spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

ဗိုုလ်ချုပ်ကြေးရုပ်မှ အစပြုသော ဂယက်နှင့် သောင်းပြောင်းထွေလာ နိုုင်ငံရေး

Author

Date

Category

ဇူလိုုင်လ ၃ ရက်နေ့က ဗိုုလ်ချုပ်ကန့်ကွက်ရန်ချီတက်လာသော လူအုုပ်ကိုု လုုံခြုံရေးတပ်ဖွဲ့က တားစီးထားစဉ်(ဓါတ်ပုုံ-ခူးစိုုးရယ်ဦး/ကန္တာရဝတီတိုုင်း(မ်)

မော်ဦးမြာ ရေးသားသည်။

မိုးဖွဲ စီစီရီရီကျသော မိုးရာသီ၏ နေ့တစ်နေ့သည် လူတိုင်းကို အေးချမ်းမှု ပေးနိုင်သော နေ့ဖြစ်သော်လည်း ကယားပြည်နယ်အတွက် မအေးချမ်းနိုင်ခဲ့ပေ။

ထိုနေ့သည် ဇူလိုင်လ ၃ ရက်နေ့ ဖြစ်သည်။

အမျိုးသားဝတ်စုံများ ဝတ်ဆင်ထားသူများက လက်ထဲတွင် ပိုစတာစာရွက်များနှင့် အမျိုးသားအလံများကိုင်ကာ တရွေ့ရွေ့သွားနေသည်။

၎င်းတို့ထံမှ “ဗိုလ်ချုပ်ရုပ်တု အလိုမရှိ”ဟုဆိုသော ကြွေးကြော်သံများ မကြာမကြာ ဆက်တိုက်ထွက်ပေါ်လာသည်။

ကယားပြည်နယ်အစိုးရမှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိမှုကို ၎င်းတို့က ကန့်ကွက်ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည်။

“တကယ်လို့ တည်ဆောက်ချင်တယ်ဆိုရင် ကျွန်တော်တို့ ကရင်နီပြည်သူ၊ပြည်သားတွေ လေးစားတဲ့ အားကျတဲ့ ခေါင်းဆောင်ကြီးတွေရှိတယ်။ ဒါတွေ ထားပေးပါလို့ ပြောချင်ပါတယ်။”ဟု ကန့်ကွက်ဆန္ဒပြမှုတွင် ပါဝင်သူ ကယားလီဖုလူငယ်တစ်ဦးက ပြောသည်။

ဆုံမှတ် မရောက်ခင်မှာဘဲ ကန့်ကွက်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က တားဆီးသည်။ အာဏာပိုင်များနှင့် ညှိနှိုင်းမှု အဆင်မပြေသည့်အတွက် နှစ်ဘက်အကြား ရုန်းရင်းဆန်ခတ်မှုများ ခေတ္တဖြစ်ပေါ်ခဲ့သည်။

ယင်းနောက် ဗိုလ်ချုပ်ကြေးရုပ်မှ အစပြုသော ဂယက်သည် လွိုင်ကော်မှ တစ်နိုင်ငံလုံးသို့ ပြန့်နှံ့သွားသည်။

ကန့်ကွက်သူများက ပို၍ပြင်းပြင်းထန်ထန် လှုပ်ရှားမှုပြုသည်။ ၎င်းတို့က ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာချက်များကို ဒါဇင်မက ထုတ်သည်။

ထို့အတူ ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေး ထောက်ခံသူနှင့် ကန့်ကွက်သူများအကြား လူမှုကွန်ယက်တွင် ငြင်းခုံမှု ပိုပြင်းထန်လာသည်။ လူမျိုးရေးခွဲခြားသည့်စကားလုံးများဖြင့် အပြန်အလှန် ထိုးနှက်ကြသည်။

ဤအပူ၊ ဤအရေးသည် ကယားပြည်နယ်အတွင်း ရက်သတ္တပတ်ကြာအောင် ပြောစမှတ်ဖြစ်လာတော့သည်။

ကြေးရုပ်ကြောင့် နယ်မြေတည်ငြိမ်အေးချမ်းရေးကို ထိခိုက်လာမည်ကို စိုးရိမ်လာကြသည်။

လွိုင်ကော်တွင် ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်ရန်မရှိကြောင့် အစိုးရထံ စာရေးသားပေးပို့သည့် ကယားပြည်နယ်၏ အကြီးဆုံး လူမှုကူညီရေးအသင်းများကပင် ပြင်းထန်လာသော အားပြိုင်မှုများအား ၎င်းတို့က စိုးရိမ်နေသည်။

“ဒီလောက်အထိဖြစ်မယ်မထင်ထားလို့ ကန့်ကွက်ရန်မရှိဘူးလို့ စာပို့ဖြစ်တာ။ ဒီအခြေအနေက အငြင်းပွားစရာ မတည်မငြိမ်ဖြစ်လာရင် အစိုးရက ဘာမှမလုပ်သေးတာ အကောင်းဆုံးဖြစ်မယ်။ အချင်းချင်းညှိနှိုင်းပြီးမှပဲ တည်ရင် အကောင်းဆုံးပါ။”ဟု ကန္တရဝတီလူမှုကူညီရေးအသင်း၏ ဥက္ကဌ ဦးကျော်ဝင်း(ခ)အန်းကူက ပြောသည်။

“ဗိုလ်ချုပ်ကြေးရုပ် ထားရှိရန် သဘောတူ မတူ” အွန်လိုင်းဆန္ဒမဲကို ကန္တာရဝတီတိုင်း(မ်)က ဇူလိုင်လ ပထမအပတ်အတွင်း ကောက်ယူခဲ့သည်။ ထောက်ခံသူက ၆ဝ ရာခိုင်နှုန်းကျော်ပြီး ကျန်ရာခိုင်နှုန်းက ဗိုလ်ချုပ်ကြေးရုပ်ထားရှိရန် ကန့်ကွက်သူများဖြစ်သည်။

လွိုင်ကော်တွင်ထားရှိမည့် ဗိုုလ်ချုပ်ကြေးရုုပ်အား ကန့်ကွက်သူမာျးကိုု ဇူလိုုင်လ ၃ ရက်နေ့တွင် တွေ့ရစဉ်(ဓါတ်ပုုံ-ခူးစိုုးရယ်ဦး ကန္တာရတီတိုုင်း(မ်)

ထောက်ခံကြောင်း မှတ်ချက်ပေးသူ တစ်ဦးက “ဗိုလ်ချုပ်က မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ဖြစ်သလို မြန်မာနိုင်ငံသားများအတွက် စံပြခေါင်းဆောင်တစ်ဦးဖြစ်လို့ ကြေးရုပ်ကို ထားရှိတာ သဘောမတူစရာမရှိဘူး။”ဟု ဆိုသည်။

ဗိုလ်ချုပ်ကြေးရုပ်ကို ထောက်ခံသူများတွင် ကယားပြည်နယ်၏ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများလည်းပါဝင်ပြီး အခြားသော ပြည်မနေလူအများအပြားလည်း ပါဝင်သည်။

သို့သော် ကန့်ကွက်သူများတွင်လည်း ရန်ကုန်၊ မန္တလေးနှင့် အခြားသော ပြည်နယ်များတွင်နေထိုင်ကြောင်း ဖေ့ဘုတ်၏ ပရိုဖိုင်တွင် ဖေါ်ပြထားသော ၎င်းတို့ကိုယ်ရေးအချက်လက်တွင် တွေ့ရသည်။

“ဗိုလ်ချုပ်ဟာ ကရင်နီပြည်နဲ့ ဘာမှမသက်ဆိုင်ဘူး။ သူ့ချမှတ်ခဲ့တဲ့ တန်တူအခွင့်အရေးတွေကို အရင်အကောင်အထည်ဖေါ်ပါ။”ဟု ကန့်ကွက်မှတ်ချက်ပေးသူက ဆိုသည်။

ကန့်ကွက်ကြောင်းကို ကရင်နီလူငယ်ထုများ၊ အရပ်ဘက်အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်သော်လည်း ပြည်နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များကလည်း ထောက်ခံကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ကန့်ကွက်သူအချို့မှာ ကယားပြည်နယ်မှ လူငယ်များ မဟုတ်ကြောင်းကို ဝေဖန်မှုလည်းရှိသည်။ ဝေဖန်သူများပြောသည့်အတိုင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေထိုင်သူများလည်း ပါဝင်သည်။

သို့သော် ကန့်ကွက်နေသော လူငယ်များနှင့် တရားစွဲဆိုခံရသော လူငယ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံခဲ့သူများဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီပါတီ အောင်နိုင်ရေးအတွက် တက်ကြွစွာပါဝင် လှုပ်ရှားခဲ့သူများဖြစ်သည်ဟု ၎င်းတို့က တုန့်ပြန်သည်။

ယခင်က ပံ့ပိုးခဲ့သမျှသည် ယခု အဲန်အယ်ဒီပါတီအစိုးရဖြစ်လာသည့်အခါ ၎င်းတို့က တရားစွဲဆိုခံနေရပြီဟု ဆိုသည်။

“ဒီကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်မယ့်အပေါ်မှာ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု မရှိဘူး။ ဒုတိယတစ်ချက်က လူထုရဲ့သဘောထားကို မမေးမြန်းဘူး။ မကောက်ယူခဲ့ဘူး။ ဒါက မှားယွင်းတဲ့အရာတစ်ခုဖြစ်တယ်။”ဟု ကန့်ကွက်ဆန္ဒပြမှုတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ကယန်းလူငယ်တစ်ဦးက ပြောသည်။

အန်အယ်လ်ဒီ အစိုးရလက်ထက်တွင် ကယားပြည်နယ်အတွင်း ပထမ ဆုံးဗိုလ်ချုပ်ရုပ်တုကို ကန္ဒဟေဝန် ပန်းခြံအတွင်းပြီးခဲ့သည့် အာဇာနည်နေ့အမီစိုက်ထူရန် စီစဉ်ခဲ့သည်။

သို့သော် တိုင်းရင်းသား လူငယ်အင်အားစုများ၊ ပြည်နယ် အခြေစိုက်နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စာပေယဉ်ကျေးမှုကော်မတီများက ဝိုင်းဝန်းကန့်ကွက်ခဲ့ သည်။

ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုတစ်ခုဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ဒုဥက္ကဌ ခူဦးရယ်ကလည်း လူထုဆန္ဒသဘောထားကို နားထောင်ရန်လိုအပ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို အိတ်ဖွင့်စာပေးပို့ခဲ့သည်။

“အကျိုးထက် ဆိုးကျိုးဖြစ်ပေါ်ဖို့ ပိုများတယ်”ဟု ကန္တာရဝတီတိုင်း(မ်)နှင့် တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ကန့်ကွက်မှုများကြောင့် မဖြစ်မြောက်နိုင်သေးဘဲ ဗိုလ်ချုပ်မြင်းစီးရုပ်တုအတွက် ဆောက်လုပ်ထားသော အောက်ခြေအုတ်ခုံ(ဖောင်ဒေးရှင်း) ပြီးစီးမှုအတိုင်းသာ ခေတ္တရပ်နားထားသည်။

ဗိုုလ်ချုပ်ကြေးရုုပ်စိုုက်ထူရန် အောင်ခြေခုုံ(ဓါတ်ပုုံ-လင်းသန့်၊ကန္တာရဝတီတိုုင်းမ်)

ယခု၌မူ ဗိုလ်ချုပ်ရုပ်တုထားရှိရန်သာ လိုအပ်တော့သည်။

“ဗိုလ်ချုပ်က လွတ်လပ်ရေးဖခင်ပဲလေ ကောင်းတဲ့ဟာမျိုးပဲလေ တိုင်းနဲ့ ပြည်နယ်အကုန်လုံးရဲ့ လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ အတွက်ကြောင့်မို့ ဒါအလွန်ကောင်းတာပဲလေ။”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက သူဆန္ဒကိုပြောသည်။

ကန္တာရဝတီတိုင်း(မ်)မှ လွိုင်ကော်မြို့တွင် လူ ၁၁ ဦးအား ကျပန်းပေးမြန်းခဲ့ရာ ၅ ဦးသည် ငယ်စဉ်ကတည်းက ဗိုလ်ချုပ်အကြောင်းသိထားပြီးသားဖြစ်ခြင်း၊ အခြားသော မြို့များတွင်လည်း ကြေးရုပ်အားထားရှိခြင်းသည် ကန့်ကွက်ရန်မရှိဟုသာ ဖြေကြားသည်။

ကျန် ၅ ဦးသည် အခြေအနေအရကြည့်ပြီး ဆန္ဒခံယူ အများသဘောတူမှ ထားရှိပါက သင့်တော်သည်ဟုသာ မှတ်ချက်ပြုသည်။ ကျန်တစ်ဦးမူ အစိုးရဝန်ထမ်းဖြစ်နေသည့်အတွက် ဖြေကြားရန် ၎င်းက ငြင်းဆန်သည်။

ရုပ်တုကြောင့် ဒီတင်ပြီးသည်မဟုတ်။ ကန့်ကွက်ဆန္ဒပြခဲ့သည့် လူငယ်တစ်ချို့ကို ဥပဒေချိုးဖေါက်သည်ဟု ပုဒ်မတပ်ကာ တရားစွဲဆိုထားသည်။ ပုဒ်မ ၅၀၅ (ခ)(ဂ)ဖြင့်လည်းကောင်း ငြိမ်စုစည်ပုဒ်မများဖြင့်လည်းကောင်း စွဲဆိုမှုသည် ယနေ့အထိ အပြီးမသတ်သေးပေ။

ဗိုုလ်ချုပ်ကြေးရုုပ်ကန့်ကွက်ခြင်းနှင့် ကရင်နီသမိုုင်းကြောင်းဖြန့်ဝေသူများကိုု အာဏာပိုုင်များက တရားစွဲဆိုုထားသည်။ (ဓါတ်ပုုံ-ခူးစိုုးရယ်ဦး၊ ကန္တာရဝတီတိုုင်းမ်)

၎င်းကိစ္စကို အဖြေရှာကြရန် ပြည်နယ်အစိုးရနှင့် ကရင်နီလူငယ်များ ညှိနှိုင်းမှုများ ပြုလုပ်လိုက်သေးသည်။ ဆန္ဒမဲကောက်ခံကြမည်ဟု ဆိုသည်။ ကရင်နီလူငယ်များကလည်း ကန့်ကွက်မဲများ စုဆောင်းကောက်ခံမည်ဟု တန်ပြန်အဆိုပြုသည်။

၃ ကြိမ်ထက်မနည်း အပြန်အလှန်တွေ့ဆုံခဲ့အပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိူမှ တစ်ဖက်သတ် ဆုံးဖြတ်ချက်တွေသာ ချသည့်အတွက် လူငယ်များအနေဖြင့် ကြေးရုပ်ထားရှိရေး သဘောထားဆန္ဒများကောက်ခံမှု ပူးပေါင်းဆောင်ရွက်တော့မည်မဟုတ်ဟု ဆိုပြန်သည်။

ကြေးရုပ်အကြောင်းပြ ဆူပူမှုများ ဖြစ်လာလျှင် ရဲတပ်ဖွဲ့ဖြင့် မလုံလောက်ပါက တပ်မတော်အားတာဝန်ပေးအပ်သွားမည်ဆိုသည့် ဝန်ကြီးချုပ်၏ စကားကြောင့်လည်း နှစ်ဘက်အကြား ဆက်ဆံရေး ပို၍အလှမ်းဝေးစေခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၏ ပြောစကားများသည် ငြိမ်းခြောက်ခြင်းသာ ဖြစ်သည်ဟု လူငယ်များက တုန့်ပြန်ကြေညာသည်။

သို့သော်လည်း ဝန်ကြီးချုပ်ကမူ“လုံးဝခြိမ်းခြောက်ခဲ့ခြင်းမရှိပါဘူး။ ကျွန်တော်တို့က အရပ်သားအစိုးရဖြစ်တယ်။ပြည်သူကို ၊ အဖွဲ့အစည်းကို ပြောဆိုပြီးမှ ကျွန်တော်တို့အနေနဲ့ လုပ်သွားမှာမဟုတ်ပါဘူး။ လက်ရှိရထားတဲ့ လုပ်ငန်းတာဝန်ဝတ္တရားတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”ဟု ၂၃ ရက်နေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုသည်။

ထိုစကားနှင့် ပတ်သက်ပြီး တပ်မတော်ဘက်ကလည်း ဇူလိုင်လ ၂၃ ရက်နေ့တွင် ဝန်ကြီးချုပ်၏ စကားသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟု တုန့်ပြန်သတင်းထုတ်ပြန်သည်။

နောက်ဆုံးတွင် ပြည်နယ်အစိုးရအနေဖြင့် ဗိုလ်ချုပ်ဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းနှင့် ဗိုလ်ချုပ်ရုပ်တု ထားရှိမည့်အစီအစဉ်ကို ဆက်လက်ဆောင်ရွက်တော့မည် မဟုတ်ဟု ပြည်နယ်အစိုးရက ဇူလိုင် ၂၃ ရက်တွင် ကြေညာခဲ့သည်။

သို့သော် ဒေသခံအဖွဲ့အစည်းများ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်လိုပါက ပြည်နယ်အစိုးရအနေဖြင့် ကူညီရန် အဆင်သင့်ဖြစ်ကြောင်းကိုလည်းဆိုပြန်သည်။

ယနေ့အချိန်ထိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တု ထားရှိရေးသည် ပဟေဠိဆန်ဆန် ဖြစ်နေသည်။ ထားမထား ဘယ်သူမှ တပ်အပ်မပြောနိုင်ပေ။

သို့သော် ကြေးရုပ်ကြောင့် ငြင်းခုန်ကြသည်။ သဘောထား ကွဲပြဲကြသည်။ မတည်မငြိမ်ဖြစ်လာမည်ကို ပူပန်ကြသည်။ ထားရှိမည် မထားရှိမည်ကို ရင်ခုန် မျှော်လင့်ကြသည်။

“အောက်ခြေကတော့ အကုန်လက်စသတ်ပြီးသွားပြီး ကြေးရုပ်ရောက်လာဖို့ပဲလိုတယ်။”ဟု အောက်ခြေအထိုင်နှင့် ရင်ပြင်အား တာဝန်ယူတည်ဆောက်သူ လွိုင်ကော်ဆောက်လုပ်ရေးဦးစီးဌာန၏ အရာရှိတစ်ဦးက ပြောသည်။

အနီရောင်ကြယ်ပွင့်တစ်ပွင့်နှင့် ဗိုလ်ချုပ်ကိုယ်ရေးအကြောင်းရေးထွင်းထားသည့် ကျောက်ပြားချပ်ပါ အနီရောင်အောက်ခြေခုံသည် ယခုအခါ ထီးထီးကြီးတည်ရှိနေသည်။

ထိုအောက်ခြေအုတ်ခုံပေါ်တွင် ဗိုလ်ချုပ်ရုပ်တု ရောက်လာနိုင်ခြင်း ရှိ မရှိကိုမူ မည်သူမျှ မသိနိုင်သေးပေ။

spot_img
spot_img

Recent posts