spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

မိုးဗြဲမြို့ပေါ် တစ်နေရာ မနက်ပိုင်း ထိတွေ့တိုက်ပွဲဖြစ်၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုရှိ

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (ဇူလိုင် ၁၈ရက်) မနက်ပိုင်း မိုးဗြဲ မြို့တွင်း တစ်နေရာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဖက်က လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် နေအိမ်တစ်လုံးမီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မနက် ၇ နာရီခွဲဝန်းကျင်အချိန်လောက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် စည်ကား (၁)ရပ်ကွက်က နေအိမ်တစ်လုံး ထိမှန်မီးလောင်ခဲ့တာကြောင့် ဒေသခံတွေနဲ့ပူးပေါင်းပြီး မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မိုးဗြဲမြို့က ကယ်ဆယ်ရေးနဲ့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့ (MBRT) အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“ ကျမတို့ ကြားသိသလောက်ကတော့ ၃၊ ၄လုံးလောက် ပစ်တယ်။ နောက်ပြီးတော့ နေအိမ်တစ်လုံး လာထိမှန်ပြီးတော့ မီးလောင်သွားတယ်။ စည်ကား (၁) ရပ်ကွက် က ပြည်သူနေအိမ်တစ်လုံးကို လက်နက်ကြီး လာထိမှန်ပြီးတော့ မီးလောင်သွားတယ်။ ကျမတို့ အဖွဲ့သားထဲကနေပြီးတော့ မီးသွား ငြိမ်းလိုက်တယ်။ “ လို့ သူက ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်ဒဏ်ရာရရှိပါက Mobye Rescue Team ကို ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း ထုတ်ပြန်ထားတာရှိပါတယ်။

ပစ်ခတ်မှုတွေကြောင့် အနီးအနားက ဒေသခံတွေအနေနဲ့ လုံခြုံရာနေရာနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်တိမ်းရှောင်ခဲ့တယ်လို့ သိရပါတယ်။

“ တချို့ ရပ်ကွက်တွေ တိမ်းရှောင်ရတာရှိတယ်။ တချို့ ရပ်ကွက်ကျတော့လည်း အနီးအနား ဘုန်းကြီးကျောင်းတွေမှာ သွားတိမ်းရှောင်တာတွေ ရှိတယ်။ “ လို့ မိုးဗြဲ ဒေသခံ တစ်ဦး က ပြောပါတယ်။

မနက် (၂) နာရီ အချိန် မိုးဗြဲမြို့ ၊ မားသားဝေါလ်အနီး၊ ကားရေဆေးစင် နဲ့ ဘုရားကျောင်း မှာ စစ်ကောင်စီ လှုပ်ရှားမှုတွေ ရှိနေတာဖြစ်ပြီး ပြည်သူလူထုတွေအနေနဲ့ မြို့တွင်းသွားလာတာတွေ မပြုလုပ်ဖို့ မိုးဗြဲ PDFက ဒီကနေ့မနက်ပိုင်းအစောပိုင်းမှာ သတိပေး ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေပြောဆိုကြပေမယ့် တိုက်ပွဲဖြစ်ပွားရခြင်းအကြောင်းအရင်း အသေးစိတ်ကိုတော့ မိုးဗြဲ PDFကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အသေးစိတ်ဖြေကြားနိုင်ခြင်း မရှိိသေးဘူးလို့ဖြေကြားခဲ့ပါတယ်။

ဒီကနေ့ မနက် အစောပိုင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အတော်အတန်ကြာ ပြန်လည် ငြိမ်သက်ခဲ့ပြီး နေ့ခင်းပိုင်းမှာ စစ်ကောင်စီဖက်က လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဓိကလမ်းမကြီးဖြစ်တဲ့ မိုးဗြဲမြို့- ဖယ်ခုံမြို့တစ်လျှောက်မှာ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားမှုကြောင့် ခရီးသွားပြည်သူတွေ ကားလမ်းပိတ်မှုဖြစ်ပွားခဲ့တာလည်းရှိပါတယ်။ ဒါ့အပြင် ရွာအတွင်းတပ်စွဲမှု၊ တိုက်ပွဲတွေကြောင့် မိုးဗြဲ၊ ဖယ်ခုံ​ အနီးတစ်ဝိုက်က ဒေသခံအများအပြားဟာ လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

spot_img
spot_img