spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

မယ်တော်ရုပ်ထု ဖျက်စီးသူများကို သက်ဆိုင်ရာမှ ဖော်ထုတ်အရေးယူပေးစေလို

Author

Date

Category

ကန္တရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ဘန့်ဘားကျေးရွာအုပ်စု တတန်ကူးကျေးရွာနယ်နမိတ်မှာရှိတဲ့ ရားရေတံခွန်မှာ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေ တည်ထားတဲ့ မယ်တော်ရုပ်တုဖျက်ဆီးခံရမှု အတွက် အရေးယူပေးဖို့ကို သက်ဆိုင်ရာကို တောင်းဆိုထားတယ်လို့ ကယန်းအမျိုးသားညီညွတ်ရေးဦးဆောင်ကော်မတီ အတွင်းရေးမှူး ခွန်းတင်နုက ပြောကြားလိုက်ပါတယ်။

“ နံပတ်တစ်က ကျူးလွန်သူတွေကိုဖော်ထုတ်ပြီးမှ အရေးယူပေးမှ ကျနော်တို့ဘက်က ကျေအေးပေးနိုင်မှာပေါ့နော်၊ နောက်တစ်ခုက နောက်နောင်ဒီလိုထပ်မဖြစ်အောင် ကျနော်တို့က တားမြစ်လုပ်ဆောင်ပေးဖို့ဆိုတဲ့အချက်နှစ်ချက်ကို ကိုင်စွဲထားတာပေါ့နော်” လို့ ခွန်းတင်နုက ပြောပါတယ်။

ဇန်နဝါရီလ (၁၈)နှင့် (၁၉)မနက်ပိုင်းလောက်မှာ လူတစုက လက်နက်တွေ ကျောက်တုံးတွေနဲ့ ပစ်ပေါက် ဖျက်ဆီးခံခဲ့ရတာပါ။

လက်ရှိမှာ ဖျက်ဆီးခံခဲ့ရတဲ့ မယ်တော်ရုပ်တုကို ပြန်လည်ပြင်ဆင်ဖို့အစီအစဉ်မရှိသေးဘဲ သက်သေ အထောက်အထားအဖြစ်ထားရှိသွားမှာဖြစ်တယ်လို့လည်း ခွန်းတင်နုက ပြောပါတယ်။

မယ်တော်ရုပ်ထုတည်ထားရာ ပတ်ဝန်းကျင်မှာ ပြည်သူ့စစ် ဖြစ်တဲ့ ပအိုးဝ် လက်နက်ကိုင် တပ်ဖွဲ့ PAO ကနေ တပ်စုတခု ချကာ နေရာယူထားတာရှိတယ်လို့ ခွန်းတင်နုကပြောပါတယ်။

“စွပ်စွဲတာတော့မဟုတ်ဘူးပေါ့နော် အဲ့ဒီမှာ ထိုင်နေတာကတော့ ဗိုလ်ကျော်လွင်ဦးဆောင်တဲ့တပ်စုတစ်စုဘဲရှိပါတယ်၊ အရင်က ဒီဟာနဲ့ပတ်သက်ပြီး ပြသနာဖြစ်ဖူးတာတော့ရှိတာပေါ့နော်၊ ဒီနယ်မြေ ကိစ္စတွေပေါ့၊ အရင်က ဒီမယ်တော်ဂူတည်တုန်းက သူတို့ကဘဲအမျိုးမျိုးနှောင့်ယှက်ခဲ့တဲ့အတွေ့အကြုံလည်းရှိတာပေါ့” လို့ပြောပါတယ်။

အခုလိုမယ်တော်ရုပ်ထုကို ဖျက်ဆီးလိုက်တာဟာ ကက်သလစ်ဘာသာဝင်တွေရဲ့ ဘာသာရေး သက်ဝင် ယုံကြည်ကို စော်ကားတဲ့သဘောသက်ရောက် တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အမြန်ဆုံးပြေလည်အောင် ဖြေရှင်းဖို့ လိုတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး မူလားကော်ရီးတင် ကပြောပါတယ်။

“ အခုခေတ်မှာက လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကို လူအများကသိလာပြီ၊ အခုလိုရုပ်ထုကိုဖျက်ဆီးလိုက်တာက အခြားဘာသာဝင်တွေရဲ့ယုံကြည်မှုကိုစော်ကားလိုက်တာဘဲ၊ အခုလိုလုပ်တာ ဘာရည်ရွယ်ချက်နဲ့လဲတော့မသိဘူးပေါ့နော်၊ သက်ဆိုင်ရာတာဝန်ရှိသူတွေ ဒီကိစ္စကို အမြန်ဆုံးပြေလည်အောင်ဖြေရှင်းပေးစေချင်တယ်လို့ကျမတစ်ယောက်အနေနဲ့ပြောချင်တယ်ပေါ့နော်” လို့ပြောပါတယ်။

မယ်တော်ရုပ်ထုဖျက်ဆီးခံရတဲ့ အပေါ် ကယန်းအမျိုးသားညီညွတ်ရေး ကနေ လိုအပ်တဲ့ ထုတ်ပြန်ကြေညာချက်တွေကို ထုတ်ပြန်ထားပြီး သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေကို ပေးပို့ ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

မယ်တော်ရုပ်တုဖျက်ဆီးခံခဲ့ရပေမဲ့လည်း အခုလ ဇန်နဝါရီ ၂၃၊ ၂၄ ရက်နေ့ မှာ မစ္ဆားတရားပွဲတော်ကို ဖြစ်မြောက်အောင်ကျင်းပသွားနိုင်ခဲ့ပြီး ပွဲတော်အတွင်း ပြသနာများမဖြစ်ပွားအောင် ထိန်းသိမ်းနိုင်ခဲ့ပြီး ဖယ်ခုံ၊ ပင်လောင်းမြို့နယ်က ကက်သလစ်ဘာသာဝင် တစ်ထောင်ဝန်းကျင်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

ပင်လောင်းမြို့ နယ် ဘန့်ဘားကျေးရွာအုပ်စု တတန်ကူးကျေးရွာဟာ ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းတည်ရှိနေတာဖြစ်ပြီး ကယန်းလူမျိုးများ လူနည်းစုအနေဖြင့်နေထိုင်နေကြကြောင်းသိရပါတယ်။

spot_img
spot_img

Recent posts