spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ဘီလူးချောင်းပေါ်က မြို့တော်လွိုင်ကော်

Author

Date

Category

ဘိုထီး(ငွေတောင်ပြည်)ရေးသားသည်။

ဘီလူးချောင်းရေကိုတစ်ခါသောက်မိလျှင် နောက်တစ်ပြန် လာတတ်တယ်လို့အများက ပြောဆိုနေကြတဲ့ နေရာလေးတစ်ခုကတော့ ကယားပြည်နယ်ရဲ့ မြို့တော်လွိုင်ကော်မြို့ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဟိုအရှေ့တောင်ဘက်ခြမ်းဆီကို လှမ်းပြီးမျှော်ကြည့်လိုက်မယ်ဆိုရင် လွမ်းမောဖွယ်ကောင်းတဲ့ တောင်တန်းတွေနဲ့ သာယာရှုမောစရာကောင်းတဲ့ ကယားပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်ကို အားလုံးပဲမြင်မိကြမှာ သေချာပါတယ်။

ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အလှဆုံးမြို့တော်ထဲက တစ်မြို့အပါအဝင်ဖြစ်ပါတယ်။ အင်းလေးကန်ကနေစီးဆင်းလာတဲ့ ဘီလူးချောင်းရေဟာ ကယားပြည်နယ်ထဲကိုစီးဝင်တာကြောင့် လွိုင်ကော်မြို့ဆိုတာဖြစ်ပေါ်လာရတာပါ။

ကိန္နရီ ကိန္နရာတို့ စံပျော်နေရာဖြစ်တဲ့ဒွေးမယ်နော်တို့ရဲ့ ဌါနီငွေတောင်ပြည်ကို အလည်လာလိုတဲ့ရပ်ဝေးက ညီအစ်ကိုတိုင်းရင်းသားတွေဟာ ရှေးဦးစွာ လွိုင်ကော်မြို့ရောက်ရှိလာမျာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် မြို့တော်လွိုင်ကော်ဟာ ဒေသခံသွေးချင်းတိုင်းရင်းသားတို့နှင့် မြန်မာနိုင်ငံ တစ်နံတစ်လျားက ညီအစ်ကိုတိုင်းရင်းသားတို့ ဆုံစည်းရာ ပေါင်းကူးတံတားတစ်ခုပဲမဟုတ်ပါလား။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၀ဝပေမှာ ရှိတဲ့မြို့တော်လွိုင်ကော်ရဲ့ ဧရိယာ အကျယ်အဝန်းဟာ အရွယ်ပမာဏ အားဖြင့် မကြီးမားလှပေမဲ့ မြို့တော်ရဲ့ သာယာလှပမှု ဂုဏ်ဒြပ်တွေက မသေးငယ်လှပါဘူး။

နေရောင်ခြည်နဲ့ထိတွေ့တဲ့ အခါမှာ ရွှေရည်တဖိတ်ဖိတ်တောက်ပနေတဲ့ တောင်ကွဲစေတီနဲ့ မြို့နံစေတီတို့ဟာ မြို့တော်ရဲ့ဂုဏ်ကျက်သရေကို ဆောင်တဲ့ စေတီပုထိုးများဖြစ်ပါတယ်။ တသွင်သွင်စီးဆင်းနေတဲ့ ပိတရေတံခွန်ဟာဆိုရင်လည်း မနောစိတ်တွေကို ကြည်နူးအေးမြစေပါတယ်။

မြို့တော်လွိုင်ကော်ကို ကာရံထားတောင်တန်းတွေမှာ ဆိုရင်လည်း ရှုမဆုံး၊ ပျော်မဆုံး၊ ရေတွက်လို့မကုန်နိုင်တဲ့ ရောင်စုံပန်းများလှလှပပဖူးပွင့် နေတာကိုလည်းတွေရှိနိုင်မှာဖြစ်ပါတယ်။ လွိုင်ကော်မြို့ရဲ့ အနောက်ဖက်လယ်ကွင်းပြင်ကြီးဆီကို မျှော်ကြည့်လိုက်ရင်လေတိုက်တဲ့အခါတိုင်း ယိမ်းနွဲ့ကခုန်နေတဲ့ ရွှေဝါရောင်စပါးနှံတွေကို ကြည်နူးစွာ တစိမ့်စိမ့်ခံစားနိုင်မှာဖြစ်ပါတယ်။

လွိုင်ကော်မြို့အရှေ့ဖက် ၁ဝမိုင်ကျော်အကွာမှာရှိတဲ့ ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းစက်ရုံဟာ မြန်မာနိုင်ငံအတွက်ဂျပန်နိုင်ငံက စစ်လျှော်ကြေး အဖြစ်တည်ဆောက်ပေးခဲ့တာပါ။ လူဦးရေသုံးသောင်းနီးပါးရှိတဲ့ လွိုင်ကော်မြို့ရဲ့ အရှေ့ဖက်မှာဆိုရင် ရှားတောမြို့နယ်တည်ရှိပြီး အနောက်တောင်ဖက်မှာဆိုရင် ဒီးမော့ဆိုမြို့နယ်တည်ရှိပါတယ်။ မြို့တော်ရဲ့ အနောက်မြောက်ဖက်မှာက ဖယ်ခုံမြို့နယ်တည်ရှိပြီး မြို့တော်ရဲ့ မြောက်ဖက်မှာဆိုရင် ဆီဆိုင်မြို့နယ် တည်ရှိပါတယ်။

လွိုင်ကော်မြို့ကို မြန်မာသက္ကရာဇ် ၁၂၀၀၊ ကဆုန်လဆန်း၊ သောကြာနေ့မှာတည်ဆောက်ခဲ့ပါ တယ်။ အဲဒီအချိန်တုန်းက လွိုင်ကော်မြို့ကို သီရိဒေါလို့ပဲခေါ်ဆိုပါတယ်။ မြို့ကို စတင်တည်ထောင်ခဲ့တဲ့ ဦးသီရိကို အစွဲပြုပြီးသီရိဒေါလို့ ခေါ်ဆိုတာဖြစ်ပါတယ်။

မြို့တော်ကို သောကြာနေ့မှာ တည်ဆောက်တယ်ဆိုတာ ဦးသီရိဟာ သောကြာသားဖြစ်တာကြောင့် မြို့ကို သောကြာနေ့မှာ တည်ဆောက်ရတာဖြစ်ပါတယ်။ သီရိဒေါဆိုတာ ကယား(ကရင်နီ) စကားဖြစ်ပြီး ဦးသီရိမြို့လို့ အဓိပ္ပါယ်ရပါတယ်။ လွိုင်ကော်ဆိုတဲ့ စကားလုံးဟာ ရှမ်းစကားဖြစ်ပြီး လွိုင်ဆိုတာတောင်၊ ကော်ဆိုတာ သီးခြားတည်ရှိခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

ဒီနေ့ဒီချိန်ထိ သီးခြားတည်ရှိတဲ့ တောင်ကတော့ ဘီလူးချောင်းအနောက်ဖက်ရွှေတောင်ရပ်ကွက်က တောင်ပဲဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်အစိုးရရဲ့အုပ်ချုပ်မှု အောက်မှာရှိတဲ့ အချိန်တုန်းက ကယားပြည်နယ်ဟာ ကရင်နီပြည်နယ်တစ်ခုမဟုတ်ပါဘူး။ ကယားပြည်နယ်ဟာ ကန္တာရဝတီနယ် တစ်ခုဖြစ်ခဲ့ပါတယ်။ ကရင်နီဆိုတာ ကန္တာရဝတီနယ်မှာနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးစုကို ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့်ကယားပြည်နယ်ရဲ့မြိုကတော်ဖြစ်တဲ့ လွိုင်ကော်မြို့ကို ကန္တာရဝတီမြို့ဝ်ဆိုပြီး မော်ကွန်းမှတ် တိုင်စိုက်ထူထားတာ ယနေ့ထိတွေ့မြင်ရမှာ ဖြစ်ပါတယ်။

စစ်ဘေးစစ်ဒဏ်ကြောင့်လွိုင်ကော်မြို့ကိုသုံး ကြိမ်တိုင်တိုင် ပြန်လည်ပြုပြင်မွမ်းမံခဲ့ရပါတယ်။ ယနေ့အချိန်ထိတည်ရှိနေတဲ့ ထေးငှါးလျားရေကန်ဟာ ခရစ်သက္ကရာဇ် ၁၉၂ရခုနှစ် လောက်မှာ ကန္တာရဝတီစော်ဘွားကြီးစောခွန်လိက ဦးဆောင်ဆောက်လုပ်တဲ့ ရေကန်ဖြစ်ပါတယ်။

နောင်ယားကန်ကိုတော့ ဖရေ့မနေ့လို့ခေါ်တဲ့ ကန္တာရဝတီ အကြီးအကဲနှင့် သူ့ရဲ့ဆွေမျိုးတွေကတည်းဆောက်ထားတဲ့ ရေကန်ဖြစ်ပါတယ်။ လွိုင်ကော်မြို့မှာ စာသင်ကျောင်းကို ပထမဦးဆုံးတည်ဆောက်ခဲ့တဲ့ ပုဂ္ဂိုလ်ဟာအမတ်(ယခုခေတ်ခေါ်လွှတ်တော်) ဦးနီ ပဲဖြစ်ပါတယ်။

အမတ်ကြီးဦးနီကစပြီးတည်ဆေက်ထားတဲ့ စာသင်ကျောင်းကို မွန်အမျိုးသားဖြစ်သူဦးထွန်းမြတ်က ဆက်လက်ဦးစီးပြီးဆောက်လုပ်ထားပါတယ်။ ကယားပြည်နယ်ရဲ့ မြို့တော်လွိုင်ကော်မှာ နေထိုင်ကြတဲ့ ညီအစ်ကိုတိုင်းရင်းသားများဟာ ဒေသခံတိုင်းရင်းသားတွေမကပဲ အနယ်နယ်အရပ်ရပ်က လာရောက်နေထိုင်ကြတဲ့ တိုင်းရင်းသားအမြောက်အများပါရှိပါတယ်။ မိုင်းလုံး၊ ရွာတန်းရှည်၊ လင်ဖုံလေး၊ လယ်တွဲ၊ ကုန်းဆို့၊ ကျောက်ကြီး၊ ပိန်းချစ်၊ လင်ဖုံကြီး၊ ကွန်နား(အောက်)စတဲ့ကျေးရွာမှာ နေထိုင်ကြတဲ့တိုင်းရင်းသားများဟာ ရှမ်းပြည်တောင်ပိုင်းက လာရောက်နေထိုင်ကြတဲ့ ညီအစ်ကိုတိုင်းရင်းသားများဖြစ်ကြပါတယ်။

ကရင်ပြည်နယ်အရှေ့မြောက်ဖက်က လာရောက်နေထိုင် ကြတဲ့ တိုင်းရင်းသားများကတော့ ဒေါဥခူ၊ ပိုးစာခြံနှင့်လောပိတကျေးရွာမှာ အချို့နေထိုင်ကြတာကို တွေ့ရှိရပါတယ်။ မင်္ဂလာ၊ ရွှေတောင်ရပ်ကွက်ရှမ်းပိုင်း၊ မင်းစု၊ လေဓမနှင့် နန်းပဝါမှာနေထိုင်နေကြတဲ့ တိုင်းရင်းသားများဟာ မန္တလေးတိုင်းက လာရောက်နေထိုင်ကြတဲ့ ညီအစ်ကိုတိုင်းရင်းသားတွေဖြစ်ကြပါတယ်။ နာနတ်တော၊ ကုန်းသာ၊ ကယန်းသာယာ(တောင်၊မြောက်) သပြေကုန်း၊ ဒေါတနောနှင့် လွိုင်လင်လေးမှာနေထိုင်ကြတဲ့ တိုင်းရင်းသားများဟာ ဖယ်ခုံမြို့နယ်တောင် ဖက်က ယားပြည်နယ်အနောက်ဖက်ကလာရောက်ကြတဲ့ ညီအစ်ကိုတွေဖြစ်ကြပါတယ်။

ကယားပြည်နယ်ရဲ့ မြို့တော်လွိုင်ကော်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူအားလုံးစစ်မှန်တဲ့ မြို့သူမြို့သားဟုတ်မဟုတ်ဆိုတာ ဒေသခံဖြစ်ခြင်းမဖြစ်ခြင်းက အဓိက မဟုတ်ပါဘူး။ မြို့တော်ကိုအမှတ်တကယ်ချစ်မြတ်တဲ့သူ ဘယ်သူမဆိုစစ်မှန်တဲ့မြို့သူမြို့သားများ ဖြစ်ကြပါတယ်။ အဝေးကလာရောက်နေထိုင်ပေမယ့် မြို့တော်ကို အမြတ်တနိုးထားတယ်ဆိုရင် ဒါဟာစစ်မှန်တဲ့မြို့သူမြို့ သား တစ်ဦးလိုသတ်မှတ်လို့ရပါတယ်။ ဒေသခံဖြစ်ပေမဲ့ကိုယ့်ရဲ့ မြို့တော်အပေါ်မှာ စေတနာစိ်တ်မထားရှိ ဘူးဆိုရင် စစ်မှန်တဲ့မြို့သူ/သား တစ်ဦးလို့ သတ်မှတ်လို့မရပါဘူး။

မြို့တော်အကျိုးထက် ကိုယ်ကျိုးအတွက် စီးပွားရေးလုပ်ငန်းများကိုပဲ ဦးစားပေးလုပ်ဆောင်တာဟာ စစ်မှန်တဲ့ မြို့သူ/သား တစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့အရည်အချင်းမဟုတ်ပါဘူး။ အချင်းချင်းကြားမှာ စည်းလုံးညီညွှတ်မှုတစ်ခုကို တည်ဆောက်မည့်အစားတစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်ပြီးမြေယာ ပိုင်ဆိုင်ဖို့ ကြိုးစားနေတာဟာ မြို့တော်ရဲ့ ဂုဏ်ကျက်သရေကို ညိုနွမ်းစေနိုင်ပါတယ်။

ဘီလူးချောင်းရေကိုတစ်ခါသောက်မိတဲ့သူအားလုံး နောက်တစ်ခေါက်အလည်လာနိုင်မည့် မြို့တော်လွိုင်ကော်။ စပ်ရှိန်းရှိန်းအရသာရှိတဲ့ ကယားဝက်အူချောင်းနှင့်တောင်ခြေက ခေါင်ရည်ကို သောက်သုံးနိုင်တဲ့ မြို့တော်လွိုင်ကော။ ခြေတိုအောင်လျှောက်လည်နိုင်တဲ့ကယားဒေး ပွဲတော်ကိုတစ်နှစ်တစ်ခါကျင်းပပေးတဲ့ မြို့တော်လွိုင်ကော်။ ချစ်သူနှစ်ဦးဘဝသက်ဆုံးတိုင်ပေါင်းကြဖို့ တောင်းဆုပြုနိုင်တဲ့ တောင်ကွဲစေတီတည်ရှိရာမြို့တော်လွိုင်ကော်။ အနယ်နယ်အရပ်ရပ်ကလာရောက် နေထိုင်ကြတဲ့တိုင်းရင်းသားပေါင်းစုံရောင်စုံပန်းများ ဆုံစည်းရာ ကယားပြည်နယ်၏ နှလုံးသားမြို့တော် လွိုင်ကော်အစဉ်ထာဝရ တည်တံ့ဖွံ့ဖြိုးတိုးတက်နိုင်ပါစေ။

spot_img
spot_img

Recent posts