spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ယနေ့ တစ်နေကုန် တိုက်ပွဲဖြစ်ပွား၊ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲမြို့ထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ ယနေ့ (ဇွန်လ ၅ရက်) နံနက် (၁၀)နာရီခွဲအချိန်မှစပြီး တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ကြပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက် အနည်းဆုံး ( ၁၀ )ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့သလို ပူးပေါင်းတပ်ဖွဲ့ဖက်လည်း (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် က ဒီကနေ့(ဇွန်လ ၅ရက်) ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နေပြီးတော့ လက်နက်ကြီး အကြိမ် (၁၀၀)ဝန်းကျင် ပစ်ခတ်မှုတွေလည်း လုပ်ဆောင်ခဲ့ပြီး လက်နက်ကြီးကြောင့် အသက် (၁၀)နှစ်အောက် ကလေးငယ် ယောင်္ကျားလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယမန်နေ့ည (ဇွန်လ ၄ရက်) မှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် မိုးဗြဲမြို့ပေါ် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မိုးဗြဲမြို့တွင်းက နေအိမ် ၂လုံးလည်း မီးလောင်ပျက်စီးခဲ့ပြီး တခြားထိခိုက်ပျက်စီးတဲ့နေအိမ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာတော့ အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF B-01)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03) ၊မြို့ပြတော်လှန်ရေးတပ်ဦး (URF)တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ လွိုင်ကော်-ပင်လောင်း လမ်းမကြီးကို အသုံးမပြုသေးဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ရက်မှာလည်း မိုးဗြဲမြို့ ညောင်ဝိုင်း နဲ့ ပေါ်ဦး ရပ်ကွက် တွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကနေ လေယာဉ်နဲ့ ၈ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မိုးဗြဲမြို့မှာဆိုရင် မေလ နောက်ဆုံးပတ်ကနေစပြီးတော့ စစ်ကောင်စီဖက်ကနေ လက်နက်ကြီး (သို့မဟုတ်) လေကြောင်း ပစ်ခတ်မှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေတာရှိတယ်လို့ ပူးပေါင်းတပ်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts