spot_imgspot_imgspot_imgspot_img
Wednesday, April 17, 2024
spot_imgspot_imgspot_imgspot_img

မနေ့က ရှားတောတိုက်ပွဲမှာ KNDF (၃)ဦးကျဆုံးခဲ့

မော်မီမြာ (ကန္တာရဝတီတိုင်း(မ်))

ရှားတောမြို့နယ်က စစ်ကောင်စီရဲ့ စခန်းတစ်ခုဖြစ်တဲ့ အန္တာရာယ်ကွေ့စခန်း ကို KA, KNDF တို့ ပူးပေါင်းကာ မနေ့က ( မေလ ၁၇ရက်) ဝင်ရောက် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဖက်က ကျဆုံးသလို KNDF က ရဲဘော် ၃ ဦးလည်း ကျဆုံးခဲ့တယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ရှားတောမှာ KA, KNDF တို့ရဲ့ ပထမဆုံး စစ်ကောင်စီစခန်းကို ဝင်ရောက် တိုက်ခိုက်တာဖြစ်ပြီး မနက် ၅နာရီကနေ ၈ နာရီခွဲ အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

“ ၃နာရီကျော်ကြာမြင့်ခဲ့တဲ့ တိုက်ပွဲမှာတော့ နှစ်ဦးနှစ်ဖက် အကျအဆုံးတွေတော့ ရှိခဲ့တယ်ပေါ့။ ကျနော်တို့ KA, KNDF ပူးပေါင်းတပ်ဖက်မှာတော့ ၃ဦး ကျခဲ့တယ်ပေါ့လေနော။ ပြီးတော့မှ ဒဏ်ရာလည်းတချို့ရခဲ့တယ်။ တချို့ ဒဏ်ရာတွေက စိုးရိမ်ရသလို တချို့ ဒဏ်ရာတွေလည်း မစိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်။ အကြမ်းဖက် စစ်ကောင်စီဖက်ရဲ့ ကျရှုံးမှု အခြေအနေ ပြီးတော့မှ ထိခိုက်ဒဏ်ရာရမှု အခြေအနေတွေတော့ ယနေ့အထိ ကျနော်တို့ သတင်းတွေ မရသေးပါဘူး။ သို့သော် သူတို့ဖက်မှာတော့ ထိခိုက်တာတွေ ကျရှုံးတာတွေ ရှိတယ်ဆိုတဲ့ အနေအထားလောက်မှာပဲ ကျနော်တို့ သိရတာပေါ့။ “ လို့ KNDFတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကရင်နီတပ်မတော်(KA) နဲ့ KNDF တပ်ရင်း (၂) ၊ (၁၂) ၊ (၁၄) ၊ (၁၇) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တပ်ရင်း (၂) ရဲဘော်တစ်ဦး နဲ့ တပ်ရင်း (၁၄)က ရဲဘော် နှစ်ဦး ကျဆုံးခဲ့ရတာဖြစ်ပါတယ်။

အနီးအနား ကျေးရွာက ပြည်သူတွေတချို့ တိမ်းရှောင်ကြတာရှိပေမယ့် မတိမ်းရှောင်သေးတဲ့ ပြည်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ရှားတော-လွိုင်ကော်လမ်းမှာ သွားလာနေတဲ့ ပြည်သူတွေဆီကနေ စစ်ကောင်စီက ရိက္ခာမှာယူတာတွေရှိနေတဲ့အတွက် မေလ (၁၆)ရက်နေ့ကနေစပြီး ရှားတော-လွိုင်ကော်လမ်းကို ယာယီ ပိတ်ထားကြောင်း KNDF B-17က မေလ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

“အဓိက လမ်းသွားလမ်းလာတဲ့နေရာမှာ အဓိက ပြည်သူလူထုရဲ့ စားဝတ်နေရေးကို သွားဖို့လာဖို့ လုပ်နေတဲ့အချိန်မှာ စစ်ကောင်စီဖက်ကတော့ ပြည်သူလူထုကို ခြိမ်းခြောက်ပြီးတော့မှ သူတို့ရဲ့ ရိက္ခာတွေ ဘာတွေကို ပို့ဆောင်ခိုင်းတာတို့ အဲ့လိုပုံစံတွေရှိနေတယ်ပေါ့လေ။ အဲ့ဒီ ဥစ္စာနဲ့ ဆက်စပ်ပြီးတော့မှ ဒီစစ်ကောင်စီတွေရဲ့ ယန္တာရား သက်ဆိုးရှည်ရေးအတွက် အကျိုးပြုမယ့် ဥစ္စာတွေနဲ့ ပတ်သက်ပြီးတော့မှ ရပ်တန့်ဖို့ တပ်ရင်း ၁၇က စာတစ်စောင် ထုတ်ခဲ့တာရှိတယ်ပေါ့။“ လို့ KNDFတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရှားတော ဖက်မှာဆိုရင်လည်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်သလို ရှားတော-လွိုက်ကော် လမ်းမကြီးကိုလည်း အသုံးမပြုကြဖို့လည်း တိုက်တွန်းထားပါတယ်။

spot_img
spot_img