spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

“ဘထိုင်းတောင်ခြေ” စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ ၃ လအတွင်း မွေးကင်းစကလေး ၅ ဦး သေဆုံး

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ “ဘထိုင်းတောင်ခြေ” စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ ၃ လအတွင်း မွေးကင်းစ ကလေးငယ် ၅ ဦးအထိ သေဆုံးမှုရှိခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်စခန်း ကော်မတီရဲ့ ပြောဆိုချက်အရ သိရပါတယ်။

” ပြီးခဲ့တဲ့ ၁လ၊ ၂လ အတွင်းမှာတော့ ကလေးတွေ အသေအပျောက် တော်တော်များတယ်။ အများအားဖြင့် မွေး ဆုံး တာတွေဖြစ်တာပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့က ဆေးရုံ ဆေးခန်းတွေနဲ့လည်း အလှမ်းဝေးတယ်ပေါ့နော။ နောက်ပြီးတော့မှ ဆေးဝါးလုံလောက်မှု မရှိဘူး။ ဆရာမတွေ ဆရာကြီးတွေကလည်း ကျနော် တို့ကိုအချိန်ပြည့်လို့ ပြောရမှာပေါ့နော ဥပမာ တစ်လကို ၂ကြိမ် ဆိုလည်း ၂ကြိမ်ပေါ့နော အ့လိုမျိုးသူတို့လှည့်ပြီးတော့မှ ဆေးဝါးတွေပေးတာတို့ တိုင်းတွာပေးတာတို့ အဲ့လိုမျိုးတွေ မရှိဘူးပေါ့နော။ မရှိလို့ကျနော် တို့ကလေးတွေအသက်ဆုံးရှုံးခဲ့ရတာပေါ့ ။” လို့စစ်ဘေးဒုက္ခသည်စခန်း ကော်မတီ ဦးအာကိုစတီးနို ကပြောပါတယ်။

ယခင်က ဆရာဝန်တွေရှိပေမဲ့ အခြေနေအမျိုးမျိုးကြောင့် ဆရာဝန် ပြောင်းသွားခဲ့ကြတာလို့သိရပါတယ်။ ဆရာဝန်တွေပြောင်းသွားတာ ၃လ ကြာခဲ့ပြီဖြစ်ပြီး ကျန်းမာရေးဝန်ထမ်း မရှိတော့ဘူးလို့ဆိုပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုမရှိတော့တဲ့ ကာလမို့လို့ ကလေးငယ်တွေ ပိုသေဆုံးနေရတာလို့ စစ်ရှောင်ကော်မတီ ဦးအာကိုစတီးနိုက အခုလိုဆက်ပြောပါတယ်။

” ကိုယ်ဝန်အရင့်အမာနဲ့ခါကျတော့လေး ဆိုင်ကယ်ကိုပဲ တစ်ပတ် တစ်ကြိမ် နှစ်ကြိမ် အဲ့မျိုး OG ပုံစံမျိုးပေါ့နော သူပြနေကျဆေးခန်းမှာ သွားပြတဲ့အချိန်ခါကျတော့ ဝေးတယ်။ ဝေးတဲ့ခါကျတော့သူသွားလာတာ ခက်ခဲတယ်ပေါ့နော။ ခက်ခဲတော့ သူ့ကိုယ်ဝန်က ပျက်ကျနိုင်တယ်လို့ ကျနော်တို့မြင်တယ်ပေါ့နော။ ဆိုတော့ အဲဒီကြောင့်မို့လို့ ဒီမွေး ဆုံး တဲ့ကလေးတွေ လေးငါးယောက်ထိပေါ့နော။ တစ်ချို့လူတွေခါကျတော့ တစ်ပတ် နှစ်ပတ်အဲ့လောက်ပဲခံတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးစောင့်ရှောက်မှု အင်မတန်မှ အားနည်းလို့ပေါ့နော။ ”

ကိုယ်ဝန်ဆောင်မိခင်အများစုက အဓိက ဆေးဝါးဆိုင်ရာ ကျန်းမာရေးပိုင်းမှာ ဆေးကုသဖို့ခက်ခဲနေကြတာဖြစ်ပါတယ်။ ၂ ပတ်သား နဲ့ ကလေးသေဆုံးသွားခဲ့တဲ့မိခင်ဒေါ်မေဖြိုးကတော့ သူ့သားလေးအတွက်အခုလိုပြောလာပါတယ်။

” ရင်လည်းကျိုးတယ်ပေါ့နော။ ကိုယ်ကလူဖြစ်မယ်လို့ထင်ထားခဲ့တယ် ဒါမဲ့ ဖြစ်လာတော့လည်းကံတရားကြောင့်လို့ပဲမှတ်လိုက်တယ်။ သူကကိုယ်နဲ့တူတူမှမနေချင်တာ။ သူထွက်သွားချင်မှတော့သူ့လမ်းနဲ့သူလျှောက် သူလမ်းနဲ့သူသွားချင်မှတော့ သူသွားပေါ့။ နောက်တစ်ခါလာလို့ရှိရင်လည်း နှစ် ၁၀၀ နေနိုင်မှလာခဲ့ပေါ့ အဲ့မျိုးပဲပြောလိုက်တယ်။ ကိုယ်လည်းအများကြီး သူ့အတွက်ဆိုပြီးမျှော်လင့်ချက်အများကြီးရှိတယ်။ သူ့အတွက်ဆိုပြီး ဝယ်ထားတဲ့ဟာတွေအများကြီးရှိတယ်။ ဒါမဲ့ ဒီလိုမျိုးဖြစ်လာတော့ကိုယ်လည်းစိတ်မကောင်းဘူး။ ရင်လည်းကျိုးတယ် ”

နေထိုင်ရာတဲမှာပဲ မီးဖွားခဲ့ရတဲ့ ကိုယ်ဝန်သည် ၂ဦးရှိပြီး ၂ဦးစလုံးရဲ့ကလေးက မွေးမွေးချင်းသေဆုံးခဲ့ရပါတယ်။ နှစ်ပတ်သား နဲ့ သေဆုံးသူ တစ်ဦး၊ ကိုယ်ဝန် ၅လ နဲ့ ပျက်ကျခဲ့ရသူတစ်ဦးနဲ့ ဆေးခန်းမှာမွေးပြီး မွေးမွေးချင်းသေဆုံးသူ တစ်ဦး စုစုပေါင်း ၅ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

ဘထိုင်းတောင်ခြေ စစ်ဘေးဒုက္ခသည်စခန်းမှာ စစ်ရှောင်ဦးရေ ၄၂၇ ယောက် ရှိပြီး စစ်ရှောင်ပြီး ၂နှစ်နီးပါးကာလအတွင်း ဆေးကုသဖို့အခက်ခဲကြောင့် ကလေးငယ် ၅ဦး၊ သက်ကြီးရွယ်အို ၃ ဦး စုစုပေါင်း ၈ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။

spot_img
spot_img