spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

“မိသားစုအနာဂါတ်ကိုရင်းပြီး အာဏာရှင်စနစ်ကိုတွန်းလှန်တဲ့ အိမ်ထောင်ရှင်မ”

“ကိုယ့်အနာဂတ်က ဒါတွေပြီးမှ စဉ်းစားလို့ရမယ်။ အခုဒီတိုက်ပွဲမှာ ကိုယ်ရှင်မလားသေမလား မသိဘူး။ လက်ရှိမှာပဲ အကောင်းဆုံးဖြစ်အောင်နေတယ် ”

(ကန္တာရဝတီတိုင်း(မ်))

“ကိုယ့်အနာဂတ်က ဒါတွေပြီးမှ စဉ်းစားလို့ရမယ်။ အခုဒီတိုက်ပွဲမှာ ကိုယ်ရှင်မလားသေမလား မသိဘူး။ လက်ရှိမှာပဲ အကောင်းဆုံးဖြစ်အောင်နေတယ် ” လို့ ပြောလာသူက အသက် ၂၃ နှစ်သာ ရှိသေးတဲ့ အိမ်ထောင်ရှင်မ မသိမ့် ဖြစ်ပါတယ်။

မသိမ့်နဲ့ သူရဲ့ခင်ပွန်းတို့ဟာ ကယားပြည်နယ် (ကရင်နီပြည်နယ်) အတွင်းရှိ လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကရင်နီဒီမိုကရက်တစ်တပ်ဦး- Karenni Democratic Front (KDF) မှာ တာဝန်ထမ်းဆောင်ရင်း အာဏာရှင် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ဖို့ တိုက်ပွဲဝင်နေကြသူတွေပဲ ဖြစ်ပါတယ်။

စစ်တပ်က တိုင်းပြည်ရဲ့အာဏာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ သိမ်းယူလိုက်ပြီးတဲ့နောက် အာဏာရှင် စနစ်ကို လက်မခံနိုင်တဲ့ မသိမ့်တို့ဇနီးမောင်နှံဟာ အာဏာသိမ်းစစ်ကောင်စီကို အဆုံးစွန်ထိ တော်လှန်သွားဖို့ အရာရာကို စွန်လွှတ်ထားပစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 KDF ဘက်တံဆိပ်တွေပါတဲ့ ပြောက်ကျားဝတ်စုံယူနီဖောင်းနဲ့ ပြောက်ကျားဦးထုတ်ကို ဆောင်းထားတဲ့ မသိမ့်က ရှာမရနိုင်တော့တဲ့ သူတို့ဇနီးမောင်နှံရဲ့ အနာဂါတ်အကြောင်းကို ကြေကွဲစွာ ပြောဆိုနေတာပါ။

မသိမ့်တို့ဇနီးမောင်နှံဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီးနောက် လက်နက်ကိုင် တော်လှန်ရေးလမ်းကြောင်းကိုလျှောက်ဖို့ မိသားစုနဲ့ဝေးရာကို ထွက်ခွာလာခဲ့တာက နှစ်ချီကြာလာပြီလို့ သူက ဆက်ပြောပါတယ်။

ကရင်နီဒီမိုကရက်တစ်တပ်ဦး- Karenni Democratic Front (KDF) ဟာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ သပိတ်ကနေ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းကို ရွေးချယ်ဖို့ ဖွဲ့စည်းခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

KDF အဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စည်းမျဉ်းစည်းကမ်း လမ်းစဉ်အတိုင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ထောက်တိုင်တွေနဲ့ ယန္တရားတွေကို ရိုက်ချိုးဖို့ မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေကို လှုပ်ရှားနေတဲ့အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူ့တွေရဲ့အိုးအိမ်တွေကို ဖျက်ဆီးတဲ့အပြင် နယ်မြေအတွင်း ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို တော်လှန်ရာ မှာလည်း KDF အဖွဲ့ဟာ ကရင်နီပြည်နယ်အတွင်းရှိ အခြားတော်လှန်ရေးတပ်ဖွဲ့များနဲ့ ပူးပေါင်း၍လည်း ရှေ့တန်းစစ်မြေမှာ တိုက်ပွဲဝင်လျက်ရှိပါတယ်။

မသိမ့်နဲ့မောင်ပိန် (အမည်လွှဲ) တို့ဟာ ၂၀၁၈ ခုနှစ်မှာ လက်ထပ်ထိမ်းမြား အိမ်ထောင်တခုတည်ထောင် ခဲ့ကြတာဖြစ်လို့ အခုဆိုရင် သူတို့နှစ်ဦးရဲ့ အိမ်ထောင်သက်က ၄ နှစ် ရှိပြီလို့ မသိမ့်က ပြောပါတယ်။

မသိမ့်ရဲ့ဇာတိက ပြည်တွင်းတစ်နေရာဖြစ်ပြီး ခင်ပွန်းဖြစ်တဲ့ မောင်ပိန်ကတော့ ကယားပြည်နယ် လွိုင်ကော်ဇာတိ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ခင်ပွန်းဖြစ်သူ မောင်ပိန်ဟာ စက်မှုအင်ဂျင်နီယာတပ်ကနေ CDM ပြုလုပ်ထားသူဖြစ်ပြီး စက်မှုအင်ဂျင်နီယာ သင်တန်းကို မိဘတွေရဲ့ သဘောဆန္ဒအရ တက်ရောက်ခဲ့တာလို့ မသိမ့်က ပြောပြပါတယ်။

မသိမ့်က သူဖြစ်ချင်ခဲ့ဖူးတဲ့ သူ့ရဲ့အတိတ်ကို အခုလိုပြောပြတာက “ ကိုယ်ကအိမ်ဆိုင်ဖွင့် သူက အပြင်ထွက် အလုပ်လုပ်ပေါ့။ ပြီးတော့ နှစ်ယောက်အတူတူ အေးအေးချမ်းချမ်းနဲ့ပဲ နေမယ်။ အဲလို စိတ်ကူးထားတယ်ပေါ့” လို့ ဆိုပါတယ်။

တိုင်းပြည်အာဏာကို စစ်တပ်သိမ်းယူတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ခင်ပွန်းဖြစ်သူမောင်ပိန်ဟာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကို တက်ရောက်နေရချိန်လို့ မသိမ့်က ဆိုပါတယ်။

“ကိုယ်တိုင်က သင်တန်းသွားတက်နေရတဲ့အချိန်မှာတောင် တော်လှန်ရေးလုပ်ဖို့ သူ့မိဘတွေဆီ (လွိုင်ကော်) ကို ပြန်တယ်။ သူကိုယ်တိုင် ဆန္ဒပြလှုပ်ရှားမှုထဲမှာ ပါတယ်။ သူ ဆန္ဒပြခဲ့တယ်”

“ကိုယ်တိုင်က သင်တန်းသွားတက်နေရတဲ့အချိန်မှာတောင် တော်လှန်ရေးလုပ်ဖို့ သူ့မိဘတွေဆီ (လွိုင်ကော်) ကို ပြန်တယ်။ သူကိုယ်တိုင် ဆန္ဒပြလှုပ်ရှားမှုထဲမှာ ပါတယ်။ သူ ဆန္ဒပြခဲ့တယ်” လို့ မသိမ့်က ပြောပြပါတယ်။

 မသိမ့်ဟာ ခင်ပွန်းဖြစ်သူနဲ့အတူ စစ်အာဏာရှင်ကို တော်လှန်ရေးမှာ ပါဝင်ဖို့ သူရဲ့မိသားစုက ခွင့်မပြုတဲ့ကြား ရုန်းထွက်ပြီး ခင်ပွန်းရှိရာဆီကို လိုက်လာခဲ့တာ ကရင်နီပြည်ကိုရောက်ဖို့ လမ်းခရီးမှာ သုံးရက်ကြာအောင် ကားစီးခဲ့ရတယ်လို့ ဆိုပါတယ်။

 ခင်ပွန်းရဲ့မွေးရပ်မြေကို ရောက်ရှိချိန်မှာလည်း မောင်ပိန်က သူ့ဆန္ဒကို ပိတ်ပင်တားမြစ်တာ မလုပ်တဲ့အပြင် ကျန်နေခဲ့တဲ့ မသိမ့်ရဲ့မိဘတွေ အခက်အခဲကြုံရမှာကို စိုးရိမ်ပြီး မိသားစုနဲ့အဆက်အသွယ် ဖြတ်တောက် စေခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မသိမ့်က “ကျနော် ဒီကိုလိုက်လာမယ်ဆိုတော့လည်း ပိတ်ပင်တာ မရှိဘူး။ အားပေးစကားတွေ ပြောတယ်။ ကျနော် အခက်အခဲတွေကြုံတိုင်း အဆင်မပြေမှုတွေ ကြုံတိုင်းမှာ သူက ကျနော့်ကိုနားလည်ပေးပြီးတော့မှ အားပေးကူညီတယ်၊ ဖေးမကူညီတယ်” လို့ ခင်ပွန်းဖြစ်သူရဲ့ ပြည့်ဝတဲ့ချစ်ခြင်းမေတ္တာ၊ နားလည်မှုတွေကြောင့် ခွန်အားရှိနေပုံကို ပြောပြပါတယ်။

လက်ရှိမှာတော့ မသိမ့်နဲ့မောင်ပိန်တို့ဇနီးမောင်နှံဟာ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) မှာ အတူတူ တာဝန်ထမ်းဆောင်ရင်း စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင် နေကြပါတယ်။

လက်နက်ကိုင်တော်လှန်ရေးလမ်းကို ရွေးချယ်လျှောက်လှမ်းခဲ့သူ မသိမ့်တစ်ယောက် အမျိုးသမီးစစ်သည် တစ်ယောက်အနေနဲ့ တိုက်ပွဲထွက်ရတာ မရှိပေမယ့် စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ရတာ ရှိတယ်လို့ ဆိုပါတယ်။

ဒီအတွေ့အကြုံနဲ့ ပတ်သတ်ပြီး “တိုက်ပွဲတော့ မထွက်ရဘူး။ ရှေ့တန်းမှာ ကျည်ပို့လက်နက်ပို့ ထောက်ပို့တာတော့ ရှိတာပေါ့။ အခုတော့ သူနဲ့အတူတူ အလုပ်လိုက်လုပ်၊ သူမရှိရင်ကျမကပဲ ဦးဆောင်တယ်” လို့ မသိမ့်က KDF အဖွဲ့မှာ သူ ထမ်းဆောင်နေရတဲ့ တာဝန်၊ အတွေ့အကြုံကို ပြောပြတာပါ။

မသိမ့်နဲ့မောင်ပိန်တို့ဇနီးမောင်နှံဟာ သူတို့အနာဂါတ်မှာ ဘာဖြစ်မယ်၊ ဘာလုပ်ကြမယ်လို့ စိတ်ကူးနေတာထက် စစ်အာဏာရှင်ကို တွန်းလှန်ဖို့ အစွမ်းကုန် ပါဝင်ရင်း လက်ရှိအချိန် တွေ့ကြုံနေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှု မှန်သမျှကို အတူလက်တွဲ အံတုပြီး အကောင်းဆုံးဖြစ်အောင် ရှင်သန်နေကြတယ်လို့ ဆိုပါတယ်။

 မသိမ့်တို့ဇနီးမောင်နှံလို မိမိတို့ရဲ့အနာဂါတ်၊ မိမိတို့ရဲ့ပိုင်ဆိုင်မှု၊ မိသားစု ဆွေမျိုးသားချင်းနဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်အားလုံးကို စွန့်လွတ်ပြီး လက်နက်ကိုင်အဖွဲ့တွေမှာ ဝင်ရောက်ပြီး တိုက်ပွဲဝင်နေသူတွေ နိုင်ငံအနှံအပြားမှာ ရှိနေပါတယ်။

သူတို့တွေ ရည်မှန်းတိုက်ပွဲဝင်နေကြတဲ့ “ အာဏာရှင်စနစ်တော်လှန်ရေး အောင်ပွဲခံဖို့ အချိန်က နီးလာပါပြီလား…အနာဂတ်အိမ်မက်တွေကိုရော ပြန်ပိုင်ဆိုင်ခွင့်ရချိန် နီးလာပြီလား…” အသက် ၂၃ နှစ်သာ ရှိသေးတဲ့ အိမ်ထောင်ရှင်မ မသိမ့်ရဲ့အဖြေက “ ဒီတော်လှန်ရေးမပြီးမခြင်း မစဉ်းစားဘူး” လို့ ဆိုပါတယ်။

spot_img
spot_img