spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

“ဘာဆက်လုပ်လို့လုပ်ရမှန်း မသိတော့ဘူး။ ဘယ်ကိုထပ်ပြီး ပြေးလို့ ပြေးရမှန်းမသိတော့ဘူး။”

တိုက်ပွဲတွေကြောင့် ၃ နေရာ အထိ ထွက်ပြေး တိမ်းရှောင်ခဲ့ရသူ ဒီးမော့ဆိုမြို့ ငွေတောင်က အသက် ၅၀ ကျော်အရွယ် အဒေါ်တစ်ဦးက သူပြေးခဲ့ရတဲ့ နေရာတိုင်းမှာ တိုက်ပွဲတွေ ထပ်မံကြုံနေရလို့ ဘယ်ကိုဆက်ပြီး ပြေးရမလဲ မသိတော့ဘူးလို့ ဆိုလာပါတယ်။

ဒီးမော့ဆိုမြို့ပေါ်မှာ မေလ ၂၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲစဖြစ်ခဲ့ပြီး ယခုချိန်ထိ တိုက်ပွဲတွေ နေ့စဥ်ရက်ဆက် ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးရှောင်ရတာ အခုဆို ၅ လ နီးပါးရှိလာပြီ ဖြစ်ပါတယ်။

အခုလို ထွက်ပြေးတိမ်းရှောင်နေရတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာက အဒေါ်တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ပထမဆုံးအကြိမ် ဒီးမော့ဆို မြို့တိုက်ပွဲ ဖြစ်တော့ ဘယ်တွေစပြေးခဲ့ရတာလဲ ။

ဖြေ ။ ။ ပထမဆုံးတော့ ရွာဟောင်းကိုသွားနေတာပေါ့။ သွားနေပြီးတော့ ၃ ပတ်လောက်နေတော့ စစ်တပ်တွေက အိမ်လာမွှေတဲ့အခါကျတော့ နောက်ဒုတိယ ရွာကိုပြောင်းတယ်။ အဲဒီမှာ ၂ လကြာတယ်။ အဲဒါပြောင်းလာပြီး ၂ လနီးပါးကြာတော့ အခု တခြားမြို့ပေါ် ထပ်ပြောင်းလာတယ်။

မေး ။ ။ ပထမရွာကို ရှောင်နေတုန်းက စစ်တပ်ကနေ ရွာထဲ ရောက်လာပြီး ဝင်မွှေသွားတာ ဘာတွေပါသွားကြလဲ။

ဖြေ။ ။ တစ်ရွာလုံးကို ဝင်မွှေသွားတယ်။ ငွေဆယ်သိန်း ပါသွားတဲ့သူရှိတယ်။ ရှစ်သိန်းပါသွားတဲ့သူရှိတယ်။ နေတဲ့အိမ်မှာပဲ ဘဲ ၂ ကောင် ဥ ၅ လုံး ယူသွားတယ်။ ထမင်းဟင်းတွေထုတ်သွားတယ်။ အဝတ်အစားတွေအကုန်လုံး ပြန့်ကျဲထားတယ်။ နောက်နေ့တော့ တခြားရွာ ဆက်ပြောင်းလိုက်တာပါပဲ။

မေး ။ ။ ဒုတိယရွာကနေ ဘယ်လောက်ကြာကြာနေခဲ့ရလဲ။ ဘယ်လိုနေထိုင်စားသောက်ခဲ့ရလဲ။

ဖြေ။ ။ အား…….တောင်ပေါ်ပြေးတက်ရတယ်လေး။ စစ်တပ်ဝင်လာပြီ ဆိုလို့ တောင်ပေါ်ပြေးတက်လိုက်ရတာ ။ ၂ ခါ ၃ ခါတောင်မှ စစ်တပ်ဝင်လာပြီဆို ပြေးတက်လိုက် ပြန်လာလိုက် ပြန်တက်လိုက်နဲ့ပေါ့။ တောင်ပေါ်မှာလဲ ၂ ညအိပ်ခဲ့ရတယ် ။ စစ်တပ်တွေဝင်လာလို့ပေါ့။ အဲမှာရှိတဲ့ ဆန်တွေ၊ ဆီတွေ၊ ရိက္ခာတွေ သယ်သွားရတာပေါ့။ နောက်တော့ နောက်ထပ်တစ်ရွာကို ပြောင်းနေလိုက်တယ်။

မေး ။ ။ ဒုတိယရွာရောက်တော့ကော နေရေးထိုင်ရေး စားရေး အဆင်ပြေရဲ့လား။

ဖြေေ ။ ။ သူများအိမ်တွေမှာတော့ အဆင်ပြေသလို နေရတာပေါ့။ ရွာမှာဆိုတော ပဲ၊ မျှစ်တို့နဲ့ပဲ ချက်စားကြတာပေါ့။ အစားအသောက်ကတော့ ခက်ခဲတာပေါ့။ ရှားပါးတယ်။ မြေပဲတို့ ဘာလာချောင်ကြော်တို့တော့ လုပ်ထားရတယ်။ အဲမှာ ကိုဗစ်တွေ အရမ်းများလာတော့ နောက် တခြား လွိုင်ကော် မြို့ပေါ် ထပ်ပြေးလာလိုက်တယ်။

မေး ။ ။ အခု နောက်ထပ် တနေရာ တခြားမြို့ကိုရောက်တော့ ဘာအခက်အခဲတွေရှိလဲ။

ဖြေ ။ ။ စားရေးသောက်ရေးတော့ တူမ ဖြစ်နေတော့ အဆင်ပြေပါတယ်။ ကြာလာတော့ အားနာလာရတာ တခုတော့ရှိတာပေါ့။

မေး ။ ။ ဘာဝင်ငွေတွေရှိလဲ ဘာတွေဝယ်စားဖြစ်လဲ။

ဖြေ ။ ။ ဘာဝင်ငွေမှမရှိဘူး။ ဘာအလုပ်မှ လုပ်လို့မရဘူး။ အိမ်ကပစ္စည်းတွေနဲ့ပဲ စားသောက်စာရာတွေနဲ့ပဲ နည်းနည်းပါးပါးစားကြရတာပေါ့။ စီးပွားရေးက ဘာမှလုပ်လို့မရတာ ဘာသွားလုပ်စားမလဲ။

မေး ။ ။ အိမ်ဆိုင်တွေကော ဘယ်လိုဖြစ်ကုန်ပြီလဲ။

ဖြေ။ ။ ဆိုင်ကတော့ ပိတ်ရက်ချည်းပဲ ပစ္စည်းတွေတော့ သယ်ထားတယ်။ ဘုရားစင်ကတော့ ပန်းတွေချောက်ပြီးတော့ မသန့်ရပ်ဘူးပေါ့။ အရင်က ခနငြိမ်တုန်းက ပြန်ပြီးဘုရားပန်း ပြန်လဲတော့ မှန်တွေက ကြေမွနေတာကော။ နှင်းမိရှမိသေးတယ်။

မေး ။ ။ တိုက်ပွဲအခြေအနေတွေ ကြားနေရနေ ရသေးလား။

ဖြေ ။ ။ မနေ့ကလည်း ၆ မိုင်ဘက် တွေဖြစ်တယ်ကြားနေရတယ်။ အိမ်တွေမီးရှို့တယ်။ အဲလိုတွေချည်း ကြားရတော့ ကြောက်နေရတာပေါ့။ ဘယ်မှမထွက်ရဲဘူး။ အိမ်ပြန်ပြီး ဘုရားပန်းလဲတာလည်း မလုပ်နိုင်တော့ဘူး ။ အိမ်ပြန်ချင်တယ်လေး။ မပြန်ရဲတော့ဘူးပေါ့။

မေး ။ ။ အခု ဘာဆက်လုပ်ဖို့ စီစဥ်ထားပါသလဲ။

ဖြေ။ ။ ဘာဆက်လုပ်လို့လုပ်ရမှန်း မသိတော့ဘူး။ ဘယ်ကိုထပ်ပြီး ပြေးလို့ ပြေးရမှန်းမသိတော့ဘူး။

spot_img
spot_img