spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

မက်ခွင့်မရသေးတဲ့အိပ်မက် နှင့် ၃ ဘာသာ ဂုဏ်ထူးရှင်

Author

Date

Category

စိုးထိုက်အောင်/အန်ထော်နီ

အင်မတန် ချို့တဲ့တဲ့ မိသားစုကနေ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ရင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး ၃ ဘာသာနဲ့ အောင်မြင်ပြီး ဆေးကျောင်းတက်ဖို့အထိ ကြိုးစားနိုင်ခဲ့တဲ့ မချိုဇင်ငြိမ်းက မျက်နှာပေါ်မှာ စီးကျနေတဲ့ မျက်ရည်တွေကို သုပ်ရင်း သူ့ရဲ့ ဘဝအကြောင်းကို ပြောပြ နေပါတယ်။

“အဆင်မပြေလောက်ဘူး အိမ်မှာလည်း အမေတစ်ယောက်တည်း ရုန်းကန်နေရတယ်ဆိုတော့ ညီမလည်း အောက်မှာအငယ်နှစ် ယောက်ရှိသေးတယ် ကိုယ်ကအကြီးဆုံးဆိုတော့ အဆင်ပြေမယ်လို့တော့ မထင်ပါဘူး”

မိသားစုအခက်အခဲကြောင့် ပညာရေးကိုစွန့်လွတ်လိုက်ရချိန်

မချိုဇင်ငြိမ်းသည် ၂၀၁၇-၁၈ ပညာသင်နှစ်က စတင်ကာ ဒသမ တန်းကို စတင်တက်ရောက်ခဲ့သော်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖို့ ဖောင်တင်ပြီးချိန်မှာပဲ မိသားစုတစ်ခုလုံးရဲ့ စားဝတ်နေရေးနဲ့ ပညာသင်စရိတ်ကို တာဝန်ယူထားရတဲ့ အမေဖြစ်သူ လိပ်ခေါင်း ရောဂါဝေဒနာကို ခံစားနေခဲ့ရတာကြောင့် အောင်မြင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ထားခဲ့ပေမယ့် ဖြေဆိုမယ့် အခွင့်အရေးကို စွန့်လွှတ်ခဲ့ရပါတယ်။

မချိုဇင်ငြိမ်ရဲ့ ဖခင်ဖြစ်သူဟာ သူမ အသက် ၅ နှစ်အရွယ်ကတည်းက မိသားစုကို စွန့်ခွာသွားခဲ့ပြီးနောက် မိခင်ဖြစ်သူ တစ်ဦးတည်းကသာ မိသားစု စားဝတ်နေရေးနဲ့ ကလေးပညာရေးကို ရုန်းကန်ဖြေရှင်းခဲ့ရတာပါ။ မချိုဇင်ငြိမ်းအနေနဲ့ကတော့ အဖေရှိရင် ပိုအဆင်ပြေမယ်လို့လည်း ဝမ်းနည်းစွာပြောပြလာပါတယ်။

ဒါ့အပြင် သူမရဲ့ အဖွားဟာလည်း ကင်ဆာရောဂါဝေဒနာကို ခံစားနေခဲ့ရတာကြောင့် ဖခင်မရှိတော့တဲ့ မချိုဇင်ငြိမ်းက အဲ့ဒီချိန်ကစပြီး မိသားစု စားဝတ်နေရေး၊ အဖွားနဲ့အမေရဲ့ ဆေးကုသမှု စရိတ်အားလုံးနဲ့ ညီမငယ် နှစ်ဦးရဲ့ ပညာသင်စရိတ်အားလုံးကို မချိုဇင်ငြိမ်းက ပန်ရံ၊ အုတ်ခဲသယ်၊ လယ်စိုက် စတဲ့အလုပ်ကြမ်းတဲ့ကို လုပ်ပြီး ခက်ခက်ခဲခဲ ရှာဖွေရတာကြောင့် ဝမ်းနည်းကြေကွဲစွာဖြင့် ပညာရေးကို စွန့်လွှတ်ခဲ့တာပါ။

“ညီမပထမနှစ်ကတည်းက ဖြေရင်အောင်မယ်မှန်းညီမသိတယ်။ ဒါပေမယ့်တော့ အိမ်ကအဆင်မပြေတာရယ် အဲ့လိုမိသားစုကျန်းမာရေး ပြသာနာကြောင့်ရယ်ဆိုပြီးတော့ ခဏနားလိုက်ပြီးတော့ အမေကိုအလုပ် ထွက်လုပ်ကူတာပေါ။ ပန်ရံတွေလုပ်တယ်၊ အုပ်တွေသယ်တယ်၊ လယ်ထဲ တွေဆင်းကူတယ်” လို့ မချိုဇင်ငြိမ်း ကပြောပါတယ်။

ကိုယ်ပိုင်မဟုတ်တဲ့ ဝါးထရံအိမ်လေး

ကျပန်းအလုပ်စုံ လုပ်ပြီး ခက်ခက်ခဲခဲ စားဝတ်နေရေး ဖြေရှင်းနေရတဲ့ မချိုဇင်ငြိမ်းအတွက် နေထိုင်ဖို့ အိမ်ပိုင်မရှိတာကလည်း ထိုးနှက်ချက်ကြီး တစ်ခုပါပဲ။

ယခုဆိုရင် ငွေတောင်ကျေးရွာမှာရှိတဲ့ ဦးလေးခြံဝိုင်းထဲမှာ ဝါးထရံ အိမ်သေးသေးလေးဆောက်ပြီး ခိုကပ်နေထိုင်ခဲ့တာ ၆ နှစ်လောက်ရှိပြီလို့ မချိုဇင်ငြိမ်း ကပြောပါတယ်။

“အခက်အခဲတွေကတော့ အငယ်နှစ်ယောက်အတွက်လည်းရှိ သေးတယ်။ ပြီးရင် ဒီခြံအကြွေးတွေလည်းရှိသေးတယ်ရှင့်။ ခြံအကြွေး ဦးလေးခဏပေးနေထားလို့ ဒီမှာတဲထိုးနေတဲ့ပုံစံမျိုးပဲ။ ခြံကိုယ်ပိုင် မဟုတ်သေးဘူး ပြောမယ်ဆိုရင် အခက်အခဲတွေတော့အများကြီးရှိတယ်ပေါ နေစရာတောင်မှ ကောင်းကောင်းမရှိဘူး”

ဝါးထရံအိမ်သေးသေးလေးထဲမှာ အခန်းနှစ်ခန်းရှိပြီး အခန်းတွေကို အောက်ပိုင်း သုံးထပ်သား အပေါ်ပိုင်းကို အဝတ်စတွေနဲ့သာ ကာထား ပြီးတော့ အိပ်ခန်းတစ်ခန်းတည်းမှာ မိသားစု ၄ ယောက်လုံးစုပြီး အိပ်ကြပါတယ်။

အိမ်ရှေ့မှာထွက်နေတဲ့ ၅ ပေပတ်လည်ခန့်သာရှိတဲ့ ဝါရံတာ ဟာဆိုရင်လည်း ထမင်းအိုး၊ ဟင်းအိုး၊ ပန်ကန်တွေ ပြည့်နေပြီးတော့ ထိုနေရာမှာပဲ ချက်ပြုတ်စားသောက်ကြပါတယ်။

အကြွေးနွံ

နောက်တစ်နှစ် ၂၀၁၈-၁၉ ပညာသင်နှစ်မှာတော့ ကျောင်းတက် ရောက်နိုင်ခြင်း မရှိပေမယ့် အပြင်ဖြေစနစ်နဲ့ ပညာရေးကို အရှုံးမပေးဘဲ ဆက်လက် ဆည်းပူးဖို့ ကြိုးပမ်းခဲ့သော်လည်း အဖွားနဲ့အမေရဲ့ ဆေးကုသမှု စရိတ်တွေကြောင့် တင်နေခဲ့တဲ့ အကြွေးတွေကို ဆပ်ဖို့ ကြိုးစားရင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုမယ့်အခွင့်အရေးကို နောက်တစ်ကြိမ် စွန့်လွှတ်ခဲ့ရပါတယ်။

မချိုဇင်ငြိမ်းက “ဒုတိယနှစ်ရောက်ပြန်တော့လည်း အမေနဲ့ အဖွားရဲ့အကြွေးတွေကျန်သေးတယ်လေး အဲ့လိုနဲ့အဆင်မပြေတော့ မဖြေတော့ဘူး။ အဲ့လိုပဲ ဒုတိယနှစ်လည်း မဖြေတော့ဘူး အဲ့လိုပဲ အမေနဲ့ပိုက်ဆံလိုက်ရှာကူတယ်”

အောင်မြင်မှုနှင့် မပြည့်စုံသေးတဲ့အိပ်မက်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာတော့ မချိုဇင်ငြိမ်းဟာ ရေသန့် စက်ရုံတစ်ခုမှာ အလုပ်လုပ်ရင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြန်လည် ဖြေဆိုဖို့ ထပ်မံကြိုးစားခဲ့ရာမှာ ဂုဏ်ထူး ၃ ဘာသာဖြင့် ကယားပြည်နယ် အဆင့် ၉ နေရာဆိုတဲ့ ဂုဏ်ယူဖွယ် အောင်မြင်ခဲ့ပါတယ်။

“ ထားချင်တာပေါ့ ဒါပေမယ့်လို့ ကိုယ်ကမပြေလည်တော့ မထားပေး နိုင်ဘူးလေး ကလေးကို၊ ကလေးကတော့ သူ့ရည်ရွယ်ချက်ကြီးကြီးနဲ့ (အမေ…သမီးကတော့ဆေးကျောင်းတက်ချင်တယ်တဲ့) အမေကတော့ မထားပေးနိုင်ဘူးပေါ့ ဒါပေမယ့် ကံကောင်းရင်တော့ သူများအလှုုရှင်ရှိရင် တော့သမီးတက်လို့ရရင်ရမှာပေါ့ အဲ့လိုပဲ သူ့ကိုနှစ်သိပ့်ပေးနေရတယ်” လို့ အမေဖြစ်သူ ဒေါ်ဗီးယာ ကသိမ်ငယ်စွာ ပြောပြလာပါတယ်။

အောင်မြင်မှု၏အရင်းအမြစ်

ယခုလို အောင်မြင်မှုဟာ မချိုဇင်ငြိမ်း ၅ တန်းနှစ်ကတည်းကပင် ပညာရေးကို ဆက်လက် ဆည်းပူးစေချင်တဲ့ အထက (၂) ငွေတောင်မှာ အလယ်တန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသူ ဆရာမ ဒေါ်ခင်မြင့်ကြည်ရဲ့ ကြီးမားတဲ့ ပံ့ပိုးမှုတွေနဲ့ အကူအညီတွေ ပါဝင်ပါတယ်။ ဆရာမ ဒေါ်ခင်မြင့်ကြည်ဟာ သူမအိမ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အပြင်ဖြေမယ့် မချိုဇင်ငြိမ်းကို အခမဲ့ ပညာသင်ကြားပေးခဲ့သူပါ။

မချိုဇင်ငြိမ်းအနေဖြင့် ပညာရေးကိုလည်းမစွန့်လွတ်ချင် မိသားစုစားဝတ်နေနေရေးလည်း လိုအပ်တဲ့အခြေအနေမျိုးမှာ ဆရာမ ဒေါ်ခင်မြင့်ကြည်၏ လက်တွဲခေါ်မှုနောက် အကောင်းဆုံးလျှောက်လှမ်းခဲ့ပါတယ်။

“ သူကတော့ ငယ်ငယ်ကတည်းက ရည်ရွယ်ချက်ကြီးတဲ့ ကလေး ဖြစ်တယ်။ ရည်ရွယ်ချက်ကြီးတော့ ဆယ်တန်းရောက်တဲ့ခါကျတော့ သူကဘယ်လောက်ပဲတော်နေပါစေ အဘေးကနေကူတဲ့လူရှိမှဖြစ်တာ။ အဲ့တော့ ၅ တန်းနှစ်ကတည်းကနေ အိမ်မှာစာခေါ်သင်ပေးတယ်။ ကလေးကလည်း ဉာဏ်ရည်ကသူများနှင့်မတူဘူး နောက်သူတို့မိဘကလည်း အဖေလည်းမရှိခါကျတော့ ၅တန်း၊ ၆တန်း၊ ၇တန်း၊ ၈တန်း၊ ၉တန်း နှစ်အထိ စာခေါ်သင်ပေးတာပေါ့။ ၁၀ တန်းနှစ်ရောက်ခါကျတော့ ဒီအတိုင်းပဲ အိမ်မှာထားလို့မဖြစ်ဘူးဆိုပြီးတော့မှ ကျမအိမ်မှာခေါ်ထားလိုက်တာ”

မချိုဇင်ငြိမ်း ကတော့ ဆေးကျောင်းကိုတက်ချင်ပေမယ့်လည်း မိသားစုက ငွေရေးကြေးရေးမတတ်နိုင်တာကြောင့် ဆေးကျောင်း တက်ဖို့အတွက် အခက်အခဲဖြစ်နေပါတယ်။

ဆေးကျောင်းတက်ဖို့အတွက် အလှုုရှင်လိုအပ်နေတဲ့ မချိုဇင်ငြိမ်း ကတော့ သူမရဲ့ပန်းတိုင်ကိုအရောက်လှမ်းချင်ပေမယ့် မိသားစုရဲ့ ငွေရေးကြေးရေး ပြသနာက ကြီးမားသောအဟန့်အတားတစ်ခုအဖြစ် ရှိနေပါတယ်။

ဆေးကျောင်းကို တက်ဖို့က၃ဘာသာဂုဏ်ထူးနဲ့အောင်မြင်တာက အမှတ်မမှီပေမဲ့ ကယားပြည်နယ်မှာ တောင်ကြီးနယ်စပ်ဆေးတက္ကသိုယ်မှာ ယခင်နှစ်က အမှတ်ပေါင်း ၄၃၀ကျော်လောက်ဆိုရင်တောင်မှ တက်ခွင့်ရတဲ့အတွက် မချိုဇင်ငြိမ်းရဲ့အမှတ်ပေါင်း ၄၅၁မှတ်နဲ့ဆိုရင် တောင်ကြီးနယ်စပ်ဆေးတက္ကသိုလ်ကို မှီဖို့က သေချာသလောက်ရှိပေမဲ့ သူမရဲ့ရည်မှန်းချက်ကိုပြည့်မှီအောင်ကြိုးစားဖို့အတွက်က ငွေကြေးအခက်အခဲတွေနဲ့မိသာစုပြသနာတွေ ရှိနေတယ်လို့ သူမဆရာမဒေါ်ခင်မြင့်ကြည်က ဆိုပါတယ်။

အနာဂတ်ပညာရေးအခက်အခဲ

အခုလိုတက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၃ ဘာသာဖြင့် အောင်မြင် ထားပေမယ့်လည်း မချိုဇင်ငြိမ်းတစ်ယောက် သူမရဲ့ရည်မှန်းချက်ဖြစ်တဲ့ ဆေးကျောင်း ကိုတက်နိုင်ဖို့ အခက်အခဲရှိနေပါတယ်.

အလှူရှင်မရှိရင်တော့ အဝေးသင်တက်ပြီ အလုပ်ပဲလုပ်တော့မယ်လို့ မချိုဇင်ငြိမ်း ကပြောပါတယ်။

“ညီမနိုင်တာပဲလုပ်ရတော့မှာပေါ အဝေးသင်ဆိုလည်း အဝေးသင် ဖြေပြီးတော့မှ အလုပ်ဆက်လုပ်ရတော့မှာပေါ။ အမေကိုကူ ညီမလေး တွေကိုလည်း ထောက်ပေးရမယ်ဆိုတော့” 

သူမ၏အမေဖြစ်သူ ဒေါ်ဗီးယာ ကလည်း“ သူ့ကိုမထားနိုင်ဘူး ဆိုတော့လည်း သမီးကိုအလုပ်လုပ်ရင်းနဲ့အဝေးသင်ဖြေပေါ့။ နောက်ဆုံး တော့အဲ့လိုပဲ ရှိတော့မှာပဲလေ။ ကိုယ်ကလည်း မထားပေးနိုင်ဘူးကော။” ပြောပါတယ်။

“ ကိုယ့်ကလေးတွေကိုတော့ အကုန်လုံး ပညာတတ်စေချင်တယ် အဲ့လိုမျိူး။ ဒါပေမဲ့ကိုယ်က မထားပေးနိုင်တဲ့ခါကျတော့ မိဘတစ်ယောက် အနေနဲ့တော့ တာဝန်လဲမကျေခဲ့ဘူးပေါ့နော် မလုပ်ပေးနိုင်တော့ ကိုယ့်ကို ကိုလည်း အပြစ်တင်မိတယ် အဲ့လိုမျိုးပေါ့နော်။ အဲ့ဒါကို ရင်ထဲမှာ ကို မကောင်းဘူး အဲ့လိုဖြစ်တယ်။ ဘာဖြစ်လဲဆို ဆင်းရဲတာလည်း အပြစ် သဘောမျိုးပဲ ကိုယ့်ကိုလည်း ခံစားရတယ်။” လို့ဆက်ပြောပါတယ်။

မချိုဇင်ငြိမ်း၏ စုစုပေါင်းရမှတ်မှာ ၄၅၂ မှတ်ရရှိပြီး ဆေးတက္ကသိုလ်ကို တက်ရောက်ဖို့ အမှတ်မမှီပေမယ့် တောင်ကြီးနယ်စပ်ဒေသ ဆေးကျောင်း တက်က္ကသိုလ်ကိုတက်ဖို့ လုံလောက်တဲ့အမှတ်ဖြစ်ပါတယ်။

သို့ပေမယ့်လည်း သူမ၏ငွေကြေးအခက်အခဲများကြောင့် သူမ မက်ချင်သောအိမ်မက်ကို ဆက်မမက်ရဲပဲ လက်လွတ်ဆုံးရှုံးရမည့် အခြေ အနေမျိုးဖြစ်နေပါတယ်။

ကယားပြည်နယ်တွင် သူမလိုမျိုး အထက်တန်းကိုအောင်မြင်ပြီး မြောက်ပေမယ့် အခက်အခဲမျိုးစုံကြောင့် ပညာရေးကိုဆက်လက် မတက်လှမ်းနိုင်ပဲ တစ်ဝက်တစ်ပျက် နားလိုက်ရတာမျိုးတွေ အများကြီး ရှိနေပါတယ်။

ကယားပြည်နယ်တွင်နယ်တွင် ပညာရေးလှုပ်ရှားသောအဖွဲ့အစည်းများရှိပြီး အဓိကပညာရှာသည့်အချိန်မှာပဲ ကူညီထောင့်ပံပေးတာရှိသလို ကျောင်းပြီးသွားရင်ဆက်လက်ကူညီထောင့်ပံပေးနိုင်ခြင်းမရှိတာဟာ လည်း အကြောင်းအမျိုးမျိုးကြောင့်ထင်ပါတယ်။

ထိုအဖွဲ့အစည်းအများထဲမှ ပညာရေးဖွံဖြိူးရေးကို ဆောင်ရွက်နေတဲ့ မော်ဒူကလျားမေးဘော်ဒါဆောင် အနေဖြင့် ကူညီပံပိုးပေးနိုင်တာမျိုးမရှိသေးပေမယ့် scholarship တွေလေလျှာက်ကြည့်စေချင်တယ်လို့ မော့ဒူကလားမေးဘော်ဒါဆောင် စရင်းကိုင် ဒေါ်ခင်ငြိမ်းချမ်း ကပြော ပါတယ်။

“ လောလောဆယ်မှာက ကျမတို့အဖွဲ့အနေနဲ့ကလည်း ကူညီပံပိုးပေးနိုင်တာတွေလည်း မလုပ်နိုင်သေးဘူးပေါနော်။ နောက်ပြီး တော့ တစ်ကယ်လို့ကလေးတွေက ပညာကိုဆက်လက်သင်ကြားဖို့အခက် အခဲရှိတဲ့ကလေးတွေဆိုရင် သူများတွေရဲ့သတ်မှချက်နဲ့ကိုက်ညီတယ်၊ အမှတ်လည်းများတယ်ဆိုရင်တော့ scholarship တွေရှိတယ်ပေါနော်။ scholarship ရှိတဲ့အခါမှာ သူတို့အနေနဲ့ကတော့ ဆက်ပြီးတော့မှ လျှောက် လို့လည်းရတယ် ကြိုးစားဖို့အခွင့်အရေးလည်းရှိတယ်ဆိုတာကို ကျမ အနေနဲ့ပြောချင်တယ်။” လို့ ပြောပါတယ်။

မော့ဒူကလားမေးဘော်ဒါဆောင်သည် ဝေးလံခေါင်းပါး သော ဒေသတွင်ရှိတဲ့ ကလေးများကိုဦးစားပေးတဲ့ဘော်ဒါဆောင်ဖြစ်သည် နှင့်အညီ ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မော့ဒူကလား မေးဘော်ဒါဆောင်မှ ဖြေဆိုသူ ၁၆ဦးအနက် ၆ ဦးအောင်မြင်ပြီး ၄၀ ရာခိုင်နှုန်းနီးပါးရှိတယ်လို့သိရပါတယ်။

ယခုခေတ်နောက်ပိုင်းတွင်လည်း scholarship ပေးသော အဖွဲ့အစည်း များ ပိုမိုပေါ်ပေါက်လာပြီး ပညာရေးဆက်လက် တက်လှမ်းရန်ခက်ခဲသော ကျောင်းသူ/ သား‌တွေအတွက် ကြီးမားသောအခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။

တစ်နေ့တာအမေားဖြေချိန်

ဒေါ်ဗီးယာ ရဲ့မိသားစုက ဆင်းရဲပေမယ့်လည်း သူမ၏သမီးများက လိမ္မာရေး ခြားရှိကြတဲ့အတွက်ကြောင့် ဒေါ်ဗီးယာအတွက် ပင်ပန်းရ ကျိုးနပ်စေပါတယ်။ 

ဒေါ်ဗီးယာနှင့် သမီးဖြစ်သူ မချိုဇင်ငြိမ်း တို့သားအမိနှစ်ဦး အလုပ် မသွားခင်မှာ နံနက်စာကို ကိုယ်တိုင်ချက်စားကြပြီး ညနေအလုပ် ဆင်းချိန်မှာတော့ အိမ်မှာကျန်နေတဲ့ သမီးငယ်နှစ်ယောက်က ညနေစာကို ချက်ထားနှင့်ပြီး မိသားစု ၄ ယောက်ထမင်းလက်စုံစားနေကြပါတယ်။ ထမင်းစားပြီး ည ၇ နာရီအချိန်လောက်မှာတော့ TV ကြည့်ပြီး အနားယူကြတဲ့ မြင်ကွင်းဟာ မြင်တွေ့ရသူအဖို့ ကြည်နူးစရာကောင်းလှပါတယ်။

spot_img
spot_img

Recent posts