မိုးနည်းတဲ့အတွက် နှမ်းစိုက်တောင်သူတွေ မျိုးစေ့သုံးခါပြန်ကြဲရ၊ အပင်မသန်တာ ကြုံတွေ့နေရဟုဆို

0
4623
ဘောလခဲ ဒေသခံ တောင်သူတစ်ဦးမှ တောင်ယာ လုပ်ကိုင်နေပုံ။

ကန္တာရဝတီတိုင်း(မ်)

ဒီနှစ် စိုက်ပျိုးရာသီမှာ ရာသီဥတုဖောက်ပြန်တာတွေ မိုးနည်းတာတွေကြောင့် နှမ်းစိုက်တောင်သူတွေအနေနဲ့ မျိုးစေ့နှစ်ခါ၊ သုံးခါ ပြန်ကြဲနေရပေမယ့် အပင်မသန်တာတွေ ကြုံတွေ့နေရတယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။

“ ပထမတစ်ခါ ကြဲတယ်။ မပေါက်ဘူး။ ဒုတိယတစ်ခါကြဲတယ်။ မပေါက်ဘူး။ နောက်တစ်ခါထပ်ကြဲတယ်။ မပေါက်ဘူး။ ဒီတစ်ခါနဲ့ဆိုရင် သုံးကြိမ်ရှိပြီ။ နှမ်းမျိုးစေ့လည်း မရှိတော့ဘူး။ ဝယ်မယ်ဆိုရင်လည်း စျေးကြီးတယ်။ မဝယ်နိုင်ဘူး။ “ လို့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းက နှမ်းစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။

များသောအားဖြင့် နှမ်းစိုက်ပျိုးခြင်းကို မေလ အကုန် ဇွန်လ ပထမပတ်တွေမှာ ကြဲလေ့ရှိကြပြီး ၃လနေရင် နှမ်း ခုတ်ကြပါတယ်။ စပါးစိုက်ရင် တွက်ခြေမကိုက်တဲ့အတွက် နှမ်းစိုက်ကြပြီး ဆန်ပြန်ဝယ်စားရတယ်လို့ တောင်သူတွေက ပြောဆိုပါတယ်။

လက်ရှိစိုက်ပျိုးထားတဲ့ နှမ်းစိုက်ခင်းမှာ တချို့ ပေါက်လာတဲ့ အပင်တွေ ရှိပေမယ့် အပင်ရဲ့ ပင်စည်မှာ အမဲရောင်ပုတ်သွားပြီး အပင်လှဲတာ၊ အပင်မသန်တာ ဖြစ်နေတယ်လို့ တောင်သူတစ်ဦးကလည်း ပြောပြပါတယ်။

“ မိုးသိပ်မရွာတော့ မပေါက်ဘူးလေ။ တစ်ခါတစ်ခါပဲရွာတယ်။ ပြီးတော့ မိုးကြီးရွာတာမျိုးမဟုတ်ပဲ မိုးဖွဲတယ်။ အဲ့လောက်ပဲ။ အပင်မပေါက်နိုင်ဘူးလေ။ နောက်ပြီးတော့ အပင်က ရေနည်းနည်းရတယ် အဲ့လိုမျိုးဖြစ်တော့ ပုတ်သွားတယ်။ အဲ့လိုဖြစ်တယ်။ ပေါက်နိုင်တဲ့အပင်တွေကလည်း သူ့ပင်စည်က ပုတ်သွားပြီး သူဘာသာသူသေသွားတယ် အဲ့လိုမျိုးဖြစ်တယ်။ “ လို့ တောင်သူတစ်ဦးက ဆိုပါတယ်။

ယခင်နှစ်တွေမှာ နှစ်ခါပြန်ကြဲတာတွေ မရှိပေမယ့် ဒီနှစ်မှာတော့ ရာသီဥတုအခက်အခဲကြောင့် နှစ်ခါ ပြန်ကြဲရတာတွေလည်း ရှိတယ်လို့ ဘောလခဲမြို့မှာနေထိုင်တဲ့ ဒေသခံ နှမ်းစိုက်တောင်သူတစ်ဦး ကပြောပါတယ်။

“ မျိုးစေ့က နှစ်ခါ ကြဲ ရလဲဆိုတော့ ဒီဖက်ရာသီပေါ့နော။ ဒီနှစ်ကတော့ များသောအားဖြင့် ရာသီဥတု ပုံမှန် မဖြစ်ခြင်းကြောင့်ပေါ့နော။ ကျနော်တို့ မျိုးစေ့ ၂ခါ ၃ခါ အဲ့လို ကြဲရတာတွေ ရှိတယ်ပေါ့။ ရာသီဥတု မကောင်းဘူးပေါ့ ပြောရမယ်ဆိုရင်။ “ လို့ ဘောလခဲ ဒေသခံ နှမ်းစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။

နိုင်ငံရေးအခြေအနေမကောင်းတဲ့အတွက် စိုက်ပျိုးရေးကိုသာ မှီခိုအားထားရတဲ့ ဒေသခံတောင်သူတွေအဖို့ စိုက်ပျိုးရေးကောင်းမွန်စွာ မလုပ်ကိုင်နိုင်သလို အခုလို ရာသီဥတုကြောင့်လည်း တောင်သူတွေအနေနဲ့ လုပ်ကိုင်စားသောက်ဖို့ အခက်ခဲ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

ဘောလခဲမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ဒေသခံတောင်သူတွေအနေနဲ့ တောင်ယာလုပ်နေစဉ်အတွင်း လက်နက်ကြီးကျရောက်မှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

“ လုပ်ငန်းသွားလာမှုပိုင်းပေါ့နော။ နှမ်းစိုက် တောင်သူတွေအများဆုံး ရှိတယ်။ နှမ်းစိုက်တောင်သူတွေ သွားရ လာရတာ နည်းနည်း အခက်ခဲ ဖြစ်တာပေါ့။ တောထဲသွားရင်လည်း အချိန်အကန့်အသတ်မရှိဘူး။ ဘယ်အချိန် ပစ်မလဲ ဘယ်အချိန်ကွဲမလဲ တောင်ယာလည်း ဧကပြည့်အောင် မလုပ်နိုင်ကြတော့ဘူးပေါ့နော တောင်သူတွေက။ “ လို့ ဘောလခဲဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ငွေကြေး အခက်ခဲကြောင့် နေ့ စားခေါ်တာတွေ လည်း သိပ်မရှိတော့ဘူးလို့ ဆိုကြပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်အတွင်း တောင်ယာလုပ်ငန်း၊ စိုက်ပျိုးရေး အဓိကထားလုပ်ကိုင်ကြတဲ့ ဒီးမော့ဆို၊ ဖရူဆိုနယ်က ဒေသခံပြည်သူအများစုဟာ တိုက်ပွဲဖြစ်ပွားမှုကြောင့် လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိကြသေးပါဘူး။

လွိုင်ကော်မြို့ရှိ တောင်ယာ၊ လယ်ယာလုပ်ငန်းလုပ်ကိုင်ကြတဲ့ ဒေသခံတွေဟာလည်း စစ်ကောင်စီတပ်အနီးတစ်ဝိုက်မှာ နေထိုင်ကြတာဖြစ်တဲ့အတွက် တိုက်ပွဲဖြစ်ပွားမှာ၊ လက်နက်ကြီးကျရောက်မှာကို စိုးရိမ်တဲ့အတွက် ရာသီသီးနှံကို မစိုက်ပျိုးရဲကြဘူးလို့ ဆိုပါတယ်။

လက်ရှိတစ်ပိုင်တစ်နိုင် စိုက်ပျိုးနေကြတဲ့ တောင်သူတချို့ ဆိုရင်လည်း ရာသီဥတုကြောင့် အခက်ခဲ ကြုံတွေ့ နေကြရတာတွေလည်း ရှိနေတာဖြစ်ပါတယ်။