spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဘာသာ သာသနာရေးနဲ့ ကျေးရွာတွေမှာ သိန်းပေါင်း ၁၀၀၀ကျော် ထောက်ပံ့တာ ရွေးကောက်ပွဲနဲ့မဆိုင်ဟုဆို

Author

Date

Category

ကရင်နီသူ

ကယားပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အတွင်းမှာရှိတဲ့ ဘာသာရေးဆိုင်ရာလိုအပ်ချက်၊ အားကစားဆိုင်ရာ လိုအပ်ချက်တွေနဲ့ ကျေးရွာလိုအပ်ချက်တွေကို မနေ့က ကျပ်သိန်းပေါင်း ၁၀၀၀ ကျော်ခန့်ကို လိုက်လံထောက်ပံ့သွားပါတဲ့ အပေါ် ရွေးကောက်ပွဲနဲ့မဆိုင်ဘူးလို့ ခေတ္တပြည်နယ်ဝန်ကြီးချုပ်ကပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် လာရောက်ထောက်ပံ့ပေးခြင်းက ရွေးကောက်ပွဲနဲ့မဆိုင်ဘဲ တောင်းခံထားတဲ့ကျေးရွာတွေ အချိန်ကြာနေပြီဖြစ်တာတစ်ကြောင်း၊ ဘာသာရေးလုပ်ငန်းတွေ အမြန်ပြီးစီးအောင် လုပ်ဆောင်စေချင်တာတွေကြောင့် လာရောက်ထောက်ပံ့ပေးခြင်းဖြစ်တယ်လို့ ခေတ္တဝန်ကြီးချုပ်က ပြောပါတယ်။

″ ကျနော်တို့ဒါကို အလှူဒါနခေါင်းစဉ်အောက်ကပဲ ပေးတာပါခဗျ။ စုစုပေါင်းဘယ်လောက်လဲ ကျနော်တို့လည်း မပေါင်းကြည့်ရသေးဘူး။ အဓိက သူတို့ဘောလုံးကွင်း၊ လူငယ်တွေတောင်းဆိုတဲ့ဟာတွေပါ။ ″လို့ ကယားပြည်နယ်ခေတ္တဝန်ကြီးချုပ် ဦးဘောစ်ကိုက ပြောပါတယ်။

အခုလို ရွေးကောက်ပွဲနီးချိန်မှာ အရေးတကြီး လိုက်လံလှူဒါန်းသွားတဲ့အပေါ်မှာ မသိနားမလည်တဲ့ ပြည်သူတွေကိုမဲဆွယ်နေသလို ဖြစ်နေတာကြောင့် ဝေဖန်မှုတွေလည်းပေါ်ထွက်နေတာဖြစ်ပါတယ်။

ပြည်သူတွေ တောင်းထားတာကြာပြီဖြစ်ပေမယ့် ယခင်နှစ်ဘတ်ဂျက်မရှိတော့လို့ ဒီနှစ် ၂၀၂၀-၂၀၂၁ခုနှစ် ဘတ်ဂျက်နဲ့ ပေးအပ်တာဖြစ်တယ်လို့ ခေတ္တဝန်ကြီးချုပ်က ဆက်ပြောပါတယ်။

အောက်တိုဘာလ ၂၃ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၂၄ရွာကို သွားရောက်ထောက်ပံ့ပေးခဲ့တာပါ။

″ အကူအညီစတောင်းတာ ၁၀လပိုင်း ၃ရက်နေ့ပဲ၊ ပြီးတော့ တစ်ပတ်လောက်ပဲ အောက်ခြေကဝန်ထမ်းတွေ၊ ဌာနဆိုင်ရာတွေလာရောက်ကွင်းဆင်းပြီး ၂ပတ်အတွင်းမှာ ဒီအခြေအနေထိ ရောက်သွားတယ်၊ မြန်သွားတဲ့အခြေအနေက ကျနော့်အနေနဲ့က ဘုရားရဲ့ကောင်းကြီးလို့ပဲ ပြောရမလားမသိဘူးနော။ နောက်တစ်ခုက ဝန်ကြီးအပြောင်းအလဲတွေထဲမှာ၊ နောက်ပြီးတော့ ရွေးကောက်ပွဲမရှုပ်မရှင်းလေးထဲမှာ သူတို့ကိစ္စဝိစ္စတွေ ဖြတ်ချင်တာလည်း ပါနိုင်တယ်လို့ ကျနော်ထင်တယ်။ ″လို့ ဒီးမော့ဆိုမြို့နယ် အောင်

ချမ်းသာကျေးရွာ ဘုရားကျောင်းဖြစ်မြောက်ရေးကော်မတီ ဒုဥက္ကဌ သီအိုဒေါရိုသန်းစိုးက ပြောပါတယ်။
ဘာသာရေးပိုင်းမှာ ဌာနဆိုင်ရာအစိုးရအနေနဲ့ လာရောက်ကူညီတာ မရဖူးသေးတော့ အတိုင်းမသိဝမ်းသာကြောင်း ဒေါငံရောက်တိုက်နယ် ဘုန်းတော်ကြီးနေအိမ်ဆောက်လုပ်ရေး ဆပ်ကော်မတီ ဥက္ကဌ ဦးအေအူစတားဒီယိုက ပြောပါတယ်။

″ အတိုင်းမသိဝမ်းသာပါတယ် လိုအပ်တယ်ဆိုတော့ လာကူညီပေးတာ၊ နောက် တခါမှလည်းမရဖူးဘူးလေနော ဘာသာရေးနဲ့ ပြောမယ်ဆိုရင် နိုင်ငံတော်က ဒီအစိုးရက ပံ့ပိုးတာတော့ တခါမှမရှိသေးဘူး အခုလိုရတော့ ဝမ်းသာတာပေါ့နော။ ကျေးဇူးတင်ပါတယ်။ ″ လို့ပြောပါတယ်။

ဆက်လက်ပြီး ဒေါတီပို့၊ ဒေါရောက်ခူ၊ ဟိုဝမ်အထက်၊ ဟိုဝမ်အောက်၊ လိုဘာခို၊ ဆောင်ဒူ၊ ကုန်းသာ၊ ဒေါပေါ်ကူး၊ သေးဆူလဲရွာသစ်နဲ့ ဆီးလီဒုန်းကျေးရွာတို့မှာ အားကစားကွင်း ဖော်ဆောင်နိုင်ဖို့အတွက် ထောက်ပံ့ငွေကျပ် ၂၀ သိန်းစီနဲ့ ကွယ်သောဒေါကျေးရွာ အားကစားကွင်း ဖော်ဆောင်နိုင်ဖို့အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းတို့ကို ထောက်ပံ့ပြီး လိုဘာခိုကျေးရွာရွာလယ်လမ်းခင်းဖို့အတွက် ၁၀သိန်း၊
ဒေါပေါ်ကူးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးအတွက် ထိုင်ခုံ(၅၀)လုံး ဝယ်ယူနိုင်ဖို့ ငွေကျပ် ၂၂၅၀၀၀ကျပ် ၊ ဒေါကမီးကျေးရွာရေမော်တာ ဝယ်ယူနိုင်ဖို့အတွက် ငွေကျပ် ၅ သိန်း၊ သာယပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအတွက် ငွေကျပ် ၅ သိန်းနဲ့ လီဝိုးကျေးရွာ ခန်းမဆောင်လျှပ်စစ်မီတာ တပ်ဆင်နိုင်ဖို့အတွက် ငွေကျပ် ၄ သိန်း တို့ကို ထောက်ပံ့ပေးခဲ့တယ်လို့ ကယားပြည်နယ်အစိုးရဝက်ဘ်ဆိုဒ်ကတဆင့် သိရပါတယ်။

ဒေါငံရောက်တိုက်နယ် ဘုန်းတော်ကြီးနေအိမ်ဆောက်လုပ်ဖို့ နဲ့ ဘုရားကျောင်းဆောင် ဆောက်လုပ်ဖို့အတွက် အလှူငွေကို ဆောက်လုပ်ရေးကော်မတီဝင်တွေက အောက်တိုဘာလ ၃ရက်နေ့မှာ ပြည်နယ်ယာယီဝန်ကြီးချုပ်ဆီကို တိုက်ရိုက်သွားရောက်ပြီး တင်ပြတောင်းခံခဲ့ပြီး အောက်တိုဘာလ ၂၃ရက်နေ့မှာ ဝန်ကြီးချုပ်က လာရောက်ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

ယာယီဝန်ကြီးချုပ်က ″ အရင်ဝန်ကြီးချုပ်ဟောင်းလက်ထက်တုန်းက တောင်းထားတဲ့ဟာတွေပဲ။ ကျနော့်လက်ထက်မှာတော့ မဟုတ်ဘူး ″လို့ ပြောပါတယ်

ဒေါငံရောက်ကျေးရွာ တိုက်နယ်ကျောင်းထိုင် ဘုန်းတော်ကြီးကျောင်း နှစ်ထပ်ကျောင်းတိုက်သစ်တစ်ဆောင် ဆောက်ဖို့အတွက် ထောက်ပံ့ ငွေကျပ် ၃၀ သိန်း၊ အောင်ချမ်းသာကျေးရွာ ကက်သလစ်သာသနာဝတ်ပြုဆောင် ဆောက်ဖို့အတွက် ထောက်ပံ့ငွေကျပ် ၃၀ သိန်း၊ တနန်းဥကွိုင်ကျေးရွာ ဘင်ခရာနဲ့ဆက်စပ်ပစ္စည်းတွေ ဝယ်ယူဖို့အတွက် ထောက်ပံ့ငွေကျပ် ၆၀ သိန်း၊ ဆီးပူကုန်းကျေးရွာ နှစ်ခြင်းအသင်းတော်အိမ် ဆောက်လုပ်ဖို့အတွက် ထောက်ပံ့ငွေကျပ် ၃၀ သိန်း၊ ဒေါဆီးအီကျေးရွာ နှစ်ခြင်းအသင်းတော်ဆောင် ဆောက်ဖို့အတွက် ထောက်ပံ့ငွေကျပ် ၃၀ သိန်း၊ ဟိုဝမ်အထက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ခြံစည်းရိုးကာဖို့အတွက် ထောက်ပံ့ငွေကျပ် ၃၀ သိန်း၊ ဒေါကမီးကျေးရွာ ဘုရားကျောင်း ခေါင်းလောင်းစင်အတွက် ထောက်ပံ့ငွေကျပ် ၂၀ သိန်း၊ ဒေါဘူးခိုကျေးရွာ ဘုရားကျောင်း ပြုပြင်မွမ်းမံဖို့အတွက် ထောက်ပံ့ငွေကျပ် ၂၈၀ သိန်း၊ ဒေါဘူးကူးကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ဓမ္မာရုံပြုပြင်မွမ်းမံဖို့အတွက် ထောက်ပံ့ငွေကျပ် ၃၀ သိန်း၊ သာယပ်ကျေးရွာ တံခွန်တိုင်ခန်းမဆောင်အတွက် ထောက်ပံ့ ငွေကျပ် ၃၀ သိန်း၊ ကပ္ပါယ်ခူကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံကျောင်းဆောင်သစ်အတွက် ထောက်ပံ့ငွေကျပ် ၃၀ သိန်း၊ နမ့်စမ်ခမ်း(အောက်)ကျေးရွာ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်အတွက် ထောက်ပံ့ငွေကျပ် ၄၅ သိန်း၊ ခူးပရာထူးကျေးရွာ ဘုရားကျောင်း အုတ်တံတိုင်းကာဖို့အတွက် ထောက်ပံ့ငွေကျပ် ၃၀ သိန်း၊ လီဝိုးကျေးရွာ စိန်အားနာသီလရှင်ကျောင်း အဝင်လမ်းကျောက်ချောလမ်းခင်းဖို့အတွက် ထောက်ပံ့ငွေကျပ် ၃၀ သိန်းတို့ကိုထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts