဲ။

KT – NLD က ဗဟိုတိုင်းရင်းသားရေးရာကော်မတီကို ၂၀၂၀ ရွေးကောက်ပွဲနီးမှ ဖွဲ့လိုက်တဲ့အပေါ် ဘယ်လို မှတ်ချက်ပေးချင်လဲ။

ခွန်းသောမတ်စ် – NLD အစိုးရ အနေနဲ့အခုသက်တမ်းကုန်လုပ်နီးပါးဖြစ်နေပြီပေါ့၊ ဆိုတော့ အရင်ကတစ်လျှောက်လုံး သူတို့အလုပ်နိုင်ဆုံးအရာက ကော်မတီဖွဲ့တဲ့ကိစ္စဘဲ၊ အခုတိုင်းရင်းသားနဲ့ပတ်သက်တဲ့ကော်မတီမကပါဘူး၊ အခုက ဒီ ၂၀၂၀ ရွေးကောက်ပွဲနီးလာတဲ့အတွက် ဟန်ဆောင် ကော်မတီဖွဲ့ပြီး တိုင်းရင်းသားဒေသမှာ လွဲမှားမှုရှိခဲ့တဲ့ဟာတွေကို ဒီကော်မတီနဲ့ပြန်ဖြည်မယ်ဆိုတဲ့ပုံစံမျိုးဘဲ၊ အဓိကတော့ ဘာအနှစ်သာရမှရှိတဲ့ ကော်မတီမဟုတ်ပါဘူး၊ ဖြေရှင်းနိုင်တာလဲမဟုတ်ဘူး၊ ဆိုတော့ အဲ့ဒီ ကော်မတီဖွဲ့တယ်ဆိုတာက ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ကတိုင်းရင်းသားဒေသတွေမှာပိုပြီး အနိုင်ရလာအောင် ၊ ၂၀၁၅ ပုံစံမျိုးပြန်ဖြစ်လာအောင်၊ တိုင်းရင်းသားတွေမကျေနပ်ခဲ့တဲ့အမှားတွေ အချို့ကို ပြန်ပြီးခေါင်းခံမယ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်ပြတာပါ၊ တကယ်တမ်းအဲ့ကော်မတီက စေတနာရှိရှိနဲ့တကယ့်ပြသနာအရင်းအမြစ်ကို အဖြေရှာမဲ့ကော်မတီမဟုတ်ဘူးလို့ကျနော်မြင်တယ်၊ ကော်မတီအနေနဲ့က ပြသနာတွေနဲ့ပတ်သက်ပြီး တိုင်းရင်းသားတွေနဲ့နည်းနည်းပါးပါးစကားလိုက်ပြောမယ်၊ ပြီးရင်တော့ ကျနော်တို့က ကော်မတီအနေနဲ့ စကားလိုက်ပြောရတာပါ တကယ်ဆုံးဖြတ်ပိုင်ခွင့်က ဗဟိုမှာဘဲရှိတယ်ဆိုပြီးလာမှာဘဲ၊ ဆိုတော့ အဲ့ကော်မတီကို ကျနော်တို့အယုံအကြည်မရှိဘူး၊ ဒါပါဘဲ။

spot_img
spot_img

Recent posts